သုံးရလွယ်ကူစေသည့် Link များ

ဝါရင့်နိုင်ငံရေးသမားများ တိုင်းပြည်အခြေအနေကောင်း မျှော်လင့်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ပြဿနာကို အတူတကွ ဖြေရှင်းဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တွေဆုံခွင့် တောင်းထားတာကို လိုက်လျောဖို့ စစ်အစိုးရကို ၀ါရင့် နိုင်ငံရေးသမားကြီးတွေက တောင်းဆို လိုက်ပြီး၊ မြန်မာစစ်အစိုးရအနေနဲ့လည်း အဲန်အယ်လ်ဒီ၊ တိုင်းရင်သားအဖွဲ့တွေနဲ့ နိုင်ငံတကာက လက်မခံရင် ရွေးကောက်ပွဲ လုပ်ဖို့ ဆိုတာ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မအေးမာက အကြောင်းစုံကို တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရမှာလည်း အကျပ်အတည်းတွေ ကြုံတွေ့နေတာကြောင့် တိုင်းပြည်ရဲ့ လိုအပ်ချက်အရ မဖြစ်မနေလုပ်ဖို့ အလားအလာ ရှိနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး အသက် ၈၆ နှစ်အရွယ် ရွှေတောင် ဦးအုန်းမောင် က အခုလို ပြောပြပါတယ်။

"တချို့ကလည်း တရုတ်ကလည်း သိတဲ့အတိုင်းပဲလေ။ ဘာပဲပြောပြော အရင်ကလောက် ကျပ်ပြည့်တင်းပြည့် ထောက်ခံတဲ့ သဘော မရှိတော့ဘူးလေ။ ဒါကြောင့်မိုလို့လည်း ကျနော့်အမြင်ကတော့ တရုတ်ကို အားမကိုးရလို့၊ အမေရိကန်ကို သူတို့ ချဉ်းကပ်တယ်လို့ ကျနော်ကတော့ ဒီလိုလည်း မြင်တယ်ပေါ့လေ။ ရွေးကောက်ပွဲကလည်း ဒီအတိုင်း တဘက်သတ် လုပ်လို့ မဖြစ်ဘူး။ တိုင်းရင်းသားတွေကလည်း မ၀င်ဘူး။ အဲန်အယ်လ်ဒီ ကလည်း မ၀င်နိုင်ဘူး၊ မ၀င်ဘူးဆိုရင် ကျနော့်အမြင်က တော့ ဒီရွေးကောက်ပွဲဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။ ဒါကြောင့်မိုလို့ သူတို့ လုပ်ဖို့အလားအလာဟာ သိပ်နည်းသွားပြီလို့ ကျနော် ထင်တယ်လေ။"

တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုး မျှော်မှန်းပြီးတောင်းဆိုနေတဲ့ ၀ါရင့်နိုင်ငံရေး သမားကြီးတွေဟာ တချိန်က တိုင်းပြည်မှာလွတ်လပ်ရေး ရဖို့ ကြိုးစားခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ အစိုးရ ဘက်က လိုက်လျောတဲ့ အနေအထားတွေကို တွေ့မြင်ရတာကြောင့် အခုလို စာပေးပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

"ဒီလိုအခြေအနေမျိုးမှာ သူတို့မှာ သိပ် အကျပ်အတည်းတွေ့နေတဲ့ နိုင်ငံတကာရော၊ ပြည်တွင်းရေး အကျပ်အတည်း တွေ့နေ တဲ့အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့အထိပေါ့လေ၊ ဒီလို ကမ်းလှမ်းလိုက်တဲ့အပေါ်မှာ ပထမအဆင့်အနေနဲ့က တုံ့ပြန်တယ်။ တုံ့ပြန်တယ်ဆိုတာက စာနဲ့မဟုတ်ဘူး။ သူက လက်တွေ့၊ ပစိဖိတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လာတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပေးလိုက်တယ်။ အဲန်အယ်လ်ဒီ စီအီးစီနဲ့လည်း တွေ့ပေးလိုက်တယ် ဆိုတာတွေဟာ ဒါဟာ ဘာပဲပြောပြောလေ အပြုသဘောဆောင်တာပေါ့။ လိုက်လျော တာပေါ့။ အဲဒါကို သူက ဒုတိယအဆင့် ဒေါ်အောင်ဆန်းစုကြည်က နောက်ဆက်တွဲစာ ၁၁ ရက်နေ့က ထပ်ပို့လိုက်တဲ့ အပေါ် မှာ ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် လုပ်ရက်ကို ကျနော်တို့က ထပ်ပြီးတော့ ထောက်ခံလိုက်ရင် တစုံတရာ သော ရလဒ် ထွက်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်ပေါ့လေ။ သို့သော်လည်း တခု ရှိတာက ဒါဟာ အားလုံး ဒီမိုကရေစီအတွက် စိတ်ချရပြီလို့တော့ ကျနော်တို့ မယူဆပါဘူး။ အလားအလာ၊ ဖြစ်နိုင်ခြေအနေနဲ့ကတော့ သူတို့ကလည်း အပြုသဘော ဆောင်ရွက်လာတဲ့အပေါ်မှာ ကျနော်တို့ကလည်း အပြုသဘောနဲ့ တွန်းတင်တဲ့သဘောပါပဲ။"

ဝါရင့်နိုင်ငံရေးသမားကြီးဟာ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် တောင်းဆိုခဲ့တာဟာ အကြိမ်များစွာ ရှိခဲ့ပြီ ဖြစ်ပါ တယ်။ တိုင်းပြည်တွင်းမှာ ပြည်တွင်းစစ်ကြောင့် ဆင်းရဲမွဲတေမူတွေကို ချုပ်ငြိမ်းလိုတဲ့ စေတနာတွေနဲ့ လူထုတွေရဲ့ အထွေထွေ အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် သူတို့ရဲ့ သဘောထားတွေကို အမြဲတမ်းလိုလို မြန်မာစစ်အစိုးရကို တင်ပြလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG