သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေး နဲ့ ဥရောပသမဂ္ဂ သဘောထား


မြန်မာစစ်အစိုးရအပေါ်ထားရှိတဲ့ သဘောထားပြောင်းလဲနိုင်ဖို့ အမေရိကန်အစိုးရက စီးပွားရေးအရ ပိတ်ဆို့မှုတွေကို တဘက်က လုပ်နေသလို၊ တခြားတဘက်မှာလည်း မြန်မာနိုင်ငံစစ်အစိုးရနဲ့ ဆက်သွယ်ပြောကြားတာတွေ စတင် လုပ်ကိုင် လာနေပါပြီ။ ဒီလိုလုပ်ကိုင်ခြင်းဖြင့် မြန်မာနိုင်ငံ စစ်အစိုးရ နဲ့ အမေရိကန်အစိုးရတို့ရဲ့  ကိုယ်စားလှယ်တွေ တွေ့ဆုံမှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ မြန်မာနိုင်ငံဘက်က တစုံတရာပြန်ကြားလာမယ်၊ အမေရိကန်အစိုးရရဲ့  တောင်းဆို ချက်တွေကို လှိုက်လျောမယ်ဆိုတဲ့ အရိပ်အရောင်များကို လုံးဝမတွေ့ရသေးပါဘူး။ အမေရိကန်ရဲ့  သဘောထားကတော့ မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲမယ့် အရိပ်အရောင် တစုံတရာပြလာမှ သူတို့ဘက်က ဆက်ပြီး လိုက်လျောမှုတွေ လုပ်မယ်၊ အလျှော့ပေးတာတွေ လုပ်မယ်လို့ ပြောဆိုထားပါတယ်။

ဒီအချိန်အတောအတွင်းမှာ အီးယူ (European Union) ကလည်း မြန်မာနိုင်ငံ စစ်အစိုးရကို ငွေကြေးအထောက်အပံ့တွေ ပေးဖို့ဆိုတာ ထွက်ပေါ်လာပါတယ်။ တဘက်မှာလည်း နိုင်ငံရေးအရ ဆွေးနွေးနေပါတယ်လို့ ဆိုပါတယ်။ ဒီလိုပေးတဲ့ နေရာ မှာ ပထမဦးဆုံး အမေရိကန်ဘက်က သတ်မှတ်ထားသလို လိုက်လျောမှုမရှိခဲ့ရင် တစုံတရာ မပေးဘူးဆိုတဲ့ သဘောမျိုး မဟုတ်ဘဲ နဲ့ အီးယူကတော့ မြန်မာဘက်က ဘယ်လိုတိုးတက်မှု ပြသမှု ရှိမရှိ သူတို့အနေနဲ့ လုပ်ကိုင်သွားမယ်ဆိုတဲ့ သဘောမျိုး ရှိနေပါတယ်။ ဒီလို အီးယူရဲ့  ရပ်တည်ချက်၊ လုပ်ကိုင်နေမှုတွေကို ပိုမိုရှင်းလင်းသိရှိနိုင်ဖို့ မြန်မာ့ရေးရာ ဥရောပ ရုံး တာဝန်ခံ ဦးဟန်ယောင်ဝေ နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (National Council of the Union of Burma - NCUB) ရဲ့ ဥရောပရေးရာ တာဝန်ခံ ဦးနွယ်အောင် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြ ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အီးယူကတော့ မြန်မာဘက်က ဘယ်လိုတိုးတက်မှု ပြသမှု ရှိမရှိ သူတို့အနေနဲ့ လုပ်ကိုင်သွားမယ်ဆိုတဲ့ သဘောမျိုး တွေ့ရပါတယ်။ အဲဒါ ဟုတ်ပါသလား ဦးဟန်ယောင်ဝေ?

ဦးဟန်ယောင်ဝေ ။ ။ ဒါကတော့ တကယ်ကတော့ ဥရောပသမဂ္ဂက အဲဒီလို မပြောပါဘူး။ နအဖက အဲဒီလိုမျိုး ထင်ရင် ထင်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အမေရိကန်နဲ့ စဆွေးနွေးတာကလည်း သူတို့ ထင်တာက ဘာအပြောင်းအလဲ မပြဘဲနဲ့ အမေရိကန်က ပြောင်းလာမယ်ဆိုတာကို သူတို့ထင်တာ။ ဆိုတော့ အမေရိကန်ကလည်း သူတို့ကို ရှင်းရှင်း ပြောပြတယ်။ အပြောင်းအလဲမရှိရင် ဘာမှမပြောင်းဘူးဆိုတော့ သူတို့က အမေရိကန်ကို မကြိုက်ဘူး၊ အီးယူ ဥရောပသမဂ္ဂ ကို ပြန်ကပ်တယ်။ ဥရောပသမဂ္ဂကလည်း ဆွေးနွေးမယ်ဆိုတော့ သူတို့ကထင်တာက အကန့်အသတ်မရှိဘဲနဲ့ သူတို့က ဆွေးနွေးမယ် အကူအညီပေးမယ်။ ဥရောပသမဂ္ဂဘက်မှာက အကူအညီဆိုတာကတော့ လူမှုစာနာပြီးတော့မှ ပေးမယ့် အကူအညီဖြစ်ပါတယ်။ တခြားအကူအညီ ပေးလို့မရဘူး။ ဥပမာ ဖွံ့ဖြိုးရေးတို့ ဘာတို့ မပေးနိုင်ဘူး။ ပိတ်ဆို့မှုကိုလည်း အမေရိကန်လိုပဲ တကယ်အပြောင်းအလဲ မပြနိုင်ရင် ဥရောပသမဂ္ဂကလည်း ရုပ်သိမ်းမှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခု အီးယူ က ပေးမှာက သန်းတရာ ယူရို (euro) လား ဒေါ်လာ (dollar) လား?

ဦးဟန်ယောင်ဝေ ။ ။ ယူရို ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအထဲမှာ ကျန်းမာရေး၊ ပညာရေး အပြင် ဖွံ့ဖြိုးမှု အလုပ်အကိုင်သစ် ဖန်တီးမှုဆိုတာတွေ ပါနေပါ တယ်။ ဒီဟာ လူသားချင်းစာနာမှု humanitarian မဟုတ်တော့ဘူး ထင်ပါတယ်။ အလုပ်အကိုင် ရရှိရေးဘာညာဆိုတာ။

ဦးဟန်ယောင်ဝေ ။ ။ တကယ်ကတော့ ဖွံ့ဖြိုးရေးဆိုတဲ့နေရာမှာ ဘာလဲဆိုတော့ လူထုရဲ့  လုပ်ကိုင်စားသောက် အသက်မွေး နိုင်ဖို့ လုပ်ငန်းဖြစ်ပါတယ်။ တဘက်ကကြည့်ရင် ဒါက ဖွံ့ဖြိုးရေးလို့ ပြောနိုင်တယ်။ ဒါပေမဲ့ လာတဲ့ငွေကတော့ လူမှုရေးစာနာ တဲ့ ခေါင်းစဉ်ထဲကနေ လာတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးနွယ်အောင်ရဲ့  အမြင်ကိုလည်း သိပါရစေ။ အခုန စောစောကပြောတဲ့ အခြေအနေမျိုးမှာ ဥရောပသမဂ္ဂ ပေးလာတဲ့ အကူအညီဟာ အမေရိကန်လို ခင်များတို့ဘက်က ပြောင်းမှ ကျနော်တို့က ပေးမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ရက်ရောလွန်းတယ်လို့ တချို့ က ယူဆကြပါတယ်။ အဲဒီအမြင်ကို ဆရာ ဘယ်လိုမြင်ပါသလဲ။

ဦးနွယ်အောင် ။ ။ ဟုတ်ကဲ့ခင်ဗျာ။ ဟန် ပြောသွားတာကို အခုအထိတော့ ကျနော် လက်ခံပါတယ်။ ဥရောပအနေနဲ့က အကူအညီပေးမယ်ဆိုလိုရှိရင် အတိအလင်း ကြေညာထားတာကလည်း humanitarian aid ပဲ ဖြစ်ပါတယ်။ လူသားချင်း စာနာတဲ့ အကူအညီပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့က development aid တို့အထိ ပေးမယ်ဆိုလို့ရှိရင် သူတို့ရဲ့  အီးယူရဲ့  common position ကို ပြောင်းရမှာ ဖြစ်ပါတယ်။ ဒီဥစ္စာကတော့ လောလောဆယ် လွယ်လွယ်ကူကူနဲ့ ပြောင်းလို့ မရပါဘူး။ သူတို့ အီးယူ foreign ministers တွေ သူတို့ တွေ့ဆုံပေးပြီးမှ ဒီဥစ္စာက ပြောင်းဖို့လိုရှိရင် အားလုံး သဘောတူညီ ချက် နဲ့ ပြောင်းရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လောလောဆယ်မှာတော့ လူသားချင်းစာနာတဲ့ aid တွေကို သူတို့က ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီ aid တွေကို ပိုပြီးတော့ ပေးချင်လည်း ပေးမယ်။ ဒါကတော့ မြန်မာနိုင်ငံရဲ့  စစ်အာဏာပိုင် တွေက ဘယ်လို respond လုပ်မယ်၊ ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆက်ပြီးတော့ ဆွေးနွေးမယ်ဆိုရင် ဟန် ကိုပဲ ဆက်ပြီးမေးပါရစေ။ အခု ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံနဲ့ third track လို့ ပြောပါတယ်။ ဒါက နိုင်ငံရေးအရလည်း ဆွေးနွေးနေတယ်လို့ သူရဲ့  အသုံးအနှုန်းကို မြန်မာနိုင်ငံကို တလောက သွားခဲ့တဲ့ အီးယူအရာရှိက ပြောပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘယ်အထိ မျှော်လင့် ထားပါသလဲ။ မြန်မာနိုင်ငံ စစ်အစိုးရဆီက နိုင်ငံရေး လိုက်လျောမှုကို ဥရောပသမဂ္ဂ က ဘယ်အတိုင်းအတာအထိ မျှော်လင့် ပါသလဲ။ All inclusive လို့ ခေါ်နေတဲ့ လူတိုင်းပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ဘဲလား၊ Free and Fair Elections လုပ်ဖို့ ပဲလား၊ သို့တည်းမဟုတ် ဖွဲ့စည်းပုံကို ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံတွေနဲ့ ညှိနှိုင်းပြီးမှ လုပ်မယ်ဆိုတဲ့သဘောလား။ ဘယ်အဆင့်အထိ ဥရောပသမဂ္ဂ က မျှော်လင့်ထားပါသလဲ?

ဦးဟန်ယောင်ဝေ ။ ။ ဒီကိစ္စမှာကတော့ ကျနော် သေသေချာချာတော့ မသိပါဘူး။ ဒါပေမဲ့ သူတို့ဆီမှာကတော့ နအဖ အနေနဲ့ သူတို့နဲ့ ဆွေးနွေးလာတယ်ဆိုရင် ဆက်ပြီးတော့ ဆွေးနွေးနိုင်တယ်။ ပြီးတော့မှ အပြောင်းအလဲ တဖြည်းဖြည်း ဖြစ်နိုင်မယ်လို့ စဉ်းစားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂလည်း စိတ်ပျက်ပြီး ပြန်သွားရမှာပဲ။ ဘာကြောင့်လဲဆိုတော့ နအဖအနေနဲ့ အပြောင်းအလဲလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ နအဖအစိုးရက နိုင်ငံရေးပါတီတွေအားလုံး ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ သူပြောမှာပဲ။ ဘယ်သူမဆို ဝင်ပါ၊ မှတ်ပုံတင်ပါလို့ ရွေးကောက်ပွဲဥပဒေ ထုတ်လာတဲ့အခါမှာ။ ပြီးတော့ သူတို့ဟာ ရွေးကောက်ပွဲ လုပ်ပေး မယ်၊ လွတ်လပ်တဲ့ ပွင့်လင်းတဲ့ ရွေးကောက်ပွဲ တကယ်လုပ်ပေးမယ်ဆိုရင်ကော ဥရောပသမဂ္ဂ က သူတို့လက်ခံမလား? ဆိုကြပါတော့ တိုက်ရိုက်မရရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘူးဆိုရင်?

ဦးဟန်ယောင်ဝေ ။ ။ နအဖအနေနဲ့ကတော့ ပြောတဲ့အတိုင်း ဒေါ်စုကို လွှတ်ချင်မှ လွှတ်မယ်၊ အကျဉ်းသမားတွေလည်း လွှတ်ချင်မှ လွှတ်မယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ရွေးကောက်ပွဲကို သူတို့ (ဥရောပသမဂ္ဂ) ဗဟိုပြုပြီးတော့ ဆွေးနွေးနေတာ ဖြစ်နိုင်တယ်ပေါ့။

ဦးနွယ်အောင် ။ ။ လောလောဆယ်တော့ သူတို့က ရွေးကောက်ပွဲကိစ္စကို သူတို့ဆွေးနွေးတာများတယ်လို့ ကျနော် သိရပါ တယ်။ သူတို့ကလည်း စောစောစီးစီးထဲကလည်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ၂၀၁၀ မှာလုပ်မယ် ရွေးကောက်ပွဲ ဟာ free and fair ဖြစ်ဖို့။ နောက်ပြီးတော့ creditability ရှိဖို့ နောက်ပြီးတော့ all inclusive ရှိဖို့ ဆိုတာ လိုအပ်တယ်ဆိုတာ သူတို့ပြောထားပြီးသာရှိပါတယ်။ ဒါကြောင့်မို့ သူတို့အနေနဲ့ကလည်း စစ်အာဏာရှင်တွေနဲ့ စကားပြောတဲ့အခါမှာ ဒါကိုဘဲ တောင်းဆိုမယ်လို့ မြင်ပါတယ်။ ကျနော်တို့ အမြင်ကတော့ ဒီလောက်တောင်းဆိုရုံနဲ့ မပြည့်စုံသေးဘူးလို့ ကျနော်တို့က မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာတို့က ဥရောပသမဂ္ဂကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လောက် convince လုပ်နိုင်မယ်လဲ။ သဘောပေါက်အောင် သူတို့နားလည်လာအောင် ဘယ်လောက်ထိ လုပ်နိုင်မယ်ထင်ပါသလဲ?

ဦးနွယ်အောင် ။ ။ ကျနော်တို့ကတော့ ဥရောပမှာတော့ symposium တွေ seminar တွေ လုပ်နေတယ်။ ဖြစ်နိုင်ရင် အီးယူ ကိုယ်စားလှယ်တွေကိုလည်း ဒီအစည်းအဝေးတွေကို လာရောက်တက်ဖို့ကို ဖိတ်ခေါ်ဖို့ ရှိပါတယ်။ ဒီလိုအနေနဲ့ အီးယူ ခေါင်းဆောင်တွေကို ကျနော်တို့က ဖျောင်းဖျမှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟန်ကို စောစောက ဦးနွယ်အောင် ပြောတဲ့အချက်ထဲက တချို့ ကို ထောက်ပြပြီးတော့ မေးချင်ပါတယ်။ All inclusive ဖြစ်ရမယ်၊ ရွေးကောက်ပွဲ ဘာညာဆိုတော့ စစ်အစိုးရကတော့ ဘယ်သူမဆို လာပြီးမှတ်ပုံတင်ပါလို့ ဖွင့်ပေး မှာပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်လို့ ပုဂ္ဂိုလ်မျိုးကျတော့ တရားဥပဒေအရ ငြိစွန်းတယ်လို့ဆိုပြီးတော့ လုပ်ထားတယ် မပေးနိုင်ဘူးဆိုတာ လုပ်ပြီးတော့ ကျန်တော့လူတွေကိုတော့ ဖွင့်ပေးမယ်။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေ တော့ သူကို စစ်အစိုးရက ကြောက်နေတာပေါ့။ သဘောအားဖြင့် တည့်တည့်ပြောရရင် ဒေါ်စု ရွေးကောက်ပွဲဝင်လိုက်ရင် သူတို့လိုချင်တဲ့ အင်အားရမှာမဟုတ်ဘူးဆိုတာမျိုး တွေ့နေတယ်လို့ ယူဆကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ် ပေးဘူး၊ all inclusive လုပ်တယ်။ လွှတ်ပေးအုန်းတော့ ရွေးကောက်ပွဲဝင်ခွင့် မပေးဘူး လုပ်ခဲ့ရင် ဥရောပသမဂ္ဂ သဘောထားက လက်ခံနိုင်မယ် ထင်ပါသလား။

ဦးဟန်ယောင်ဝေ ။ ။ ဒီနေရာမှာ ပြောချင်တာက နိုင်ငံတကာအနေနဲ့က ရွေးကောက်ပွဲကို လက်ခံတယ် မလက်ခံဘူး ဆိုတဲ့ နေရာမှာ သိပ်ပြီးတော့ ဂရုမစိုက်စေချင်ဘူး။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာက လက်ခံတယ်၊ မလက်ခံဘူး ဆိုပေမဲ့ ဒါဟာ နအဖက သူလုပ်ချင်ရင် လုပ်သွားလို့ရတယ်။ ဒါပေမဲ့ ဒီအထဲမှာ ကျနော်တို့ ပြောနေကြတာက ဒေါ်စုကိုလည်း မလွှတ် ဘူး ဆိုပေမဲ့ ကျနော်ထင်တာ သူလွတ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် နောက်ဆုံး အန်အယ်လ်ဒီ ကလည်း မပါဝင်ဘူး၊ ရွေးကောက်ပွဲမှာ မပါဝင်ဘူး၊ သူ့ကို ပြိုင်မယ် နိုင်ငံရေးပါတီလည်း မရှိဘူးဆိုရင် နီးနီးကပ်ကပ်အချိန်မှာ လွှတ်ပေးလိုက်ပြီး နိုင်ငံတကာကို ကြေညာမယ်.. ဒေါ်စုကိုလည်း လွှတ်ပေးပြီ၊ ပါတီတွေလည်း အခွင့်ပေးထားတယ်၊ ဒါပေမဲ့ ဘယ်သူမှ မပါ ဘူး။ ဒါကို မတတ်နိုင်ဘူး သူတို့ဘက်က အကုန်ဖွင့်ထားပြီးပြီ သူ့လူပဲ နိုင်မယ်ဆိုရင် လုပ်သွားနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါ လက်ခံနိုင်တဲ့ အခြေအနေလား။ ကျနော်တခု ကြားရတာက သတင်းအနေနဲ့ အတည်မပြုနိုင်သေး ပါဘူး။ ပြည်ပအခြေစိုက်နေတဲ့ မြန်မာအရေး လှုပ်ရှားသူတချို့ တောင်မှ ရွေးကောက်ပွဲကို ဝင်ရောက်ဖို့အတွက် တားဆီး နေကြတယ်။ သွားဖို့အတွက် အခွင့်အလမ်းရှာနေတယ်လို့ ပြောနေကြပါတယ်။ အခုန ဟန် ပြောတဲ့ အခြေအနေနဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုရင် လက်ခံနိုင်မယ် အနေအထားလား?

ဦးဟန်ယောင်ဝေ ။ ။ အဲဒီလိုမျိုး လိမ်ညာလုပ်သွားမယ်ဆိုရင်တောင် လက်ခံလို့မရပါဘူး။ နိုင်ငံတကာကလည်း ကြည့်နေ တာက သူတို့ပြောနေတောင်းဆိုနေတဲ့ အချက်အလက်တွေကို နအဖအနေနဲ့ ဘယ်လောက်လုပ်မလဲ။ နအဖ တကယ် မလုပ်ဘူး ဆိုရင်တော့ ဘယ်လိုမှ အပြောင်းအလဲ ဖြစ်လာမှာမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဦးနွယ်အောင်?

ဦးနွယ်အောင် ။ ။ ဥရောပသမဂ္ဂ က အဲဒီလို ဖြစ်လာလို့ရှိရင် သူတို့ လက်ခံမှာမဟုတ်ပါဘူး။ sanction တွေကို ပိုပြီးတော့ ချမှာတို့၊ ဒီထက်ပိုပြီးတော့ ပိတ်ဆို့မှုတွေကို လုပ်မှာတို့ ဆိုတာတွေကို သူတို့လည်း စဉ်းစားထားပြီးသား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးရမယ့် မေးခွန်းက ဟန်ရဲ့  မျှော်လင့်ချက် ဘယ်လိုရှိပါသလဲ။ ဒါကို အကောင်းမြင်သလား၊ ဥရောပသမဂ္ဂတို့ လုပ်နေတဲ့ အခြေအနေ၊ မြန်မာနိုင်ငံ မျှော်လင့်ထားသလို ဖြစ်လာမယ် ထင်ပါသလား?

ဦးဟန်ယောင်ဝေ ။ ။ ကျနော်ထင်တာကတော့ နိုင်ငံတကာ မျှော်လင့်ထားတဲ့အပိုင်းတော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့က အခြေအနေတွေ ကောင်းကောင်းမသိဘဲနဲ့ နအဖက ရိုးရိုးသားသား ဖြစ်တဲ့အစိုးရ ထင်ပြီး တောင်းဆို တယ်၊ တိုက်တွန်းတယ်။ ဒါပေမဲ့ နအဖ က ဒီဟာတွေကို နားထောင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော် မျှော်လင့်တာက ဘာလဲဆိုတော့ ဒီ ရွေးကောက်ပွဲက ပြည်တွင်းက လူတွေက ဒီဟာကို အသုံးပြုနိုင်မလားဆိုတာကို တိုက်တွန်းချင်ပါတယ်။ စဉ်းစားကြပါ။ ဘာကြောင့်လည်းဆိုတော့ နအဖ လုပ်တဲ့ဟာကတော့ မကောင်းပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲထဲမှာ ကျနော်တို့ဘက်က မဝင်ပြိုင်ဘူး။ တယောက်မှ မပါဘူးဆိုရင်လည်း နအဖ က လုပ်သွားမှာပဲ။ လူထုကတော့ မရွေးလို့ မရဘူး။ လူထုကတော့ နအဖ မဲပေးမှာပဲ။ အဲဒီနေရာမှာ လူထုက ရွေးနိုင်ဖို့ ပြည်တွင်းကရှိတဲ့ အဖွဲ့တွေ လုပ်သင့်တယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးနွယ်အောင် သဘောထားလည်း သိချင်ပါတယ်။ မျှော်လင့်ပါလား။ ဆရာတို့ ဖိအားပေးပြီးတော့ လှုပ်ရှားလုပ်ဆောင်နေတဲ့အတိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးလာလိမ့်မယ်၊ စစ်အစိုးရက အဲဒီအတိုင်း လိုက်နာ လုပ်ဆောင်မယ်လို့ မျှော်လင့်ပါသလား?

ဦးနွယ်အောင် ။ ။ ကျနော်အနေနဲ့တော့ စစ်အာဏာပိုင်တွေကတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်သွားမှာပဲ။ တိုင်းပြည်ထဲမှာရှိနေတဲ့ ပြည်သူလူထု အဖွဲ့အစည်းတချို့ ကတော့ ပါဝင်မှာပဲ။ ဒီနေရာမှာ ကျနော်အမြင်နဲ့ ဟန် အမြင် ကွာခြားတာကတော့ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ့် အဖွဲ့အစည်းတွေကို ဖျောင်းဖျမယ် မဝင်ဖို့။ ကျနော်တို့ ဖြစ်စေချင် တာကတော့ ဒီရွေးကောက်ပွဲကို boycott လုပ်တဲ့ သဘောမျိုးပေါ့။ အဲဒီအချိန်မှာလည်း အီးယူတို့ အမေရိကန်တို့ နောက်ပြီး တော့ တခြားနိုင်ငံတွေကိုလည်း ဝိုင်းပြီးတော့ သပိတ်မှောက်ကြဖို့ဆိုတာတွေကို လှုံ့ဆော်ထားတာ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG