သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး နိုဘဲလ်ဆုရှင် နေပြည်တော် စီးပွားရေး နှီးနှောပွဲ အကြံပေးမည်


ကမ္ဘာ့နိုဘဲလ်ဆုရှင် ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Joseph Stiglitz) အခုလအတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အစိုးရ တာဝန်ခံများနဲ့ ဆွေးနွေးလိမ့်မယ်လို့ ကုလသမဂ္ဂ အေဂျင်စီတရပ်က သတင်းထုတ်ပြန် ကြေညာပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မစ္စတာစတစ်ဂ်လစ်ဇ် နေပြည်တော်က ဒီဇင်ဘာလ ၁၅ ရက်နေ့ နှီးနှောဖလှယ်ပွဲသို့ တက်ရောက် ဆွေးနွေးမယ်လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသ ရုံးခွဲက ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးဖို့နဲ့ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု လျော့ပါးစေရေးအတွက် နည်းလမ်းများ ရှာဖွေ လုပ်ဆောင်ကြဖို့ နှီးနှောဖလှယ်ပွဲ တက်ရောက်လာကြသူများအား ဆွေးနွေး တိုက်တွန်းသွားလိမ့်မယ်လို့ ခန့်မှန်း ထင်ကြေး ပေးနေကြပါတယ်။

ကမ္ဘာ့ဘဏ်မှာ ၁၉၉၇ ခုနှစ်က ၂၀၀၀ ပြည့်နှစ်အထိ စီးပွားရေး အရာရှိချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဂျိုးဇက် စတစ်ဂ်လစ်ဇ် အာရှ စီးပွားရေး အင်အားကြီး ၈နိုင်ငံအကြောင်း စူးစမ်းပြီး အာရှ အံ့ဖွယ်နိုင်ငံများ အကြောင်း ပြန်လည် စူးစမ်းခြင်းလို့ အဓိပ္ပာယ်ရတဲ့ Rethinking of the Asian Miracle စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ နိုဘဲလ်ဆု ဆွတ်ခူးခဲ့သူ မစ္စတာစတစ်ဂ်လစ်ဇ်ဟာ ၂၀၀၄ ခုနှစ်မှာလည်း နိုင်ငံတကာ ငွေကြေးအဖွဲ့များရဲ့ နှီးနှောဖလှယ်ပွဲမှာလည်း အရေးပါတဲ့ အခန်းက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG