သုံးရလွယ်ကူစေသည့် Link များ

မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်


ဘင်္ဂလားပင်လယ်ကွေ့ဒေသ အတတ်ပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC (၇) နိုင်ငံအစည်းအဝေးမှာ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါလ်၊ ဘူတန် နဲ့ ထိုင်း စတဲ့ နိုင်ငံ (၇) နိုင်ငံ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာပြည်ရဲ့  အရှေ့ ဘက်နဲ့ အနောက်ဘက်ဒေသ ပူးတွဲလုပ်ကိုင်ရေး ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ မြန်မာနိုင်ငံဟာ (၂၀၀၁) မှာ တကြိမ် အခုတကြိမ် အလှည့်ကျ ဥက္ကဌ တာဝန်ယူရပါတယ်။ အဖွဲ့ဝင်တွေမှာ အသွင်မတူတာတွေ များလွန်းတာကြောင့် တင်းမာမှုတွေလည်း ရှိပါတယ်။ ဥပမာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မြန်မာဘက်က သံဆူးကြိုးကာပြီး မြေမြုပ်မိုင်းဗုံးချထားတယ်ဆိုတဲ့ သတင်းကြောင့် ဒီနှစ်ထဲ မကြာခဏ တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ကီလိုမီတာ (၂၀၀) ရှည်လျားတဲ့ နယ်စပ်က မောင်းတောမြို့ နယ်မှာ ကီလိုမီတာ (၈၀) သံဆူးကြိုးတံတိုင်း လွန်ခဲ့တဲ့ မတ်လကတည်းက တည်ဆောက်လာတ တဝက်ပြီးစီးနေပြီလို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်က မွတ်စလင်များ ပြန်ဝင်မလာနိုင်အောင် သံဆူးကြိုး ကာတာလို့ ဆိုပါတယ်။ နယ်နမိတ်သဘောတူချက် (၃) ကြိမ် (၁၉၆၆၊ ၁၉၈၀၊ ၁၉၉၈) ရယူခဲ့ပေမဲ့ နယ်ခြားအမှတ်အသားမရှိတဲ့ နေရာက များနေတာမို့ မကြာခဏ ပြဿနာဖြစ်နေတာလို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာနယ်စပ်မှာ နယ်ခြားမှတ်တိုင် သုံးရာကျော် စိုက်ထူဖို့ စီစဉ်နေပါတယ်။

ကုန်းပိုင်းနယ်နိမိတ်ထက် ဖြေရှင်းရခက်နေတာက ပင်လယ်ရေပိုင်နက်ပါပဲ။ ရေနယ်နိမိတ်ဟာ ကမ်းရိုးတန်းက ပင်လယ်ပြင်အထိ (၁၂) မိုင်သာ ဖြစ်ပေမယ့် သီးသန့်စီးပွားရေးဇုံက မိုင် (၂၀၀) ဖြစ်ပါတယ်။ အိန္ဒိယရဲ့  သီးသန့်စီးပွားရေးဇုံကလည်း မိုင် (၂၀၀) ဖြစ်တာကြောင့် မြန်မာနဲ့အိန္ဒိယအကြားမှာ ရှိနေတဲ့ ဘင်္ဂလာဒေ့ရှ်အဖို့ စီးပွားရေးဇုံ မရှိသလောက် ဖြစ်သွားပါတယ်။ ဒါကြောင့် ဘင်္ဂလာဒေ့ရှ်ရဲ့  ပင်လယ်ပြင် စီးပွားရေးဇုံ သတ်မှတ်ရာမှာ အိန္ဒိယနဲ့ မြန်မာက သဘောတူဖိုပ လိုပါတယ်။ ဗမာစစ်အစိုးရရဲ့  သီးသန့် စီးပွားရေးဇုံကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်ထားတဲ့အတွက် ပင်လယ်နယ်နမိတ် သတ်မှတ်ရေးကို ကုလသမဂ္ဂ ကမ်းလွန်နယ်နမိတ် ကန့်သတ်ရေး ကော်မရှင်က ရက်အကန့်အသတ်မရှိ ရွှေ့ ဆိုင်းထားပါတယ်။

ကမ်းရိုးတန်းနိုင်ငံက သီးသန့်စီးပွားရေးဇုံကိုကျော်ပြီး ရေနယ်နိမိတ်သတ်မှတ်လိုရင် ၁၉၉၉ မေလ (၁၃) ရက်နေ့ကစပြီး ဆယ်နှစ်အတွင်း ကုလသမဂ္ဂကော်မရှင်ကို တင်ပြဖို့ လိုပါတယ်။ ဒါကြောင့် ဗမာအစိုးရဟာ ဆယ်နှစ်မပြည့်မီ ၂၀၀၈ ဒီဇင်ဘာလ (၁၆) ရက်နေ့က ကုလသမဂ္ဂ ကမ်းလွန်နယ်နိမိတ် ကန့်သတ်ရေးကော်မရှင်ကို တင်ပြပါတယ်။ ဒီကိစ္စကို ဒီနှစ်သြဂုတ်လ (၂၄) ရက်နေ့က ဆွေးနွေးပါတယ်။ ဆက်လက်ဆောင်ရွက်ဖို့အတွက် ဆပ်ကော်မရှင်ဖွဲ့စည်ပြီး ကြားနာရမှာ ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်လာတဲ့အတွက် ဆပ်ကော်မရှင်ဖွဲ့တဲ့အဆင့်ကို မရောက်တော့ဘဲ ဗမာစစ်အစိုးရရဲ့  တောင်းဆိုမှုကို ရပ်ဆိုင်းတာဖြစ်ပါတယ်။ ပင်လယ်ကြမ်းပြင်မှာ သဘာဝဓါတ်ငွေ့တွေ့ကတည်းက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာအစိုးရတွေဟာ စီးပွားရေးပြိုင်ဘက်တွေ ဖြစ်လာကြပါတယ်။ ဘင်္ဂလားပင်လယ်ဟာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောတွေ အင်းအားပြတဲ့နေရာလည်း ဖြစ်လာပါတယ်။

အိန္ဒိယအစိုးရကလည်း မိုင် (၂၀၀) သီးသန့် စီးပွားရေးဇုံအပြင်က ပင်လယ်မှာတောင် ဘင်္ဂလားဒေ့ရှ်ကို ဓါတ်ငွေ့ရှာခွင့်မပြုတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကုလသမဂ္ဂ ကမ်းလွန်နယ်နိမိတ် ကန့်သတ်ရေးကော်မရှင်ကို တိုင်ကြားထားရပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယနဲ့ တစ်မှု၊ မြန်မာနဲ့ တစ်မှု အမှု (၂) မှု ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယတိုင်းရင်းသားသူပုန်တွေ ခိုလှုံတယ်ဆိုတဲ့ အိန္ဒိယအစိုးရစွဲချက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး မပြေမပြစ်ဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း အိန္ဒိယနယ်စပ်မှာ နယ်ခြားမှတ်တိုင် သုံးရာကျော် စိုက်ထူဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသကို အတိအကျ တိုင်းတာသတ်မှတ်တာမျိုး မလုပ်ရသေးပါဘူး။ ဒါကြောင့် ဘင်္ဂလားပင်လယ်ကွေ့ဒေသ အတတ်ပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွေ ကျင်းပနေပေမယ့် နယ်စပ်ပြဿနာတွေကို လက်တွေ့မဖြေရှင်းနိုင်တာ တွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေးကားလမ်း တည်ဆောက်ဖို့ ၂၀၀၂ ကတည်းက သဘောတူထားခဲ့ကြပေမယ့် အကောင်အထည် မပေါ်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လာရင် ဗမာစစ်အစိုးရဘက်က မကြာခဏ ရွှေ့ ဆိုင်းခဲ့တာကြောင့် အခုလို ကြန့်ကြာနေရတာလို့ သိရပါတယ်။ ဒီအတောအတွင်း စစ်တကောင်း၊ မန္တလေး၊ ကုမင် မော်တော်ကားလမ်းဖောက်ဖို့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နဲ့ တရုတ်တို့ ၂၀၀၆ မှာ သဘောတူလိုက်ပါတယ်။ ဒီကိစ္စကို လွန်ခဲ့တဲ့မေလက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားတုန်းကလည်း ထပ်မံဆွေးနွေးပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်ပြဿနာ ရှိနေတုန်းဖြစ်ပါတယ်။ အခုလည်း မူစလင်ဒုက္ခသည် နှစ်သောင်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကျန်ရှိနေပါသေးတယ်။ နောက်တခါ ထပ်ပြီး သိန်းနဲ့ချီ ထွက်ပြေးကြဦးမယ်ဆိုရင် မူစလင်ဒုက္ခသည်ကိစ္စဟာ ဒေသလုံခြုံရေး ပြဿနာ ဖြစ်လာနိုင်လာပါတယ်။ ဘင်္ဂလားဒေ့ရှ်အဖို့ အိမ်နီးချင်း အိန္ဒိယနဲ့ မြန်မာတို့နဲ့ အဆင်ပြေဖို့က ပိုအရေးကြီးပါတယ်။ ဘင်္ဂလားပင်လယ်ကွေ့ဒေသ အတတ်ပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အစည်းအဝေးမှာ (၃) နိုင်ငံနယ်နမိတ် ပြဿနာကို သီးခြားဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG