သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူနာသေဆုံးမှု ဆရာဝန် ဆမ ၅ နှစ်သိမ်း


ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) မှာ သေဆုံးခဲ့တဲ့ မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ကုသပေးခဲ့တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီးကို ဒီနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ဆေးကောင်စီက ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပေါ် သတင်းမီဒီယာတွေက လိုအပ်တာထက် ပိုပြီး ဖော်ပြကြတယ်လို့ ဝေဖန်သုံးသပ်ကြတာတွေ ရှိသလို တာဝန်ခံမှု မရှိခဲ့တဲ့ ဆရာဝန်ကြီးနဲ့ ဆေးခန်းတို့ကို ဝေဖန်ပြောဆိုတဲ့ မှတ်ချက်တွေကလည်း ရှိနေပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီနေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပြန်လိုက်တဲ့ စာထဲမှာ မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ခွဲစိတ်ဆရာဝန်ကြီးမှာ လုပ်ကိုင်မှု မှားခြင်း၊ ဆုံးဖြတ်ချက် မှားခဲ့ခြင်းတွေနဲ့ အတူ မခွဲစိတ်မီနဲ့ ခွဲစိတ်အပြီးမှာ လုံလောက်တဲ့ စောင့်ရှောက် စစ်ဆေးမှုတွေ၊ တာဝန်ခံမှု အားနည်းတာတွေကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာကြည်စိုးကို ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မေ့ဆေးဆရာဝန်၊ ပထမ ခွဲစိတ် လက်ထောက်ဆရာဝန်နဲ့ အတူ အထွေထွေ အထူးကု သမားတော်ကြီးကိုလည်း ပြင်းထန်စွာ သတိပေးသလို ထိရောက်မှုနဲ့ လုံခြုံမှုမရှိတဲ့ စနစ်တွေနဲ့ လုပ်ကိုင်နေတဲ့ ဆေးခန်းကိုလည်း နောက်နောင် ဒီလိုကိစ္စမျိုး မဖြစ်အောင် ပြင်းထန်စွာ သတိပေးတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီကိစ္စဟာ မခိုင်ရွှန်းလဲ့ရည် မကွယ်လွန်ခင် အချိန်ကတည်းက မြန်မာနိုင်ငံအတွင်းမှာ အတော်လေး ဟိုးလေးတကျော် ဖြစ်နေတဲ့ သတင်းတခုလည်း ဖြစ်ပါတယ်။ ပြည်တွင်း သတင်းမီဒီယာတွေမှာ လူနာရှင်ဘက်က ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကို ဖော်ပြ ရေးသားခဲ့ပေမဲ့ ဆရာဝန်ကြီးဘက်ကပဲ ဖြစ်ဖြစ်၊ ဆေးခန်းဘက်ကပဲ ဖြစ်ဖြစ် ပြန်လည် ဖြေရှင်းချက် တစုံတရာ အခုထိ ထွက်မလာပါဘူး။ ဒါဟာ ပိုပြီးတော့ အမှားကို အပြစ်ကြီးသွားစေတာမျိုး ဖြစ်သွားစေတယ်လို့ ရန်ကုန် ဝါရင့်ဆရာဝန်တဦးက အခုလို မှတ်ချက်ပေးပါတယ်။

“အမှားကြီးနဲ့ အမှားလေးပဲ ကွာတာပေါ့။ အခုဟာက ဂျာနယ်တွေမှာ ပါသလောက်ဆိုရင် အမှားကြီး ဖြစ်သွားတာပေါ့။ မှားတာထက် ပိုဆိုးတယ်လို့ ထင်တာပဲ။ မှားကြတာ မဆန်းဘူး ဆိုပါတော့။ ဒါပေမဲ့ အခုဟာကတော့ အမှားကြီး ဖြစ်သွားတယ်၊ အမှားလေး မဟုတ်ဘူး။ မှားသင့်မှားထိုက်တဲ့ အမှား မဟုတ်ဘူး။ မမှားသင့် မမှားထိုက်တဲ့ အမှား ဖြစ်သွားတယ်။ နောက်တခုက လူနာကို နှစ်သိမ့်မှု မပေးခြင်း၊ လူနာရှင်ကို မနှစ်သိမ့်ခြင်း၊ မီဒီယာကို ရှောင်ခြင်း၊ အဲဒါက ပိုဆိုးသွားတာပေါ့။ ပိုမှားတာပေါ့။

“အမှန်က မီဒီယာကို အသုံးမချလိုက်တာပေါ့။ တကယ်ဆို မီဒီယာနဲ့ တွေ့လိုက်ရင်၊ လူနာရှင်ကို တစုံတရာသော နှစ်သိမ့်မှု ပေးရင်၊ ဒီလောက်အထိ ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူး။ အမကတော့ အဲဒီလိုပဲ ထင်တာပဲ။ အခုဟာတော့ ဒီမိန်းကလေး ပုံကလည်း ဂျာနယ်တွေမှာ ပါတော့ ဝိုင်းပြီး ကရုဏာ သက်နေကြတာပေါ့။ လူတိုင်း စိတ်ဝင်စားတဲ့ သတင်းတခုတော့ ဖြစ်နေတာပေါ့။”

အခုလို ပြဿနာမျိုး မတိုင်ခင် မြန်မာနိုင်ငံမှာ ဒီလို ဆေးပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ အမှားအယွင်း ဖြစ်ခဲ့ဖူးတာမျိုး၊ ဆေးကုသခွင့် ပိတ်ပင်ခဲ့တာမျိုး အပြင် အလုပ် ထုတ်ပစ်ခဲ့တာမျိုးတွေအထိ ရှိခဲ့ပေမဲ့ အခုသတင်းလောက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။ ဒါကလည်း အခုအချိန်က သတင်းမီဒီယာခေတ် တွင်တွင်ကျယ်ကျယ် ဖြစ်နေတာကို ပြသတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ကြားဖူးတယ်၊ ကြားဖူးပေမဲ့ ဟိုတုန်းက ဂျာနယ်ခေတ် မဟုတ်ဘူးလေ။ ဂျာနယ်ခေတ် မဟုတ်တော့ ကောလာဟလလောက်နဲ့ ပြီးသွားတာတွေ ရှိတယ်။ ရှိတော့ ရှိဖူးပါတယ်။ အခုက မီဒီယာခေတ် ဖြစ်နေတော့ မီဒီယာကို သူတို့ မနိုင်တာ။ ကာယကံရှင်တွေကလည်း တော်ပါတယ်။ တချို့ဆို သည်းခံပေမဲ့ မပြောဘူး၊ ဘယ်သူမေးလို့မှ။ ဆုံးသွားတဲ့ မိန်းကလေး မိဘတွေကလည်း မီဒီယာတွေကို ရင်ဖွင့်တယ်ဆိုတာ တော်ပါတယ်။ ဒါ သူတို့ လုပ်သင့်တာကို လုပ်လိုက်တာပဲ။ နင့်မို့ဆို ဘယ်သိရမှာလဲ၊ ကောလာဟလလို ဘာလိုလိုနဲ့ လေထဲမှာပဲ ပျောက်သွားမှာပဲလေ။

“ဟိုတုန်းကတော့ အဲဒီလို ပျောက်ခဲ့တာပေါ့၊ ဂျာနယ်တွေ မရှိခင်တုန်းက။ ဂျာနယ်မှာတော့ အခု သူတို့ စစ်ဆေးပြီးရင် ဖြေရှင်းချက် ထုတ်မယ်လို့တော့ တချို့ဂျာနယ်တွေမှာ ရေးထားတာ တွေ့တယ်။ အဖြေကတော့ မှားသွားတာနဲ့ ဆေးရုံဘက်ကလည်း လုံး၀ တာဝန်မကျေဘူး။ အလွန် ဖုံးအုပ်တယ်။ ဒါပါပဲ အဓိကကတော့။ မှားတာထက် ကျန်ရစ်သူ မိသားစုအပေါ်မှာ တုံ့ပြန်ပုံကြီးက မကောင်းတာပေါ့။ နောက် မီဒီယာပေါ်မှာ တုံ့ပြန်မှု၊ အဲဒီ နှစ်ခုက မကောင်းတာပေါ့။”

ဝါရင့် ဆရာဝန်ကြီးတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

တချို့ ဆရာဝန်တွေကတော့ သတင်းမီဒီယာတွေက လိုအပ်တာထက် ပိုပြီး ရေးသားကြသလို ရေးသားပုံ ရေးသားဟန် မမှန်ခဲ့ဘူးလို့လည်း ပြစ်တင်ဝေဖန်ကြတာ ရှိပါတယ်။ ဒီအကြောင်း ရေးသားဖော်ပြကြတဲ့ ဂျာနယ်တွေကတော့ ကွယ်လွန်သွားတဲ့ လူနာရှင်တွေအပြင် ဆရာဝန်ကြီးနဲ့ ဆေးခန်းကိုပါ ဆက်သွယ်ပြီး ရေးသားဖော်ပြဖို့ ကြိုးစားပေမဲ့ ကာယကံရှင်ကရော ဆေးခန်းကပါ တွေ့ဆုံခွင့်ရဖို့ ငြင်းဆန်ခဲ့တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ဒီကိစ္စအတွက် မြန်မာနိုင်ငံ ဆေးကောင်စီကို ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း ပြန်လည်ဖြေကြားမယ့်သူ မရှိသလို မြန်မာနိုင်ငံ ဆရာဝန်များ အသင်းချုပ်ကလည်း ဒီအကြောင်းကို ဖြေကြားဖို့ တာဝန်ခံ ဆရာဝန် မရှိဘူးလို့ပဲ ပြန်ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG