သုံးရလွယ်ကူစေသည့် Link များ

အီးယူနဲ့ စစ်အစိုးရ နိုင်ငံရေးဆွေးနွေး


အီးယူ၊ ဥရောပသမဂ္ဂအနေနဲ့ မြန်မာစစ်အစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ စစ်အစိုးရ အကြီးအကဲနဲ့ တွေ့ဆုံခဲ့တဲ့ အီးယူသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ထွက်ပေါ်မလာဘဲနဲ့တော့ အခုလို တွေ့ဆုံဆွေးနွေးရာက မြန်မာစစ်အစိုးရအပေါ် အီးယူက ပိတ်ဆို့အရေးယူထားတာတွေ ရုပ်သိမ်းပေးမယ့်အဆင့်ထိ ရောက်လာမှာ မဟုတ်ဘူးလို့ မြန်မာ့အရေး ဆောင်ရွက်နေသူ တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ဥရောပသမဂ္ဂနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်လိုတဲ့အကြောင်း စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံပြီးပြန်အလာ ရန်ကုန်မြို့မှာ အီးယူသံအမတ်ကြီး ဒေးဗစ် လစ်ပ်မန်း (David Lipman) က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အီးယူ ဖက်ကတော့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံတဲ့နေရာမှာ အဆင့် ၃ ဆင့်ခွဲ ဆက်ဆံနေပြီး၊ ပထမအဆင့်ကတော့ လူသားခြင်းစာနာတဲ့ အကူအညီတွေပေးရေး၊ ဒုတိယအဆင့်အနေနဲ့ NGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် ငွေကြေးအကူအညီတွေ ပေးရေးနဲ့ တတိယအဆင့်ကတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားရေးတို့ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ အခုဆိုရင် အဲဒီ တတိယအဆင့်ကို ရောက်နေပြီး တိုးတက်မှုတွေရှိနေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အခုလို မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံတာဟာ အီးယူက လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူရေး စတဲ့ မူဝါဒတွေကို ပြောင်းလဲလိုက်တာတော့ မဟုတ်ဘူးလို့ ဥရောပမြန်မာရုံးက ဒါရိုက်တာ ဦးဟန်ယောင်ဝေ က ပြောပါတယ်။

"အမှန်တကယ်ကတော့ ပေါ်လစီ ပြောင်းတာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် ဥရောပသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက်က တော့ ပိတ်ဆို့မှုတွေ လုပ်ထားမယ်။ ပြီးတော့မှ တတ်နိုင်တဲ့နေရာမှာ နအဖ နဲ့ ဆွေးနွေးမယ်ဆိုတဲ့ ပေါ်လစီက အရင် ကတည်းက ရှိပါတယ်။ ပြောချင်တာကတော့ သူတို့ ပေါ်လစီအတိုင်း ဆက်လုပ်နေတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ပိုပြီးတော့မှ ထိရောက်ဖို့ ကြိုးစားတယ် ဆိုတာကတော့ မြင်ရတယ်။ အရင်ကတော့ ပေါ်လစီ ရှိပေမယ့် တွေ့ဆုံ ဆွေးနွေးပွဲ တွေ သိပ်ပြီး မရောက်ဘူး။"

မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး ဆိုတဲ့ မူဝါဒကို အမေရိကန်သမ္မတ အိုဘားမား အစိုးရက ပြောင်းလဲ မချမှတ်ခင် ကတည်းက အီးယူအနေနဲ့ ချမှတ်ထားခဲ့တာဖြစ်ပေမဲ့ စစ်အစိုးရဘက်က အီးယူနဲ့ စကားပြောဖို့ ငြင်းဆန်နေခဲ့တာ ကြောင့် အခုမှ ပြောဆိုဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးတာအပါအ၀င် မြန်မာနိုင်ငံအတွင်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ စစ်အစိုးရ ဘက်က မပြနိုင်ရင် အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းပေးဖို့ မဖြစ်နိုင်ပေမဲ့ အခုလို တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာကတော့ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ ဦးဟန်ယောင်ဝေ က ပြောပါတယ်။

"တွေ့တယ်ဆိုတာက ကောင်းတယ်။ အဖြေရှာတယ်ဆိုတာက ကောင်းတယ်။ ဒါပေမယ့် အဓိက ဥရောပ သမဂ္ဂ အနေနဲ့က ပေါ်လစီပြောင်းဖို့က ခက်တာပဲ ဘာကြောင့်လဲဆိုရင် ပိတ်ဆို့မှုတွေ လုပ်ထားတဲ့နေရာမှာ ၂၇ နိုင်ငံရဲ့ သဘောတူညီမှုနဲ့ လုပ်ထားတာဖြစ်တယ်။ နအဖ အနေနဲ့ တကယ် အကောင်အထည် မဖော်နိုင်ဘူး။ အပြောင်းအလဲ ရှိတယ်ဆိုတာကို မပြ နိုင်ဘူး ဆိုရင် ဒီ သံအမတ်ကြီးတွေ ပြန်သွားပြီးတော့မှ ၂၇ နိုင်ငံကို သဘောတူညီဖို့ တိုက်တွန်းမယ်ဆိုရင် မလွယ်ဘူး။ တကယ် အကောင်အထည် ဖော်နိုင်တယ်၊ ဒီလို ပြောင်းလဲလာတယ်။ အကျဉ်းသားတွေ လွှတ်လာတယ်။ ဒေါ်စု ကို လွှတ်တယ်၊ အဲဒီလိုမျိုး အချက်အလက်တွေ ရှိရင်တော့ ပြောင်းလာနိုင်ပါတယ်။"

မြန်မာစစ်အစိုးရအနေနဲ့ အခုမှ အီးယူအဖွဲ့ကို ရုတ်တရက် လက်ခံ စကားပြောလာတယ် ဆိုတာက တဘက်မှာ အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို မလိုလားတဲ့အတွက် နိုင်ငံရေးကစားကွက် တခုအနေနဲ့ အီးယူ ကို တဘက်လှည့် ဆက်ဆံပြီး လိုလားသယောင် ပြတာလည်း ဖြစ်နိုင်တယ်လို့ ဦးဟန်ယောင်ဝေ က သုံးသပ်ပါတယ်။

"အဓိက ကျနော် နားလည်တာကတော့ သူတို့က အမေရိကန်ကို ပိုပြီးတော့မှ အလေးထားတယ်။ ဆိုတော့ ဥရောပသမဂ္ဂက ဆက်သွယ်တယ်ဆိုတာကလည်း အမေရိကန်ကို မတုံ့ပြန်ရင် အီးယူကို မတုံ့ပြန်ဘူးလို့လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့က အချက်အလက်တခု ကစားချင်တယ်ဆိုရင်တော့ အမေရိကန် ဘက်က တောင်းဆိုတာကို မလိုလားလို့ ဥရောသမဂ္ဂကို နည်းနည်း လျှော့မယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ အဲဒါမှ အမေရိကန် တောင်းဆိုတာကို မကျေနပ်ဘူး ဆိုတဲ့ဟာကို သူ ပြနိုင်တယ်။ အဲဒီလိုမျိုးပေါ့။ သူကတော့ တနိုင်ငံနဲ့ တနိုင်ငံကြားမှာ ကစားနေတဲ့ ပုံစံ ဖြစ်ပါတယ်။"

ရှေ့သီတင်းပတ်ထဲ ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင် မြို့မှာ ကျင်းပမယ့် နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို တက်လာတဲ့ စစ်အစိုးရကိုယ်စားလှယ်နဲ့ အီးယူ ခေါင်းဆောင်တချို့တို့ ညီလာခံပြင်ပမှာ သီးခြား တွေ့ဆုံသွားဖို့ အစီအစဉ် ရှိတဲ့ကြောင်းလည်း သံအမတ်ကြီး ဒေးဗစ် လစ်ပ်မန် (David Lipman) က သတင်းထောက်တွေကို ရန်ကုန်မြို့မှာ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG