သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ကျေးလက် ဖွံ့ဖြိုးရေး အစီအစဉ် စီးပွားရေး ပညာရှင် စတစ်ဂ်လစ်ဇ် အကြံပြု


ဒီနေ့လုပ်တဲ့ နေပြည်တော်က အစည်းအဝေးမှာ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ ဒေါက်တာ ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Joseph Stiglitz) က အကြံပေး စာတမ်းတစောင် တင်သွင်းခဲ့ပါတယ်။ ဒီ့မတိုင်ခင် ရန်ကုန်မြို့မှာ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့က တာဝန်ရှိသူတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေကို ဒေါက်တာ စတစ်ဂ်လစ်ဇ်က သီးခြားတွေ့ဆုံခဲ့ပြီး ကျေးလက်ဖွံ့ဖြိုးရေး ကိစ္စတွေ အမြင်သဘောထား ဖလှယ်ခဲ့ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါက်တာ စတစ်ဂ်လစ်ဇ်နဲ့ ကုလသမဂ္ဂရဲ့ အာရှ ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်ရုံးက အမှုဆောင် အတွင်းရေးမှူး ဒေါက်တာ နိုလန် ဟေဇာ (Dr Noeleen Heyzer) တို့ ပါဝင်တဲ့အဖွဲ့ ဒီကနေ့ တက်ရောက်တဲ့ နေပြည်တော်က ဆွေးနွေးပွဲရဲ့ အဓိက အချက်ကတော့ မြန်မာနိုင်ငံရဲ့ ကျေးလက် စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

ကျေးလက်နေ ပြည်သူတွေအတွက် စိုက်ပျိုးရေးဆိုင်ရာ ငွေကြေး အထောက်အပံ့တွေ အထိုက်အလျောက် ရရှိစေရေး ဆောင်ရွက်ဖို့၊ မျိုးစေ့နဲ့ မြေသြဇာတွေ ရရှိရေးအတွက် ဆောင်ရွက်ဖို့၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အသုံးစရိတ်တွေကို မြှင့်တင်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ၀င်ငွေမြင့်မားရေးအတွက် ကျေးလက်ဒေသ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ဖန်တီးဖို့ဆိုပြီး ပါမောက္ခ စတစ်ဂ်လစ်ဇ်က အကြံပြုခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ UN ESCAP ကြေညာချက်မှာ ဖော်ပြပါတယ်။

အရင်းအမြစ်ပေါကြွယ်တဲ့ အခြားနိုင်ငံတွေက အမှားတွေကို မြန်မာနိုင်ငံအနေနဲ့ ပြန်ပြီး လေ့လာ သင်ခန်းစာယူဖို့နဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုရင် ခိုင်မာတောင့်တင်းတဲ့ စနစ်ကောင်း လိုမယ်လို့လည်း ပါမောက္ခ စတစ်ဂ်လစ်ဇ်က အကြံပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စရပ်တွေဟာလည်း ခွဲမရဘူးဆိုတာ ပါမောက္ခ စတစ်ဂ်လစ်ဇ်က အကြံပြု ထောက်ပြခဲ့တယ်လို့ သိရပါတယ်။

ပါမောက္ခ စတစ်ဂ်လစ်ဇ်နဲ့ ဒေါက်တာ နိုလန် ဟေဇာတို့ဟာ နေပြည်တော်မှာ ဒီကနေ့ အစည်းအဝေး မလုပ်ခင် ရန်ကုန်မြို့မှာ သံတမန်တွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နေသူ အယောက် ၂၀ ကျော်နဲ့ တနင်္ဂနွေနေ့ ညပိုင်းက တွေ့ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အစိုးရမဟုတ်တဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတခုက ဒေါက်တာ ခင်ဇော်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ပါမောက္ခကြီးကတော့ သူ ၆၇ ကတည်းက မြန်မာပြည်ကို လာချင်နေတာပေါ့။ အခုမှ အထမြောက်တယ်။ သူ နေပြည်တော်မှာ မပြောခင် ဒီက ရှိတဲ့လူတွေကလည်း ကိုယ့်အမြင်တွေ သူ့ကို ပြောကြပါဆိုတော့ ဒီကလူတွေနဲ့ မေးမြန်းမယ်၊ ဆွေးနွေးမယ်၊ အကောင်းဆုံး သူ အကြံပေးသွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူက လာတာပါ။ သူ သတင်းတွေ၊ Paper တွေ၊ Report တွေ ဖတ်ရသမျှ အခြေအနေ မကောင်းဘူးဆိုတာ သူ သိပါတယ်။

“သူပြောတာကတော့ ဒီနှစ် လယ်ယာကဏ္ဍမှာ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့။ တောင်သူလယ်သမားတွေ ချေးငွေ မလုံလောက်တာ၊ တချို့ဆို လယ်ယာမဲ့ ဖြစ်ကုန်ကြတာ၊ ဒီနှစ်မှာ မိုးခေါင်တဲ့အတွက် သီးနှံတွေ ပျက်တာ၊ ကြွက်က ရှိသေးတယ်၊ ဒီကြားထဲမှာ ကြွက်သောင်းကျန်းနေတယ်၊ ဟိုး ကချင်ပြည်နယ်ကနေ မြစ်ဝကျွန်းပေါ်အထိ ကြွက်တွေ သောင်းကျန်းနေတယ်။ ဆိုတော့ အဲဒီ အခက်အခဲတွေလည်း သူ့အနေနဲ့ ကိုင်တွယ် ကျော်လွှားနိုင်အောင်ပေါ့။ နောက်တခုက Poverty ပေါ့၊ အဲဒီအကြောင်းလည်း ပြောနိုင်အောင် စာတမ်းတခုကို သူ ပြုစုခဲ့တယ်။”

ဒေါက်တာ ခင်ဇော်ဝင်းတို့ အနေနဲ့ရော သူ့ကို ဘာတွေများ ဆွေးနွေးပြောဆိုခဲ့တာ ရှိပါသေးလဲ။

“နေပြည်တော်မှာသွားပြီး အစိုးရပိုင်းကို သူ့အနေနဲ့ တင်ပြတာ တမျိုးပေါ့၊ ဟိုသွားမယ့် ပရိသတ်ကလည်း ဒီလောက်ကြီး မများဘူးလေ၊ ကန့်သတ်ထားတာကိုး။ အဲတော့ General Public လည်း သိအောင်လို့ဆိုပြီး နေပြည်တော် Circle တင်မကဘူး၊ တတိုင်းပြည်လုံးက Public ကလည်း ဒီကိစ္စကို သိအောင် လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်ဆိုပြီး သူ့ကို ပြောပြလိုက်တယ်။ ဆိုတော့ သူ ဒါကို လက်ခံတယ်။ မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေအားလုံး ဒီ Message ကို သိနိုင်အောင်။”

သူ့အနေနဲ့ရော ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် မျှော်လင့်ချက်ထားတာ တွေ့ရပါသလဲ။

“မျှော်လင့်ချက်ထားတာ ပြောမယ်ဆိုရင် ESCAP က ပိုထားလိမ့်မယ်၊ ဒေါက်တာ နိုလန် ဟေဇာက။ သူက ESCAP မှာ Under Secretary General ပေါ့လေ။ မြန်မာပြည်ကို လာနေတာလည်း အကြိမ်ပေါင်း မနည်းတော့ပါဘူး။ စောစောပိုင်းက လာသွားတာ အညာဒေသတွေ ဘာတွေ သူ သွားခွင့်ရလိုက်တယ်။ လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သူ့ကို ပို့ပေးတာ။ အဲဒီအကြောင်းကို သူ ပွင့်ပွင့်လင်းလင်း သွားဆွေးနွေးပြီးတော့ လွတ်လွတ်လပ်လပ် သွားပြီး တွေ့ခဲ့တဲ့အကြောင်းတွေ သူ ပြောပြတယ်။

“သူ့ကို လယ်ယာကဏ္ဍနဲ့ ပတ်သက်လို့ UN အနေနဲ့ ESCAP အနေနဲ့ ကူညီနိုင်ရင် ကူညီပါဆိုပြီး ဒီဘက်က ကမ်းလှမ်းတယ်။ ဆိုတော့ Software Input တွေပေါ့၊ ပေါ်လစီအကြောင်းတွေ၊ Intellectual Inputs တွေကို သူက စီစဉ်ပေးတာပါ။ ဒေါက်တာ စတစ်ဂ်လစ်ဇ်တင်မကဘူး၊ နောင်ကို တခြားပုဂ္ဂိုလ်တွေကိုလည်း သူ ဖိတ်ဦးမယ်လို့ ပြောပါတယ်။”

အရင်တုန်းက မစ္စတာဂမ်ဘာရီ (Mr. Gambari) လာတုန်းက နိုင်ငံတကာ ပါမယ်၊ အစိုးရပိုင်း ပါမယ်၊ NGO တွေ ပါမယ်။ Economic Forum ပေါ့၊ Economic Reform အတွက် မြန်မာနိုင်ငံမှာ စီးပွားရေး ဖိုရမ်တခု လုပ်ဖို့ဆိုတဲ့ အဆိုပြုချက်တခု ရှိပါတယ်။ ဒါက အဲဒီရဲ့ အစိတ်အပိုင်းတခုလို့ ပြောလို့ရမလား။

“မဟုတ်ဘူးထင်တယ်၊ မဟုတ်ဘူး။ အဲဒီတုန်းက သဲ့သဲ့တော့ ကြားလိုက်တယ်။ ဒါပေမဲ့ အထမမြောက်လိုက်ဘူးလေ။ UN ကလည်း သိတဲ့အတိုင်း သူက အရမ်းကျယ်ပြန့်တာ။ နယူးယောက်ခ်မှာ ရှိတာရော၊ အခု ESCAP ကတော့ ဘန်ကောက်မှာ။ ကိုယ်တို့လည်း သိပ်ပြီး မမျှော်လင့်ဘဲနဲ့ ဘန်ကောက်မှာရှိတဲ့ ESCAP ရုံးနဲ့ သူတို့ လမ်းပွင့်သွားတာပေါ့။ ကြားမှာလည်း ဆောင်ရွက်ပေးတဲ့လူတွေ ရှိရင် ရှိပါလိမ့်မယ်။ အဲတော့ ဒေါက်တာ နိုလန် ဟေဇာက သူ့အနေနဲ့ ကိုယ်သိသလောက်က သုံးလေးခေါက် ရှိသွားပြီ။ လာပြီး ဒီမှာ စကားပြောပြီး သူ့ဘာသာသူ စီစဉ်လိုက်တာ။”

ဒေါက်တာ ခင်ဇော်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ပါမောက္ခ စတစ်ဂ်လစ်ဇ်ရဲ့ ခရီးစဉ်ကို အဓိကအားဖြင့် UN ESCAP ရုံးနဲ့ မြန်မာအာဏာပိုင်တွေက ပူးပေါင်း စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ UN ESCAP ရုံးနဲ့ မြန်မာအာဏာပိုင်တွေကြား အခုလိုမျိုး စီးပွားရေးဆိုင်ရာ အမြင်ဆွေးနွေး ဖလှယ်မှုတွေဟာ ဒါ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ်ကတော့ အခုနှစ် ဇူလိုင်လအတွင်းမှာ ဖြစ်ခဲ့ပြီး အဲဒီတုန်းက ဒေါက်တာ ဟေဇာ ကိုယ်တိုင်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG