သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အေအိုင်ဒီအက်စ် ရောဂါသည်နဲ့ ဆေး မမျှသေး


မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်းနဲ့ ကြည့်ရှုစောင့်ရှောက်နိုင်မှုနှုန်း မမျှမတ ဖြစ်နေတဲ့အကြောင်း ရောဂါ ဝေဒနာရှင်တွေကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်နေ့မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

HIV/AIDS ရောဂါ ပပျောက်ရေးအတွက် စစ်အစိုးရ အနေနဲ့ ပြည်တွင်း ပြည်ပက လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့အကြောင်း သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ အကျယ်တဝင့် ရေးသားဖော်ပြနေပေမဲ့ တကယ် ရောဂါကူးစက် နေသူတွေကို လုံလောက်တဲ့ ဆေးဝါးကုသမှု ပေးနိုင်ခြင်း မရှိဘူးလို့ ဝေဒနာရှင်တွေကို နှစ်ရှည်လများ ကြည့်ရှုစောင့်ရှောက်ပေးနေသူ စေတနာ့ဝန်ထမ်း မဖြူဖြူသင်းက ပြောပါတယ်။

“တကယ့် တကယ် ပြောရမယ်ဆိုရင်တော့ ရောဂါဖြစ်ပွားမှုနဲ့ ဆေးဝါးကုသမှု ခံရတဲ့နှုန်းက အများကြီးကို ကွာဟချက် ရှိနေသေးတယ်။ တကယ်တမ်း တိုင်းနဲ့ပြည်နယ် အသီးသီးက လက်လှမ်းမမီတဲ့ ဒေသတွေမှာ ရောဂါဝေဒနာ ခံစားနေရတဲ့သူတွေ တော်တော်များများ နေ့စဉ်နဲ့အမျှ သေဆုံးနေကြရတာတွေလည်း ရှိနေတယ်။ အဲလိုပဲ နေ့စဉ်နဲ့အမျှ မသိဘဲနဲ့ကို၊ ကွန်ဒုံးဆိုတာလည်း မသိဘူး၊ ဘယ်လို ကာကွယ်ရမလဲ ဆိုတာလည်း မသိဘဲနဲ့ ဒီရောဂါ ကူးစက်နေတာတွေလည်း အများကြီးရှိနေတာ တွေ့နေရတုန်းပဲ။

“အခု လက်ရှိအခြေအနေမှာ ဆိုရင် လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် ခုနှစ်နှစ်လောက်က ဝင်ထားတဲ့ ရောဂါတွေက အခုဆိုရင် ARV ဆေးဝါးတွေ လိုအပ်နေတာ တွေ့နေရတယ်။ အဲဒီလိုလူတွေကလည်း ဒီမှာ ARV ဆေးဝါး ရရှိဖို့အတွက် ကြိုးစားတဲ့နေရာမှာ ARV ဆေးဝါး လုံလောက်မှု မရှိဘူး။ ပြီးတော့ ဆေးပေးနိုင်တဲ့ အင်အားက အရမ်းနည်းပြီးတော့ လိုနေတဲ့ အင်အားက များနေတာကို တွေ့ရတယ်။”

မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာ ဝေဘာဂီတို့မှာ HIV ဆေးရုံတွေ သီးသန့်ဖွင့်ထားပေမဲ့လည်း လူနာတွေကို ARV ဆေးပြားတွေ အလုံအလောက် မပေးနိုင်တဲ့အတွက် ကိုယ့်အိတ်ကိုယ်စိုက်ပြီး ဝယ်ယူသုံးစွဲကြရတာက များတယ်လို့ ဆိုပါတယ်။

“အဲဒီမှာ ဘာလုပ်ရလဲဆိုတော့ ဒီရောဂါရှင်တွေက မဖြစ်မနေ ဆေးရုံတက်ရမယ်ဆိုလို့ ဆေးရုံရောက်ပြီဆိုရင် အားလုံးက လူနာရှင်တွေက ကုန်ကျရတာပဲ။ အကုန်လုံး ဆေးရုံက ပေးတာမျိုးတွေ မရှိဘူး။ ပထမပိုင်းတော့ သွေးစစ်တာတွေ ဘာတွေက အလကား ရသေးတယ်။ အခုနောက်ပိုင်းတော့ သွေးစစ်တာတွေကအစ စရိတ်မျှပေးဆိုပြီး တဝက်ခံရတာ ပေးရတာတွေတောင် ရှိတယ်။

“နောက်တခုက ARV ဆေးဝါးတွေကို ဒီဆေးရုံ ၂ ရုံက ပေးနေတာတွေ ရှိပါတယ်။ ဒါပေမဲ့ တော်တော်များများ ကျမတို့ တွေ့ရသလောက်တော့ အနည်းအကျဉ်းပဲ ပေးနိုင်တယ်။ တော်တော်များများ ပေးနိုင်တာကို မတွေ့ရသေးဘူး။ အနည်းအကျဉ်း ဆိုတဲ့နေရာမှာ ရာဂဏန်းလောက်ပေါ့၊ အဲဒါမျိုးတွေ ပေးနေတာတော့ တွေ့ရတယ်။

“တကယ့်တကယ် ပြောရမယ်ဆိုရင်တော့ တခြား NGO ဆေးခန်းတွေပေါ့၊ အခု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ရှိတယ်၊ AZC တို့လို အဲလိုဆေးခန်းတွေကတော့ တော်တော်များများ လူနာတွေကို ပေးထားနိုင်တယ်။ အစိုးရဆေးရုံတွေ အနေနဲ့ကတော့ ပေးတာ သိပ်နည်းပါးနေတာကို တွေ့ရတယ်။”

နယ်ဆေးရုံတွေမှာဆိုလည်း HIV ရောဂါ ရှိတယ်လို့ တွေ့တာနဲ့ ကြည့်ရှုစောင့်ရှောက်ခြင်း မလုပ်တဲ့အပြင် ပြန်လွှတ်လိုက်တာတွေအထိ ရှိတယ်လို့ မဖြူဖြူသင်းက ဆက်ပြောပြပါတယ်။

“ကျမတို့ ဒီမှာ လုပ်ကိုင်ဆောင်ရွက်နေတာတော့ ဒီဒေသတွေပေါ့၊ မန္တလေးတို့ မကွေးတို့ အဲဒီရွာတွေမှာ အစိုးရ ဆေးရုံတွေတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီဆေးရုံတွေက HIV Positive ဆိုရင် ပြန်လွှတ်လိုက်တာပဲ၊ ဘာမှ လုပ်ပေးတာ မရှိဘူးဆိုတော့၊ အဓိက ပြောရမယ်ဆိုရင်တော့ ဒီဆေးရုံ ၂ ရုံပဲရှိတယ်၊ HIV နဲ့ ပတ်သက်ပြီးတော့။”

မဖြူဖြူသင်း ဦးဆောင်တဲ့ စေတနာ့ဝန်ထမ်းတွေဟာ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့နေရာတွေမှာ လူနာတွေကို ရာနဲ့ချီပြီး ညအိပ်ညနေထားပြီး အမြဲတမ်း ကြည့်ရှု စောင့်ရှောက် ပေးနေတာ ဖြစ်ပါတယ်။ အစိုးရက ဖွင့်ထားတဲ့ ဆေးရုံတွေကို သွားပေမဲ့လည်း ကိုယ့်စရိတ်ကိုယ် အကုန်အကျ ခံရတာကြောင့် မတတ်နိုင်တဲ့သူတွေကို ပြန်လွှတ်တယ်လို့ HIV ဝေဒနာရှင်တဦးက ပြောပါတယ်။

“အခု မကြီးဖြူဖြူသင်းဆိုရင် တောင်ဒဂုံအိမ်မှာ လူနာတွေကို ထားတယ်။ ထမင်းကအစ၊ မုန့်ဖိုးကအစ ပေးရတယ်။ တချို့လူနာတွေဆိုရင် ဒီရောဂါရှိလို့ မိဘတွေက စွန့်ပစ်ထားတယ်။ သမီးတို့ဆိုရင်လည်း မိဘ ဆွေမျိုးတွေက စွန့်ပစ်ထားတာ။ မကြီးဖြူဖြူသင်းကပဲ ကျွေးမွေး စောင့်ရှောက်ထားရတယ်။ နေမကောင်းတာက အစ၊ ဆေးထိုးပေးတာ၊ ဆေးသွင်းပေးတာလည်း တောင်ဒဂုံအိမ်မှာ လုပ်ပေးပါတယ်။

“အစိုးရဆေးရုံတွေမှာလည်း သွားပြီးတော့ ကုပါတယ်။ ဒါပေမဲ့ အစိုးရဆေးရုံတွေက ဒီလိုမျိုး မကြီးဖြူဖြူသင်းလို ကုသမှု မပေးဘူး။ သူတို့က ပိုက်ဆံရှိမှပဲ။ ဟိုနေ့က ဝေဘာဂီဆေးရုံက တယောက်ဆိုရင် ဆေးရုံမှာ ပိုက်ဆံမရှိတော့လို့ဆိုပြီး မထားတော့ဘဲနဲ့ ဆင်းလာခဲ့ရတယ်။ အဲဒီလူက ဖားကန့်ကနေ လာတာ။ သူ့မိန်းမဆို တော်တော် အခြေအနေ ဆိုးတယ်။”

အာဏာပိုင်တွေဘက်က ရောဂါပပျောက်ရေးကို အထောက်အကူ ပြုစေတဲ့ ဆေးဝါးတွေကို လုံလုံလောက်လောက် မဖြန့်ပေးနိုင်တာ၊ ပညာပေး လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိတာတွေကြောင့် ရောဂါ ဝေဒနာရှင် အရေအတွက် တိုးပွားမှုနှုန်း မြန်ဆန်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပရဟိတ ဆေးခန်းတွေမှာ နယ်ကနေ ဆေးလာကုကြတဲ့ သူတွေကို အဆောင်တွေမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်လာတဲ့ အတွက်လည်း လူနာတွေအနေနဲ့ ရန်ကုန်မှာ ဆေးလာကုရမှာ စိုးရိမ်ကြောက်လန့် နေကြတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG