သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ဂုဏ်သိက္ခာ အိုဘားမား လေးစား


ဒေါ်အောင်ဆန်းစုကြည်တို့လို ပြုပြင်ရေးသမားတွေရဲ့ အေးဆေးတည်ငြိမ်သော ဂုဏ်သိက္ခာတွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ တလေးတစားနဲ့ စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ပြောကြားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆု လက်ခံတဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ အမေရိကန် သမ္မတဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုကို နော်ဝေးနိုင်ငံ အော်စလိုမြို့တော်မှာ တရားဝင် လက်ခံခဲ့တာပါ။

သမ္မတ အိုဘားမားဟာ ကမ္ဘာ့နိုင်ငံတွေ စစ်ဖြစ်ပွားရတဲ့ အခြေအနေ၊ ငြိမ်းချမ်းရေး အမြန်ဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေအနေတွေ အကြောင်း အကျယ်တဝံ့ ပြောကြားခဲ့တာကို ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် ပေါ်လာ ဝုဖ်ဆွန်က (Paula Wolfson) သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

သမ္မတအိုဘားမားဟာ ဒီငြိမ်းချမ်းရေးဆုကို ကျိုးနွံစွာ လက်ခံရတာ ဖြစ်တဲ့ အကြောင်း၊ နိုဘဲလ် ကော်မတီက ဒီဆုကို ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေတယ်ဆိုတာ သိရှိတဲ့အကြောင်း စတင်ပြောကြားခဲ့ပါတယ်။

“တစိတ်တဒေသအားဖြင့်တော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ကျနော့်လုပ်ရပ်တွေရဲ့ အစပိုင်းသာ ရှိသေးပြီး ဆုံးခန်း မတိုင်သေးတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အရင်က ဒီဆုကို လက်ခံရရှိခဲ့ကြတဲ့ Schweitzer တို့၊ King တို့၊ Marshalတို့၊ Mandela တို့ရဲ့ စွမ်းဆောင်မှုတွေနဲ့ စာရင် ကျနော့်ရဲ့ စွမ်းဆောင်မှုတွေက မပြောပလောက်ပါဘူး။”

ဒါ့အပြင် ပိုပြီး အရေးကြီးတဲ့ ကိစ္စတခုက သူဟာ စစ်ပွဲနှစ်ခုအကြား ပိတ်မိနေတယ်ဆိုတဲ့ အချက်ပါပဲလို့လည်း ဆက်ပြီး ပြောကြားပါတယ်။

“ကျနော်တို့ဟာ စစ်ပွဲနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန်လူငယ် ထောင်ပေါင်းများစွာကို အလှမ်းကွာဝေးတဲ့ စစ်မြေပြင်တွေဆီ ပို့ပေးရတဲ့အတွက် ကျနော့်မှာ တာဝန်ရှိပါတယ်။ သူတို့အထဲက တချို့ဟာ လူသတ်ရပါလိမ့်မယ်။ တချို့ဟာ အသတ်ခံရပါလိမ့်မယ်။ စစ်နဲ့ ငြိမ်းချမ်းရေး ဆက်နွယ်မှု၊ စစ်ပွဲကို ငြိမ်းချမ်းရေးနဲ့ ဘယ်လို အစားထိုးကြမယ်ဆိုတဲ့ ခက်ခဲတဲ့ ပြဿနာတွေ ရှိနေတယ်ဆိုတာကို နားလည် သဘောပေါက်ထားပါတယ်။”

သမ္မတအိုဘားမားက ဆက်လက်ပြီး ကိုယ့်လူမျိုး အချင်းချင်း လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်နေကြတာကိုလည်း ပြောပါတယ်။ စစ်ရေးပဋိပက္ခ မရှိဘူး ဆိုတာထက် ငြိမ်းချမ်းရေးဆိုတာ တည်ရှိနေဖို့က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဟာ ကမ္ဘာပေါ်က နိုင်ငံတွေအကြား ထူးခြားတဲ့ ယဉ်ကျေးမှုတွေ၊ ထုံးတမ်း အစဉ်အလာတွေ ရှိနေတယ်။ တနိုင်ငံနဲ့ တနိုင်ငံ မတူညီဘူး ဆိုတာကို ကျနော်တို့ နားလည် သဘောပေါက်ပေမဲ့ အမေရိကန် ပြည်ထောင်စုဟာ လူသားတရပ်လုံးရဲ့ ရည်မှန်းချက်တွေကိုတော့ ဖော်ထုတ် ပြောကြားသွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို ပြုပြင်ရေးသမားတွေရဲ့ အေးဆေးတည်ငြိမ်တဲ့ ဂုဏ်သိက္ခာကို ကျနော်တို့က အလေးထားပြီး ဖော်ထုတ်သွားမှာပါ။ ရိုက်နှက်ခံရမယ့် အန္တရာယ်ကြားက မဲပေးရဲကြတဲ့ ဇင်ဘာဘွေ ပြည်သူတွေရဲ့ သတ္တိ၊ ငြိမ်သက်စွာ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြရဲကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကိုလည်း အလားတူ လေးစားစွာ ဖော်ထုတ်ရမှာပါ။”

၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုဘဲလ်ကော်မတီက သမ္မတ အိုဘားမားရဲ့ နိုင်ငံတကာ သံတမန် ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး ခိုင်မာအောင် အားပေးရတာဖြစ်ကြောင်း၊ သမ္မတ အိုဘားမားဟာ ကမ္ဘာ့ပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည် ပါးလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG