သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းလွတ်လပ်ခွင့် မြန်မာနိုင်ငံမှာရဖို့ အရေးကြီး


ပတ်ဝန်းကျင်ရေးရာကိစ္စရပ်တွေကို သတင်းလိုက် သတင်းရေးကြတဲ့ မြန်မာနိုင်ငံတွင်းက သတင်းထောက်တွေဟာ ဆင်ဆာ ဖြတ်တောက်ခံရတာ အပါအဝင် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့အစည်းတွေက ထောက်ပြ ဝေဖန်လိုက်ကြပါတယ်။ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့မှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ ကျင်းပနေတဲ့အချိန်မှာပဲ အဲဒီလိုပြောလိုက်ကြတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်စုံကို တင်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို သတင်းရေးသားကြတဲ့ သတင်းသမားတွေ အပေါ် အကြမ်းဖက်တာ၊ ဖိနှိပ်တာတွေ တိုးပြီးဖြစ်လာနေတာနဲ့အမျှ သူတို့ကို အကာအကွယ်ပေးဖို့ အရေးတကြီး လိုအပ် နေပြီလို့ သတင်း မီဒီယာအဖွဲ့အစည်းတွေက နှိုးဆော်လိုက်တာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကိစ္စကို ကမ္ဘာ့နိုင်ငံတွေက ကိုင်တွယ် ဆောင်ရွက်မယ်ဆိုရင် အဲဒီကိစ္စတွေကို သတင်းမီဒီယာတွေက လွတ်လွတ်လပ်လပ် သတင်းရေးသားခွင့် ရှိရမယ် လို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့ အပါအဝင် နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ နိုင်ငံတွင်း သတင်းလွတ်လပ်ခွင့် ဆိုင်ရာ အဖွဲ့အစည်း ၂၄ ခုက ကိုပင်ဟေဂင်မြို့မှာ သောကြာနေ့ကလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောခဲ့ပါ တယ်။

ဒီလိုအရေးကြီးတဲ့ကိစ္စရပ်တွေကို သတင်းမီဒီယာတွေက ရေးသားတင်ပြခွင့်အပေါ် လေးစားလိုက်နာမှုမရှိတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေ ရှိနေရင် ရာသီဥတုပြောင်းလဲမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ ဘယ်လိုလုပ်ပြီး မျှော်လင့်နိုင်ပါ့မလဲ လို့ အဲဒီအဖွဲ့အစည်းတွေက မေးခွန်း ထုတ်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ သစ်ခုတ်လှဲတဲ့ကိစ္စတွေ၊ သစ်တောပြုန်းတီးတဲ့ကိစ္စတွေနဲ့ ပတ်သက်တဲ့သတင်းတွေကို ပိတ်ပင်ခံရသလို အဲဒီလို သတင်းတွေကို စုံစမ်းဖို့ မြန်မာနိုင်ငံတွင်း သတင်းသမားတွေသာမက နယ်စပ်က သတင်းသမားတွေအတွက်ပါ အခက်အခဲတွေ့ နေကြရတယ်လို့ RSF အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာအကြီးအကဲ ဗင်းဆင့် ဘရော့ဆဲလ် (Vincent Brossel) က ပြောပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံများစွာ ထဲမှာမှ မြန်မာနိုင်ငံကို ဥပမာပေး ထည့်သွင်းဖော်ပြထားတာလို့ ဆိုပါတယ်။

"မြန်မာသတင်းသမားတွေအနေနဲ့ ပတ်ဝန်းကျင် အဆိပ်သင့်တဲ့ဖြစ်ရပ်တွေ၊ မသန့်ရှင်းတဲ့ကိစ္စတွေ၊ သတ္ထုတူးဖော်ရေး ဆိုင်ရာ ပြဿနာတွေနဲ့ သူတို့ရဲ့ သဘာ၀ ပတ်ဝန်းကျင်ပျက်စီးစေတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို သတင်းရေးသားဖို့ အခက်အခဲ တွေ့ကြရပါတယ်။ ဒါကြောင့်မို့ ဆင်ဆာ တည်းဖြတ်တာကို ကျနော်တို့ ရှုတ်ချတဲ့တပြိုင်နက်ထဲမှာပဲ သဘာ၀ ပတ်ဝန်းကျင် ရေးရာ ကိစ္စတွေကိုတောင်မှ မြန်မာသတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရေးသားခွင့် မရဘူး ဆိုတာဟာလည်း ထောက်ပြသင့်တဲ့ကိစ္စတခုလို့ ကျနော်တို့ထင်ပါတယ်။"

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကလည်း မရှိ၊ သဘာဝပတ်ဝန်းကျင်ရေးရာ ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လူထုကြား ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့်လည်း မရ၊ သတင်းမီဒီယာတွေအနေနဲ့လည်း အာဏာပိုင်တွေရဲ့လုပ်ရပ်နဲ့ သဘောထား၊ သက်ဆိုင် ရာလူထုတွေရဲ့ လုပ်ရပ်နဲ့သဘောထား တွေကို ပွင့်ပွင့်လင်းလင်း ရေးသား တင်ပြခွင့် မရကြဘူး လို့ မြန်မာ သတင်းသမဂ္ဂ BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ထောက်ပြပါတယ်။

"ဆိုကြပါစို့။ ကျနော်တို့ သံလွင်မြစ်နဲ့ပတ်သက်တဲ့ တာတမံကိစ္စတွေ၊ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ သတင်းသမားတွေဟာ သတင်းလိုက်ခွင့် မရှိသလို သတင်းဖော်ပြခွင့်လည်း မရဘူး။ နောက်ပြီးတော့ သစ်ခုတ်တဲ့ကိစ္စတွေ၊ ပြီးတော့ တရုတ်ပြည်ဘက်ကို သစ်တွေ တရားဝင်ရော၊ မဝင်ရော ခိုးထုတ်တဲ့ကိစ္စတွေ၊ နောက်ပြီးတော့ ထိုင်း-မြန်မာ နယ်စပ်မှာ သစ်တောတွေ ပြုန်းတီးတဲ့ကိစ္စတွေ၊ ဒါတွေကို ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံက သတင်းသမားတွေ အနေနဲ့က သတင်းယူခွင့်လည်း မရှိဘူး။ ကြိုးစားပြီးတော့ သတင်းယူခဲ့ဖူးတဲ့သူတွေ ရှိတယ်။ သို့သော် သူတို့ သတင်းတွေ ကိုလည်း သတင်းစာတွေမှာ၊ သတင်းစာတွေ ဆိုတာထက် ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ဖော်ပြခွင့်မရကြဘူး။ ဒါဟာ မြန်မာ နိုင်ငံမှာ စစ်အစိုးရက ဘာပဲပြောနေပြောနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီးတော့ သူတို့သတင်းစာ တွေ မှာ ဘယ်လောက်ပဲ ပြောနေပြောနေ၊ လက်တွေ့မှာတော့ အဲဒါက သဘာဝမကျဘူး ဆိုတဲ့ အနေအထားကြောင့် အခုလိုမျိုး မြန်မာနိုင်ငံကို တခြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီးတော့ ပြစ်တင်ခံရတဲ့ နိုင်ငံတွေနဲ့ တွဲပြီးတော့ ဖော်ပြထားပါတယ်။"

ဒါကြောင့်လည်း ကိုပင်ဟေဂင်ညီလာခံ လာတက်ကြတဲ့ အာရှတိုက်သာမက အာဖရိက၊ ဥရောပ ဒေသအသီးသီးက ကိုယ်စားလှယ်တွေ ဆီကနေ သတင်းသမားတွေကို အချက်အလက်တွေ လွတ်လွတ်လပ်လပ် ရယူခွင့်ပေးမယ့်အကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ရေးရာ နဲ့ပတ်သက်ပြီး သတင်းစုံစမ်းရေးသားတဲ့ သတင်းသမားတွေကို အပြည့်အ၀ အကာအကွယ် ပေးမယ့်အကြောင်း ခိုင်မာတဲ့ အာမခံချက်ကို မိမိတို့လိုချင်တာပါလို့ ဗင်းဆင့် ဘရော့ဆဲလ် က ပြောပါတယ်။

"အစိုးရတွေကပဲ သတင်းသမားတွေကို ဖိအားပေးနေတယ်၊ ဒုက္ခပေးနေတယ်လို့ ကျနော်တို့ မဆိုလိုပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တချို့ ဖြစ်ရပ်တွေမှာဆိုရင် ဒေသခံ လူထုကိုယ်တိုင်က အနှောက်အယှက် ပေးနေတာတွေလည်း ရှိပါ တယ်။ ဒါပေမယ့် အစိုးရတွေက အရေးယူ ဆောင်ရွက်သင့်ပါတယ်။"

RSF အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ အကြီးအကဲ ဗင်းဆင့် ဘရော့ဆဲလ် ပါ။

ပြောရဆိုရခက်ခဲတဲ့အစိုးရတွေကို စောင့်ကြည့်တဲ့ တာဝန်ကိုယူပြီးတော့ အကျင့်ပျက်ခြစားတာတွေ၊ ကိုယ့်လူကိုယ် မျက်နှာသာပေး ဘက်လိုက်တာတွေ၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုတွေ အနှောက်အယှက် ဖြစ်စေတဲ့ထိ ဂရုမစိုက် လျစ်လျူရှုတာတွေကို သတင်းမီဒီယာတွေက ဖော်ထုတ် ဖွင့်ချကြရတယ်လို့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားကြတဲ့ အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG