သုံးရလွယ်ကူစေသည့် Link များ

ဖွံ့ဖြိုးတိုးတက်မှု နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး


မြန်မာနိုင်ငံမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်လုပ်ကိုင်ဆောင်ရွက်နေတဲ့ ရေကာတာ၊ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ထိခိုက်ပျက်ဆီးဆုံးရှုံးမှုများ ရှိနေကြောင်း ပြောဆိုဝေဖန် ကန့်ကွက်တောင်းဆိုမှုများ ရှိနေပါတယ်။ ဒီအရေးကိစ္စကို ပိုမိုသိရှိနိုင်ဖို့ မြန်မာ့အရေးနဲ့ စိးပွားရေးဆိုင်ရာများကို လေ့လာ သုံးသပ်နေသူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး (အမေရိကန်တက္ကသိုလ်) နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင် ဦးညိုမောင် တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ စီးပွားရေးကို တောက်လျှောက်လေ့လာနေတဲ့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး စ ဆွေးနွေးပါ။ သဘာဝ ပတ်ဝန်ကျင်ကို ငဲ့ပြီးတော့ စီးပွားရေးဖွံ့ဖြိုးရေး လုပ်နေတဲ့ ကိစ္စကို ရပ်ဆိုင်းသင့်ပါသလား။

ဒေါက်တာဇော်ဦး ။ ။ ဒီလို အယူအဆမျိုးကတော့ တဖြည်းဖြည်းနဲ့ ဘယ်ဘက်ကို ပြောင်းလာသလဲဆိုတော့ ဒီသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ကိစ္စဟာ စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်မှုကို မထိခိုက်ဘဲနဲ့ ဆောင်ရွက်နိုင်မယ့် နည်းလမ်းသစ်တွေ ရှိလာတယ်ဆိုပြီးတော့ အခုနောက်ပိုင်းမှာ လက်ခံစဉ်းစားလာကြတာ ဖြစ်ပါတယ်။ ကျနော်တို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် ကတော့ စိမ်ခေါ်မှုတရပ်လို ဖြစ်နေပေမယ်လည်း ဒါကို စနစ်တကျ လုပ်မယ်ဆိုရင် ရေရှည်မှာ စီးပွားရေးအရလည်း တွက်ခြေကိုက်ပြီးတော့ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းမှုဘက်ကပါ အကျိုးရှိတဲ့ လုပ်ငန်းမျိုးတွေ လုပ်ဆောင်လာနိုင်မယ့် အရည်အသွေးတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် ခင်များ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးပညာရှင်တဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် လုပ်တဲနေရာမှာ သဘာဝပတ်ဝန်ကျင်ကို ထိခိုက်တဲ့ အခြေအနေဟာ ဘယ်လောက်ထိ ဘယ်အခြေအနေမျိုး ရှိပါသလဲ။ သိပ်ဆိုးသလား၊ သိပ်မပြောပလောက်တဲ့ အခြေအနေပဲ ရှိပါသလား။ ပတ်ဝန်းကျင် ထိခိုက် ပြုန်းတီးတဲ့ အခြေအနေ။

ဦးညိုမောင် ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ လူမှုဘဝ စီးပွားတိုးတက်ရေး၊ စီးပွားရေးတိုးတက်ရေးတွေကို ဆောင်ရွက်ဖို့ အတွက်ဖို့ ကျနော်တို့ အဓိက လိုအပ်ချက်က လျှပ်စစ်ဖြစ်တယ်။ လျှပ်စစ်ဓါတ်ကို ရရှိဖို့အတွက် မြန်မာနိုင်ငံကိုလည်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ အဲဒီ လျှပ်စစ်ဓါတ်ကလည်း ကျနော်တို့ ကာဘွန်ဒိုင်အောက်ဆိုဒ် (CO2) ကို ထုတ်လွှတ်တဲ့နည်းတွေ မဟုတ်တဲ့ renewable energy လို့ ခေါ်တဲ့ ရေအားလျှပ်စစ်ကို အဓိက ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ အဲဒီ ရေအားလျှပ်စစ်ဓါတ် ဆောင်ရွက်နေတာ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ကို လုပ်ဆောင်နေတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ ဒါကလည်း စီးပွားရေး၊ လူမှုရေး တို့ တိုးတက်ဖို့အတွက် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တခုက ရေအားကို သုံးတဲ့ ကြိုးပမ်းတဲ့နေရာမှာ မြစ်ကြောင်းတွေကို ပိတ်ရတဲ့ကိစ္စကျတော့။

ဦးညိုမောင် ။ ။ မြစ်ကြောင်းတွေကို ပိတ်ရတဲ့အခါမှာ ပတ်ဝန်းကျင်ကို ထိခိုက်မှု မလွဲမသွေရှိပါတယ်။ သို့သော် အဲဒီလို ရှိတဲ့ အခါမှာ အဲဒီလို ထိခိုက်တာကို လျော့ပါးသက်သာအောင် mitigation measures ဆိုတာ ရှိပါတယ်။ mitigation measures ကို ဘယ်လိုလုပ်ရမလဲဆိုတာက မြစ်တွေကို ပိတ်ပြီးတော့ ဆည်မဆောက်ခင်မှာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက် မလဲဆိုတဲ့ ကြိုတင်ခန့်မှန်းချက်၊ ခန့်မှန်းမှုကို EIA လို့ ခေါ်တဲ့ Environmental Impact Accessment ကို လုပ်ရပါတယ်။ အဲဒီလို လုပ်ပြီးတော့ ထိခိုက်တဲ့ impact တွေကို သိပြီးတော့ ဒီ impact တွေကို လျော့နည်းသက်သာအောင် လုံးဝ သက်သာ အောင် ဘယ်လိုလုပ်ရမလည်းဆိုတဲ့ နည်းလမ်းတွေနဲ့ ကျနော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒီနည်းလမ်းတွေကို အခု မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေမှာ လိုက်နာမှုရှိတယ်လို့ တွေ့ရပါသလား။

ဦးညိုမောင် ။ ။ ကျနော်တို့ အနေနဲ့ အခုမှ စပြီးလုပ်တာဖြစ်တဲ့အတွက် ဒီလို EIA လုပ်ပြီးတော့ တွေ့ရှိချက်တွေကို ကျနော်တို့ တင်ပြတဲ့အခါမှာ မြန်မာနိုင်ငံကလည်း လိုက်နာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာဇော်ဦး တွေ့ရှိချက်ကိုလည်း ပြောပါ။ အဲဒီကိစ္စမှာ ဆရာဦးညိုမောင် ပြောသလို ဒါကို assess လုပ်တယ်။ Assessment တွေအတိုင်း ဒါတွေ ဒါတွေ နှစ်နာနိုင်တယ်ဆိုတဲ့ဟာတွေကို မြန်မာနိုင်ငံမှာလုပ်နေတဲ့ ရေအား လျှပ်စစ် စီမံကိန်းတွေ မြစ်တွေကို ပိတ်ပြီး တာတမံတွေလုပ်တဲ့ ကိစ္စတွေမှာ လိုက်နာမှု ရှိတယ်လို့ တွေ့ရပါလား။

ဒေါက်တာဇော်ဦး။ ။ အဲဒီကဏ္ဍပိုင်းမှာတော့ ကျနော် သိပ်ပြီးမလေ့လာထားတဲ့အတွက်ကြောင့် မသိရှိရပါဘူး။ ဒါပေမဲ့ ကျနော် တင်ပြချင်တာတခုက ကျနော်တို့ နိုင်ငံမှာ အခုလက်ရှိ ကြုံတွေ့နေရတဲ့ လိုအပ်ချက်၊ လောင်စာ လိုအပ်ချက်မှာ ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ရေအားလျှပ်စစ်အပြင် ကျနော်တို့ တိုင်းပြည်မှာ ဖောဖောသီသီ ရနိုင်တဲ့ သဘာဝဓါတ်ငွေ့ ပြန်လည်သုံးစွဲနိုင်ဖွဲ့ကိစ္စကိုလည်း ပိုအလေးပေး စဉ်းစားသင့်ပါတယ်။ အယင်တုန်းကတော့ သဘာဝဓါတ်ငွေ့ကို လွယ်လွယ်နဲ့ ရောင်းချပြီး ရတဲ့ဝင်ငွေများများ မြန်မြန်ရရေးကို ဦးစားပေးပြီးတော့ ဆောင်ရွက်ခဲ့တဲ့ အနေအထားတွေ ရှိခဲ့ပါတယ်။ အခု နောက်ပိုင်းမှာတော့ အဲဒီက ရတဲ့ဝင်ငွေတွေဟာ နိုင်ငံခြားအရံငွေ စုစုဆောင်းဆောင်း ရှိခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့် အခု နောက်ပိုင်း လုပ်မယ့် သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး ကိစ္စတွေမှာဆိုရင် 3 in 1 ခေါ်တဲ့ ပြည်တွင်းလောင်စာ ဖူလုံရေးအတွက် လုပ်ပေးမယ့် ပြည်တွင်းဓါတ်ငွေ့ ပိုက်လိုင်းလို့ ကိစ္စမျိုး၊ လယ်ယာမြေကဏ္ဍ တိုးတက်ရေးအတွက် အရေးပါ တဲ့ ဓါတ်မြေသြဇာ ထုတ်လုပ်ရေး ကိစ္စမျိုး ဒါမျိုးကို နိုင်ငံတကာ သဘာဝဓါတ်ငွေ့ နဲ့ ရေနံ တူးဖော်ထုတ်လုပ်ရေး ကုမ္မဏီ တွေ နဲ့ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံမှာ မကြာခင် ဖြစ်တော့မယ့် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်တဲ့အခါမှာ ဒီလို စီမံချက်မျိုးကို ကျနော်တို့ နိုင်ငံတော်အစိုးရ နဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒါကို ညှိနှိုင်း တောင်းဆိုဖို့ လိုအပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ သဘာဝ ဓါတ်ငွေ့ကိုလည်း တရုတ်နိုင်ငံတို့ကို ပိုက်လိုင်းနဲ့ ဆက်သွယ်လုပ်တဲ့နေရာမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်က ဝေဖန်မှုတွေ ရှိကြပါတယ်။ အဲဒီ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ဖောက်လုပ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆရာဦးညိုမောင် တို့ ဘ၀င်ကြပါရဲ့ လား။

ဦးညိုမောင် ။ ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်က ကြည့်ရင် အဲဒီ ပိုက်လိုင်းဆက်သွယ်တဲ့ လမ်းကြောင်း ရွေးချယ်တဲ့အခါမှာ ပတ်ဝန်ကျင်ကို ထိခိုက်မှု အနည်းဆုံး လမ်းကြောင်းကို ရွေးဖို့ လိုပါတယ်။ အဲဒီဟာလည်း ကျနော် နားလည်ထားတာပါ။ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတလျှောက် EIA (Environmental Impact Assessment) လုပ်ရပါတယ်။ အဲဒါ လုပ်ပြီးမှ အဲဒီကနေ တွေ့ရတဲ့ တွေ့ရှိချက်တွေကို တင်ပြပြီးတော့ ထိခိုက်မှုတွေကို လျှော့ပါးသက်သာအောင် ဘယ်လို လုပ်မယ်ဆိုတာကို အဲဒီကျမှ သိမှာပါ။ ဒီအတိုင်းတော့ ကျနော်တို့ ပြောလို့မရပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာဇော်ဦးအနေနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ကန့်ကွက်သံတွေကို ကြားမှာပါ။ အဲဒါကို အစိုးရနဲ့ တရုတ်အာဏာပိုင်တို့က အသေအချာ access လုပ်ပြီးတော့မှ ထိခိုက်မှု လျှော့ပါးအောင် အနည်းဆုံးဖြစ်အောင် သူတို့ စီစဉ် စဉ်းစားပြီးလုပ်တယ်လို့ ကြားမိပါသလား။

ဒေါက်တာဇော်ဦး။ ။ ဒီကိစ္စကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်းမှာ တော်တော်ကြီးကို စောင့်ကြည့်နေတဲ့ စီမံချက် ဖြစ်တဲ့အတွက်ကြောင့် အထူးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလည်း ဆောင်ရွက်မယ်ဆိုရင် ဒီဟာကို တော်တော်ကို လေးလေးနက်နက်ထားပြီး ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ရပါတယ်။ နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့  သဘာဝ ပတ်ဝန်းကျင်အပေါ် တန်းဖိုးထားမှုတွေကလည်း တော်တော် မြင့်တက်လာပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီလို စီမံချက်မျိုးမှာ တရုတ်အစိုးရရော ကျနော်တို့ မြန်မာနိုင်ငံ အစိုးရတို့က အရေးတယူ ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ရပါတယ်။ နောက်တချက်ကလည်း အခုနပြောသလိုပဲ ဒီလို အင်မတန်မှ ကြီးမားတဲ့ Mega-project လိုဟာမျိုးကို လုပ်ပြီးဆိုရင်တော့ အနည်းနဲ့အများဆိုသလို နစ်နာသူတွေ ရှိကြမှာဘဲ။ သဘာဝ ပတ်ဝန်ကျင်အရ ထိခိုက်ဆုံးရှုံးမှုတွေ ရှိကြမှာပဲ။ ဒါတွေကို ဘယ်လို နိုင်ငံတော်အစိုးရအနေနဲ့ ပြန်လည်ဖေးမ ဆောင်ရွက်ပေးမလဲဆိုတဲ့ အပိုင်းကလည်း အခုအချိန်တည်းက စတင် ပြင်ဆင်ထားလို့ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင်ခင်များ။

ဦးညိုမောင် ။ ။ တရုတ်အစိုးရအနေနဲ့ လုပ်လိမ့်မယ် ထင်ပါတယ်။ တရုတ်မှာက EIA law ရှိပါတယ်။ ၂၀၀၃ ခုနှစ်ကမှ ပြဋ္ဌာန်းလာတာပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တခုမေးချင်တာက တရုတ်နိုင်ငံမှာလည်း ကမ္ဘာ့အကြီးဆုံး Three Gorges Dam လုပ်ခဲ့တုန်းက နိုင်ငံတကာမှာ ပြောလိုက်ကြတာ အများကြီးပါဘဲ။ ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးသွားတာတို့၊ ပတ်ဝန်းကျင်ကအစ ပတ်ဝန်းကျင် ညစ်နွမ်းမှုအဆုံး ပြောလာကြပါတယ်။ အခု မြန်မာနိုင်ငံမှာလည်း တရုတ်ဘက်ကို သွားတဲ့ပိုက်လိုင်း မဟုတ်ဘဲ နဲ့ ယိုးဒယားကို တနင်္သာရီဘက်က သွားတဲ့ ပိုက်လိုင်းကိစ္စမှာလည်း ဒီလို compensation ပေးတာလည်း မရှိပါဘူး။ သိပ်ပြီး တော့ နည်းတယ် ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးရတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား ကြားရပါ တယ်။ ဒီကိစ္စကို ဆရာ ဘယ်လို သဘောရပါသလဲ။ တရုတ်က လုပ်မယ်လို့ မျှော်လင်ရပါသလား။

ဦးညိုမောင် ။ ။ ကျနော့်အနေနဲ့က တရုတ်အစိုးရက Three Gorges Dam ဆောက်တုန်းကတော့ EIA Law မရှိသေးဘူး ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ EIA Law ကို သူတို့ ပြဋ္ဌာန်းတာက ၂၀၀၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်တယ်။ အခုကျ တော့ EIA Law အရ ဒီဟာ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ EIA Law တော့ မရှိသေးပါဘူး။ Law မပြဋ္ဌာန်းရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ တနင်္သာရီဘက်ကနေ ထိုင်းဘက်ကို သွယ်တဲ့ပိုက်လိုင်းတွေ ကိစ္စမှာတော့ အဲဒီ law တွေ မရှိဘဲနဲ့ လုပ်ခဲ့တာလား။

ဦးညိုမောင် ။ ။ ဒါပေမဲ့ အဲဒီတုန်းကလည်း EIA SIA လုပ်တယ်လို့ ကျနော်တော့ သိထားပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အဲဒီအရပ်ဒေသက ပိုက်လိုင်းသွားတဲ့နေရာ ပိုက်လိုင်းဖြတ်တဲ့အတွက် compensation ပေးပါတယ်လို့ ကျနော် သိထားပါ တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာဇော်ဦးအနေနဲ့ ဘယ်လောက်သိထားပါသလဲ။ ထိုင်းဘက်ကို သွယ်တဲ့ ပိုက်လိုင်းကိစ္စမှာ။

ဒေါက်တာဇော်ဦး ။ ။ ကျနော်နားလည်းတာကတော့ ပုဂ္ဂလိကကဏ္ဍကနေ compensation ကိစ္စတွေကို အမေရိကန် တရားရုံးကတဆင့် ဆောင်ရွက်ပေးတယ်လို့ နားလည်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက နိုင်ငံတကာမှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တွေက မြန်မာနိုင်ငံမှာ ဒီလို တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါ ပတ်ဝန်ကျင်ထိခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။ ဒါကို တချို့ က နိုင်ငံရေးအားဖြင့် အစိုးရကို အတိုက်အခံ လုပ်လို သူတွေရဲ့  အသံအဖြစ် ရောပြီးတော့ သတ်မှတ်လိုက်ကြတာ ကြားပါတယ်။ အဲဒီလို သတ်မှတ်ချက်ကိုရော ဘယ်လိုသဘောရ ပါ သလဲ။

ဦးညိုမောင် ။ ။ ဒီဟာကတော့ ပတ်ဝန်းကျင် ထိခိုက်မယ်ဆိုတဲ့ အကြောင်းအရာ ဝေဖန်ကြတာကတော့ ဒါကရှိမှာပဲ။ လွတ်လပ်စွာ ဝေဖန်ခွင့်ရှိတဲ့ နေရာတွေက လွတ်လွတ်လပ်လပ် ဝေဖန်ကြမှာပါ။ သို့သော် ကျနော်တို့က ဒီဝေဖန်သံတွေကို နိုင်ငံရေးလို့ ဆွဲမတွက်ဘဲနဲ့ ပတ်ဝန်ကျင်ထိန်းသိမ်းရေး အမြင်ဘက်ကနေ ကြည့်ပြီးတော့ ဒီလိုပြောလာတာတွေကို ကျနော် တို့ သိပံ္ပ္ပနည်းကျ စူးစမ်းလေ့လာပြီး မဟုတ်ရင် မဟုတ်တဲ့အကြောင်း၊ ဟုတ်ရင် ဟုတ်တဲ့အကြောင်း ကျနော်တို့ ပွင့်ပွင့် လင်းလင်း ပြန်ပြီးတော့ ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တော့ ဒီလိုပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာဇော်ဦးရဲ့  အမြင်လည်း သိချင်ပါတယ်။ ပတ်ဝန်ကျင်ထိန်းသိမ်းရေးသမားတွေရဲ့  ကန့်ကွက်သံ ကို နိုင်ငံရေးဆန်ကျင့်မှုလို့ ရောထွေးသမုတ်လိုက်တာနဲ့ ပတ်သက်လို့။

ဒေါက်တာဇော်ဦး ။ ။ အဲဒါကတော့ ဝေဖန်သူတွေဘက်မှာလည်း တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ဆိုလိုတာက ဝေဖန်နေတဲ့ ကိစ္စတွေမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မပြောနဲ့ ကျနော်တို့ ဖွံ့ဖြိုးပြီး အမေရိကန်နိုင်ငံလို ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေမှာတောင်မှ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ အင်အားနည်းနေဆဲ ရှိနေပါသေးတယ်။ သူတို့မှာကတော့ ဝေဖန်ချက်တွေမှာ ဒီဝေဖန်ရုံတင်မကဘူး ဒါကို ဘယ်လိုပြုပြင်တိုးတက်အောင် လုပ်နိုင်မယ်ဆိုတဲ့ ကောင်းမွန်တဲ့လမ်းကြောင်းဘက်ကိုလည်း ပြသပေးတဲ့ ဝေဖန်ချက်မျိုး အပြုသဘောဝေဖန်ချက်မျိုးတွေလည်း များများရှိလာဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG