သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်း


ကမ္ဘာကြီး ပူနွေးလာမှုတွေက တဆင့် ရာသီဥတု ဖောက်ပြန်လာတဲ့ ဆိုးကျိုးတွေကို ပိုပြီး ရင်ဆိုင်နေကြရတာမို့ ဒီကိစ္စကို အရေးအကြီးဆုံး အဆင့်မှာ ထားပြီး ဆွေးနွေး အဖြေရှာကြဖို့ ဝိုင်းဝန်း ကြိုးပမ်းနေကြပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး သဘောတူညီချက်တွေကို ရဖို့ နိုင်ငံအလိုက် ရည်မှန်းချက်တွေထားပြီး လုပ်ဆောင်သွားကြဖို့တွေလည်း ရှိပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီလိုမျိုး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေထဲက သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စတွေကိုလည်း ပိုပြီး အလေးထားဖို့ဆိုတဲ့ ကိစ္စတွေလည်း ဒီ ကိုပင်ဟေဂင် အစည်းအဝေးကြီးမှာ ပါဝင်ပါတယ်။ အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုတွေရဲ့ ဆိုးကျိုး ဂယက်တွေက ချမ်းသာတဲ့ နိုင်ငံတွေထက် ဆင်းရဲတဲ့နိုင်ငံတွေမှာ ပိုပြီး ဂယက် ရိုက်စေမှာမို့ ချမ်းသာတဲ့ နိုင်ငံတွေက ဘက်ပေါင်းစုံ ကူညီရေး ကိစ္စတွေကိုလည်း ဝိုင်းဝန်း ကြိုးပမ်းနေကြပါတယ်။ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နိုင်ငံတွေကို နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး၊ ငွေရေး ကြေးရေး ထောက်ပံ့ရေး ကိစ္စတွေအပြင် စားနပ်ရိက္ခာ ကူညီရေး ကိစ္စတွေကိုပါ တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ရာသီဥတု ပြောင်းလဲလာမှု ဆိုးကျိုးတွေကို ကာကွယ်ဖို့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စတွေမှာရော ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းနေကြပါသလဲ၊ စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ အငြိမ်းစား ပါမောက္ခဟောင်း ဆရာကြီး ဆလိုင်းထွန်းသန်းကတော့ အလွန်ကို အားနည်းနေသေးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဗမာပြည်ကတော့ အဲဒီအပိုင်းမှာ တော်တော့ကို အားနည်းတယ်ဆိုတဲ့ သဘောတော့ ရှိတာပေါ့လေ။ သဘာ၀ ပတ်ဝန်းကျင် အားနည်းတာတော့ အစိုးရ အဆက်ဆက်ပါပဲ။ ဒီအစိုးရ တခုတည်း ပြောလို့တော့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရ အဆက်ဆက်က သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုက တော်တော့ကို အားနည်းနေတာ။”

အထူးသဖြင့် မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှု ပြဿနာတွေက အရေးကြီး အဆင့်မှာ ရှိနေတယ်လို့လည်း သူက မြင်ပါတယ်။

“သစ်တောပြုန်းတာက နှစ်မျိုးရှိတယ်။ သစ်ခုတ်လို့ ပြုန်းတယ်။ ကချင်ပြည်နယ်ကစပြီး အောက်အထိပေါ့။ တရုတ်ကဆိုရင် သူတို့ဆီမှာ သစ်မခုတ်တော့ဘဲ ဗမာပြည်ကသစ်ပဲ ယူတော့တယ်။ ထိုင်းတို့ ဘင်္ဂလားဒေ့ရှ်တို့ကလည်း သစ်မခုတ်တော့ဘူး၊ တို့ဆီကသစ်ပဲ ယူတော့တယ်။ အဲဒါမျိုးတွေ လုပ်လာတယ်။ ဘယ်လိုမှ အခြေအနေက မကောင်းတော့ဘူး။ အဲဒါကြောင့် သဘာ၀၀န်းကျင် အခြေအနေကောင်းအောင် ဆိုရင် သစ်တောတွေ ထိန်းရမယ်၊ တောင်ယာခုတ်ဖို့ မလုပ်ရဘူး။ ပြီးတော့ Dam တို့ ဘာတို့ လုပ်တော့မယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အစကတည်းက သေသေချာချာ Survey လုပ်ပြီးမှ ဒါတွေ လုပ်သင့်တယ်လို့ ထင်တယ်။”

ရေကာတာ တည်ဆောက်မှု၊ တောင်ယာခုတ်ထွင် ရှင်းလင်းမှုတွေကလည်း သဘာ၀ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ဆရာကြီးက ဆိုပါတယ်။

“တာတမံက ဘာထိခိုက်လဲဆိုရင် နှစ်မျိုး သုံးမျိုးရှိတယ်။ တစ်အချက်က သူ ရေစီးကြောင်း စီးရမယ့် ကိစ္စတွေက ရေမစီးတော့ဘူး။ အဲဒါတင်မကဘူး၊ နောက်ဆုံးကျရင် တာတမံတွေကလည်း ကောလာမှာပဲ။ အခု မိတ္ထီလာကန်ဆိုရင် ကောကာနီးမို့ အခု ထိပ်ကနေ ကန်တခု ပြန်လုပ်ရတယ်။ အဲဒီလိုမဖြစ်အောင် လုပ်ရမယ်။ အဲဒါကြောင့် Dam တွေကလည်း တော်တော်လေးကို ဒုက္ခရောက်တယ်။

“သစ်တောတွေ မပြုန်းတီးဖို့ တစ်အချက် လိုတယ်၊ နှစ်အချက်က ဒီတောလည်း မပြုန်းဖို့ လိုတယ်။ သုံးအချက်က တောင်ယာ။ တကယ်တော့ တောင်ယာ ခုတ်တဲ့ကိစ္စ တစ်အချက်မှာကို ထားသင့်တယ်။ တောင်ယာမခုတ်ဖို့ လိုတယ်။ လေးအချက်က တာတမံတွေ တုပ်တော့မယ်ဆိုရင် ဘာတွေ အရေးကြီးလဲဆိုတော့ အဲဒီ တာတမံကြောင့် မြေကြီးကို ပျက်စီးနိုင်တဲ့ဟာတွေ၊ ငါးမျိုးတွေ ပြုန်းနိုင်တဲ့ဟာတွေ၊ တောတိရစ္ဆာန်တွေ ထိခိုက်မယ့်ကိစ္စတွေ၊ ဒါတွေ စဉ်းစားရမယ်။”

စိုက်ပျိုးရေး တက္ကသိုလ်က အငြိမ်းစား ပါမောက္ခဟောင်း ဆရာကြီး ဆလိုင်းထွန်းသန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်ကပဲ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပလတ်စတစ် ကျွတ်ကျွတ်အိတ် ကင်းစင်ရေး စီမံကိန်းတွေ လုပ်ဆောင်တာ ရှိပါတယ်။ ဒါပေမဲ့ မြစ်ချောင်းတွေထဲကို မသန့်စင်တဲ့ ဓာတုဆေးဝါးတွေ စက်ရုံက စီးဆင်းနေမှု ပြဿနာတွေအပြင် အခြားသော သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ အများကြီးကို လုပ်ဆောင်ဖို့ ကျန်နေသေးတယ်လို့ ဝိုင်းဝန်း ထောက်ပြနေကြတာ ရှိပါတယ်။

အထူးသဖြင့် အုပ်ချုပ်သူ အစိုးရက သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ ဗဟုသုတ ပေးမှုနဲ့ စီမံကိန်းတွေမှာ ဝိုင်းဝန်းကူညီ ပံ့ပိုးမှု အပိုင်းတွေမှာ အလွန်ကို အားနည်းနေသေးတာ တွေ့ရတယ်လို့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့တွေက ထောက်ပြနေကြပါတယ်။

XS
SM
MD
LG