သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည့်တန်ဆာအချို့ AIDS ရောဂါကြောင့် သေဆုံး


ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ဖန်းငါးမြို့ အခြေစိုက် စေတနာရှင် လူမှုကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကနေ ကယ်တင်ခဲ့တဲ့ အမျိုးသမီး ပြည့်တန်ဆာ ၁၂ဦး ဟာ အိတ်ချ်အိုင်ဗွီ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက အမျိုးသမီး ၂ ဦးဟာ အေအိုင်ဒီအက်စ် ရောဂါနဲ့ နိုင်ဝင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက ဟပ်ယိုင် ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။ကျန်ရှိနေတဲ့ ဝေဒနာရှင် ၁၀ ဦးကတော့ ဆေးရုံမှာပဲ ဆေးဝါးကုသမှု ခံယူနေရပေမယ့်လို့ မျှော်လင့်ချက်ကတော့ မဲ့နေပြီလို့ သိရပါတယ်။ ဒီအခြေအနေကို စုံစမ်းထားတဲ့ စံခလဘူရီ အခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် က တင်ပြထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်ကနေ ထိုင်းနိုင်ငံဘက်ကို အလုပ်ရှာရင်း ပြည့်တန်ဆာရုံမှာ ရောင်းစားခြင်း ခံရတဲ့ အမျိုးသမီး ၂ဦး ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီ အချိန်ကျော်ကျော်မှာ ကွယ်လွန်သွားပြီလို့ ကာယကံရှင်နဲ့ နီးစပ်သူတဦးက ပြော ပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့တုန်းက ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ဖန်းငါး မြို့ အခြေစိုက် စေတနာရှင် လူမှုကာကွယ် စောင့်ရှောက်ရေး အဖွဲ့ကနေ ကယ်တင်ခဲ့တဲ့ အမျိုးသမီး ပြည့်တန်ဆာ ၅၈ ဦးထဲက အမျိုးသမီး ၁၂ ယောက်ဟာ အိတ်ချ်အိုင်ဗွီ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့လို့ ဟပ်ယိုင် ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေစဉ်အတွင်း အခုလို ကွယ်လွန်သွား တာပါ။ ဒီဖြစ်စဉ်ကို ဖန်းငါး ဒေသက စေတနာရှင် လူမှုကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင် ကိုဝင်းပိုင် ကို ဆက်သွယ် မေးမြန်းတော့ အခုလို ပြောပါတယ်။

"မနက်စောစောတုန်းက ၈ နာရီ ၉ နာရီလောက်မှာ ဦးပဉ္ဖင်းတပါးနဲ့ စကားပြောရင်းနဲ့ပဲ အသက်ကုန်သွားတာ။ တချို့ လူ တွေကလည်း စကားတောင် မပြောနိုင်ကြဘူး။ ရောဂါဖြစ်တဲ့ မိန်းကလေး ၁၂ ယောက်ထဲမှာ မိန်းကလေး ၂ယောက် သေသွားပြီ။"

အမျိုးသမီး ကူးသန်းရောင်းဝယ်ရေး ဂိုဏ်းဖွဲ့ထားတဲ့ လူကုန်ကူး ပွဲစားတွေကနေတဆင့် အခြား ပွဲစားတွေကို လက်ဆင့် ကမ်းပြီး ပြည့်တန်ဆာရုံမှာ ရောင်းစားတာ ခံခဲ့ရတယ်လို့ ကိုဝင်းပိုင် က ပြောပါတယ်။

"ဒီအဖွဲ့ထဲမှာ ပွဲစားက တယောက်ကနေ တယောက် လက်ထဲ လွှဲလိုက်တာပေါ့လေ။ ရှမ်းပွဲစားကို အပ်ပေးလိုက်တယ်။ ဒီ ရှမ်းပွဲစားကနေ ဒီထဲက တခါတည်း လှတဲ့မိန်းမလေးတွေကို သူတို့ ယူထားလိုက်တယ်ပေါ့။ သူတို့က ဟိုနေ့ ပို့မယ်၊ ဒီနေ့ ပို့မယ်၊ မနက်ဖြန် ပို့မယ်ဆိုလို့။ သူတို့က လှေတွေကားတွေ လွှဲပြောင်းလိုက်ပြီးတော့ တနေရာမှာ ထားလိုက်တယ်ပေါ့။ ကျနော်တို့ အမျိုးသမီးတွေက နားမလည် မသိတဲ့အခါကျတော့ - အေး သွားမယ်၊ ပို့မယ် ပို့မယ် ဆိုပြီးတော့ လူတွေက သူတို့ကို တနေရာမှာ သွားရောင်းစားတယ်။"

ရောဂါဖြစ်ပွားနေတဲ့ အမျိုးသမီး ၁၂ ယောက်ဟာ ဆေးရုံမှာပဲ ဆေးဝါးကုသနေရပေမဲ့ မျှော်လင့်ချက်မဲ့နေတဲ့ သူတို့ဘဝကို ကြောက်ရွံ့အားငယ်နေကြတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ မွန်အမျိုးသမီးတဦးကို ဆက်သွယ်မေးမြန်းခဲ့ရမှာတော့ မွန်ဘာသာနဲ့ အခုလို ပြောပြပါတယ်။

သူမ ပြောပြတာကတော့ - "ကျမတို့ စုစုပေါင်း ၁၂ ယောက်လောက် ဒီရောဂါ ဖြစ်နေပါတယ်။ မနက်တုန်းကဆိုရင် ကျမတို့ သူငယ်ချင်း ၂ ယောက် ဆုံးသွားရှာတယ်။ အခု ကျမတို့ ၅ ယောက်ပဲ ဒီမှာကျန်နေခဲ့တယ်။ ကျန်တဲ့ ၅ ယောက်ကတော့ ရနောင်းကို ပို့လိုက်တယ်။ တကယ်လို့ သူတို့သာ နေထိုင်ကောင်းရင် ဒီရောဂါ ကုသလို့ရမယ်ဆိုပြီးတော့ ခုနကပဲ ထွက် သွားကြတယ်။ ကျမတို့က ရောဂါ သည်းနေပြီလေ။ ကျမတို့ကလည်း သိပ်ကြာကြာ မနေရတော့ဘူးလေ။ လူကလည်း နေမထိ စားမဝင်၊ ကိုယ်လက်ကိုက်ခဲပြီး နာကျင်နေတယ်။ သေတာထက်တောင် စိုးသေးတယ်၊" - လို့ ပြောခဲ့ပါတယ်။

အဲဒီရောဂါ ဝေဒနာခံစားနေရတဲ့ မိန်းကလေးတွေဟာ နေရပ်ကို ပြန်ချင်ပေမဲ့လည်း မိသားစုရဲ့ ဂုဏ်သိက္ခာ၊ မိမိတို့ရဲ့ အရှက်ကို ငဲ့ပြီး သင့်လျော်တဲ့ ဆေးရုံတခုခုမှာ ဆေးဝါးကုသချင်တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လည်း ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ စံခလဘူရီ အနီးက ကုသိုလ်ဖြစ် ဆေးရုံမှာ ပို့ဆောင်ဖို့ အဆက်အသွယ် ရှာနေတယ်လို့ လူနာနဲ့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။

အခု ထိုင်းနိုင်ငံမှာဆိုရင် အမျိုးသမီးတွေကို ကူးသန်းရောင်းဝယ်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေဟာ ရှေးကထက် ပိုများလာတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည်သူတွေက ဆိုပါတယ်။ ထိုင်းနိုင်ငံ အစိုးရနဲ့ မြန်မာ စစ်အစိုးရတို့ဟာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အတွက် အလုပ်လုပ်ခွင့် ယာယီ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ပေးဖို့ နှစ်နိုင်ငံ သဘောတူညီချက် ရရှိထားပေမဲ့ ဒါကို အကောင်အထည် ဖော်ဖို့ကတော့ အားနည်း နေသေးတဲ့အတွက် လတ်တလော အခြေအနေမှာ လူကုန်ကူး ပွဲစားတွေကိုပဲ အားကိုးနေရတော့ ဒီ လူကုန်ကူးမှု ပြဿနာကို ဖြေရှင်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဦးမယ်လို့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG