သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sale စကားလုံး အီဒီယံ အသုံးအနှုန်းများ


ဒီတပတ် sale စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများမှာ early bird sale, door buster နဲ့ black Friday sale တို့ကို တင်ပြပေးထားပါတယ်။

နိုဝင်္ဘာလ ၂၆ (ကြာသပတေး) ရက်နေ့မှာ အမေရိကန်နိုင်ငံတဝှမ်း Thanksgiving ခေါ် ကျေးဇူးတော်နေ့ကို ကျင်းပဆင်နွှဲကြပါတယ်။ ခရစ်စမတ် (Christmas) အကြို Thanksgiving နေ့မှာ နိုင်ငံသားတွေ လက်ဆောင်တွေ အချင်းချင်းပေးကြပါတယ်။ ဒီ့အတွက် လက်ဆောင်တွေဝယ်ရတဲ့ ဈေးဝယ် ထွက်ရတဲ့ အချိန်ကာလဖြစ်ပါတယ်။

လိုအပ်တဲ့ လက်ဆောင်တွေကို တဆိုင်ဝင် တဆိုင်ထွက် မမောနိုင်မပန်းနိုင် (shop till you drop) ခြေကုန်လက်ပန်းကျတဲ့ အထိ ဈေးဝယ်ကြသူတွေနဲ့ စည်းကားနေပါတယ်။ ဒါကြောင့်လည်း ဒီကာလမှာ ဈေးဆိုင်တွေကလည်း ပစ္စည်းတွေကို ဈေးလျှော့ရောင်းတဲ့ ကြော်ငြာတွေကို သတင်းမီဒီယာတွေကတဆင့် အပြိုင်အဆိုင် ပြုလုပ်ပါတယ်။

အထူးဈေးနှုန်းတွေနဲ့ လျှော့ရောင်းတဲ့ ပထမဦးဆုံး အီဒီယံအသုံးက early bird sale ဖြစ်ပါတယ်။ Early က စောစော၊ Bird က ငှက်၊ Sale က အထူးဈေးနှုန်းနဲ့ရောင်းခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ early bird စောစောထတဲ့ ငှက်ကတော့ The early bird always gets a worm ဆိုတဲ့ အင်္ဂလိပ်စကားပုံမှာ ယူထားတာ ဖြစ်ပါတယ်။ အဓိပါ္ပယ်ကတော့ တီကောင် ရှာစားတဲ့ ငှက်က မနက်စောစောထ ရှာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ တီကောင်အစာကို ရစမြဲလို့ ဆိုလိုပါတယ်။ တနည်းအားဖြင့် ဦးရာလူ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဘယ်နေရာမဆို တန်းစီပြီး စည်းကမ်းတကျ ဝယ်ယူရတာမို့ early bird sale က ဆိုင်ဖွင့်ဖွင့်ချင်း ပထမရောက်ပြီး တန်းစီ စောင့်နေတဲ့ လူတွေက ဒေါ်လာတစ်ရာတန်တဲ့ ပစ္စည်းကို ဒေါ်လာ ငါးဆယ် နဲ့ လျှော့ပြီး ဆိုင်ဖွင့်စ နာရီပိုင်းမှာ ဈေးနှုန်းချိုချိုနဲ့ ရောင်းမယ်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် early bird sale ကို ဦးရာလူဝယ်ခွင့်ရရှိခြင်း လို့ ဆိုပါတယ်။

ဒီလိုမျိုး ဦးရာလူ ဈေးလျှော့ရောင်းတဲ့အကြောင်း ရေဒီယိုက ကြော်ငြာပုံ ဥပမာကို George Crows တင်ပြပေးထားတာကို လေ့လာကြည့်ရအောင်ပါ။

"Tomorrow, Saturday Save, Save, Save, at the early bird sale at Mann's furniture store. Everything is thirty percent off. Doors open at 6, and prices are good until 10 o'clock."

"မနက်ဖြန် စနေနေ့မှာ ဦးရာလူလျှော့ဈေးကို Mann ပရိဘောဂဆိုင်မှာ ရောင်းမှာမို့ ဈေးနှုန်း အထူးသက်သာပါတယ်။ ပစ္စည်းအားလုံးကို သုံးဆယ် ရာခိုင်နှုန်း လျှော့ရောင်းသွားပါမယ်။ ဆိုင်တံခါးကို မနက် ခြောက်နာရီ စဖွင့်ပြီး ဆယ်နာရီအထိ ဒီလျှော့ဈေးနဲ့ ရောင်းချသွားမယ်။"

နောက်ထပ်တင်ပြပေးထားတဲ့ အီဒီယံအသုံးကတော့ door buster ဖြစ်ပါတယ်။ Door (တံခါး၊ ဝင်ပေါက်)၊ Buster (ဖြိုခွင်းသူ၊ ဖောက်ဝင်ခြင်း) ဖြစ်ပါတယ်။ လုံးကောက်အဓိပ္ပါယ်ကတော့ တံခါးကို အတင်းထိုးဖောက်ဝင်တာ ဖြစ်ပါတယ်။ အခုလိုမျိုး ကုန်ပစ္စည်းတွေကို အထူးလျှော့ဈေးနဲ့ ရောင်းချနေချိန်မှာ ဈေးဆိုင်ဖွင့်ချိန် အစောပိုင်းနာရီပိုင်းအတွင်း ရောင်းချတာဖြစ်ပါတယ်။ ဈေးက သက်သာတဲ့အတွက် ဝယ်သူတွေက သူထက်ငါ အလုအယက် တံခါးကို ချိုရိုက်ပြီး ဝင်တော့မဲ့ ပုံစံမျိုးကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

ကုန်တိုက်တတိုက်က ဒီအသုံးနဲ့ ပတ်သက်ပြီး သတင်းစာထဲမှာ ကြော်ငြာထဲ့ထားတာကို ဖတ်လိုက်ရတဲ့ ခင်ပွန်းသည်တဦးက ဇနီးကို ပြန်ပြောဟန်အကြောင်း George Crows ရဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Hey, honey if we are going to that sale, let's go early. One of the door busters they have until 10 o'clock is video tapes at 99 cents! And, I'd like to get at least a dozen."

"ကဲ အချစ်ရေ အဲဒီ လျှော့ဈေးရောင်းတာကို စောစောသွားကြရအောင်။ ဆိုင်တံခါးဖွင့်ဖွင့်ခြင်း ရောင်းမဲ့ လျှော့ဈေးတွေထဲမှာတော့ ဗွီဒီယို အခွေတွေ တခွေကို ၉၉ ပြားနဲ့ ဆယ်နာရီထိ ရောင်းမှာမို့ ကိုယ်တော့ အနည်းဆုံး တဒါဇင်လောက် ဝယ်ထားချင်တယ်။"

နောက်ဆုံးတင်ပြပေးထားတဲ့ အီဒီယံအသုံးကတော့ black Friday sale ဖြစ်ပါတယ်။ Black (အနက်၊အမည်းရောင်)၊ Friday (သောကြာနေ့)။ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ အထူးလျှော့ဈေးနဲ့ ရောင်းပေးတဲ့ အမဲရောင် သောကြာနေ့ လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ (ရုံးပိတ်ရက်) နောက်တရက် သောကြာနေ့မှာ တချို့ရုံးအလုပ်တွေ ရက်ရှည်ဆက်ပိတ်သလို၊ ရုံးမပိတ်သူများကလည်း ခွင့်တွေယူပြီး အထူးလျှော့ဈေးချတဲ့ သောကြာနေ့မှာ ဈေးဝယ်သူတွေ အလုအယက် ဈေးဝယ်ကြပါတယ်။ ဆိုင်တွေကလည်း ဒီရက်ရှည်ရုံးပိတ်ရက်မှာ သူထက်ငါ အပြိုင်အဆိုင် ဈေးလျှော့ချခါ ရောင်းချကြပါတယ်။

Black Friday အသုံးအနှုန်းက စာရင်းကိုင်ပညာမှာ အရောင်းဆိုင်တဆိုင် အနေနဲ့ အရှုံးပြနေရင် မင်နီနဲ့ စာရင်းပိတ်ရတဲ့ အခြေအနေရှိပြီး အမြတ်ပြရင်တော့ မင်အမည်းနဲ့ စာရင်းပိတ်ရပါတယ်။ ဒါကြောင့် Black Friday က အမြတ်တွေ အများကြီးရတဲ့အတွက်ကြောင့် ရောင်းစာရင်းပိတ်တဲ့အခါမှာ မင်အမည်းနဲ့ စာရင်းပိတ်ရကနေ ဆင်းသက်လာတာပါ။ တနည်းအားဖြင့် Black Friday ဟာ ကျေးဇူးတော်နေ့ပြီး နောက်တရက် ရောင်းအားကောင်းတဲ့ အမြတ်တွေ အများကြီးရတဲ့ သောကြာနေ့ ကို ခေါ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Bargain shopppers headed to the nation's stores and malls before sunrise this Black Friday to get specials on everything from toys to wide screen TVs."

"လျှော့ဈေးနဲ့ ပစ္စည်းတွေကို ဝယ်ကြဖို့ နိုင်ငံတဝှမ်းက ဈေးဆိုင်တွေ ကုန်တိုက်ကြီးတွေကို ဒီ ကျေးဇူးတော်နေ့အပြီး သောကြာနေ့မှာ လျှော့ဈေးရှာ ဝယ်သူတွေ က နေမထွက်ခင်ကတည်းက ဆိုင်တွေကို တက်သုတ်ရိုက် ပြေးကြတော့တယ်။ ခလေးကစားစရာ အရုပ်လေးတွေက အစ မြင်ကွင်းကျယ် တီဗွီတွေ အဆုံး အထူးလျှော့ဈေးနဲ့ ဝယ်ယူကြပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG