သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အိမ် လုံခြုံရေးအတွက် ပြုပြင်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို အမေရိကန် နိုင်ငံသားတဦး သူ့သဘောနဲ့သူ ရေကူးဝင်ရောက်ခဲ့ပြီး နောက်ပိုင်း နေအိမ်လုံခြုံရေးအတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အနေနဲ့ ဒီကနေ့မှာ အိမ်ကို ပြန်လည်ပြုပြင် မွမ်းမံနေပြီလို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေကြီးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။

“နေအိမ် လသာဆောင်နှစ်ခုကို ပြုပြင်တာပါ။ လသာဆောင် ပြုပြင်တာကိုက လုံခြုံရေးအတွက်ပါ။ လသာဆောင်နဲ့ အိမ်မကြီးကို ဝင်တဲ့ထွက်တဲ့ အပေါက်က မှန်တံခါးဖြစ်ပြီးတော့ သံပန်း သံတံခါး မရှိဘူး။ အဲဒါကို လုံခြုံရေးအရ အခန်းအဖြစ် ဖွဲ့မယ်၊ သံပန်း သံတံခါး တပ်မယ်၊ အဲဒါပါ။ ကိုယ်နားလည်သလောက် လုံခြုံအောင်လုပ်တဲ့ သဘောပဲပေါ့။”

ဒီလို အိမ်ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အာဏာပိုင်တွေကနေ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုလို ခွင့်ပြုချက် ရဖို့ကိုလည်း အဆင့်ဆင့် တောင်းခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ နေအိမ်ကိုသာ ပြင်ဆင်တာဖြစ်ပြီး ခြံဝင်းကို ကာရံတာ မဟုတ်သေးတဲ့အကြောင်း၊ ခြံဝင်း လုံခြုံရေးအတွက် အစိုးရကပဲ ဆက်ပြီး တာဝန်ယူထားကြောင်း အခုလို ဆက်ပြောပါတယ်။

“လောလောဆယ် ကာဖို့ အစီအစဉ် မရှိဘူး။ အဲဒီ ရေနဲ့ ကမ်းစပ်နဲ့ ၁၀ ပေလောက် အကွာမှာ ရေကင်း အဆောက်အဦတခု ရှိပါတယ်။ သူတို့ လုံခြုံရေး ချထားပါတယ်။”

ပြီးခဲ့တဲ့ မေလက နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်တော (John William Yettaw) က အင်းလျားကန်ဘက်ကနေ တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့လို့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ နေအိမ်ခြံဝင်း လုံခြုံရေး ယူထားသူတွေရဲ့ တာဝန် ဖြစ်တယ်လို့ ဝေဖန် မေးခွန်းထုတ်တာတွေ ရှိခဲ့ပါတယ်။ အခုလို အိမ်ပြင်ဆင်ခွင့် ရတာဟာ အိမ်ပိုင်ဆိုင်မှုကို အသိအမှတ်ပြု၊ မပြု ဆိုတာနဲ့ မပတ်သက်ဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ နာဂစ် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တွေဟာလည်း ဧရာဝတီတိုင်း ဘိုကလေးမြို့ကို ၂ ရက်ကြာ သွားရောက်ပြီး နာဂစ် ဒုက္ခသည်တွေအတွက် လိုအပ်တာတွေကို ကူညီပေးနေတယ်လို့လည်း NLD ပြောခွင့်ရသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG