သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ NLD လူကြီး ၃ ဦး တွေ့ဆုံရေး စစ်အစိုးရ သဘောတူ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ရေးပို့တဲ့ စာထဲမှာ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၃ ဦးကို တွေ့ဆုံ ဂါရဝပြုဖို့ ထည့်သွင်း တောင်းဆိုခဲ့တဲ့ အချက်အပေါ် စစ်အစိုးရ အာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ပဲ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ရေးသားပေးပို့ခဲ့တဲ့ စာပါ အကြောင်းအရာနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က အခုလို NLD ခေါင်းဆောင်ပိုင်း ၃ ယောက်ကို တွေ့ဆုံ ဂါရဝပြုဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဧည့်ဂေဟာမှာ လာရောက်တွေ့ဆုံခဲ့တဲ့ ကိစ္စကလည်း ဒီကိစ္စကို အသေးစိတ် ဆွေးနွေး ညှိနှိုင်းဖို့အတွက် လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်တယ်လို့ ဒီကနေ့ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျန်းမာရေး မကောင်းတဲ့ လူကြီးတွေကို ဂါရဝပြု ကန်တော့ဖို့ ကိစ္စကိုပဲ ညှိကြတာပါ။ အခုလို ညှိလို့လည်း နှစ်ဘက်လုံး သဘောတူပါတယ်။ သူတို့ ၃ ဦး တစုတဝေးတည်း ဂါရဝပြု ကန်တော့ဖို့ အစီအစဉ် ရှိပါတယ်။ ရက်ပိုင်းအတွင်း ဖြစ်ပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဂါရဝပြုခွင့်ပေးဖို့ တောင်းဆိုထားတဲ့ ၃ ဦးထဲက ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင်တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ မနေ့က သွားရောက် တွေ့ဆုံခဲ့ကြပြီး ဖြစ်တဲ့အတွက် အခုချိန်မှာ တွေ့ဆုံကြဖို့ အားလုံးက သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။ ကျန်အလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးလွင်ကိုတော့ အာဏာပိုင်တွေဘက်က လာရောက်တွေ့ဆုံတယ်၊ မတွေ့ဆုံဘူးဆိုတာ အခုအချိန်ထိ မသိရသေးပါဘူး။

ဒီကနေ့ တွေ့ဆုံကြတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် ပြင်ဆင်မှု လျှောက်လဲချက်နဲ့ ပတ်သက်လို့ အကျိုးဆောင် ရှေ့နေတွေက ရေးထားတဲ့ မူကြမ်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေးပြီး အတည်ပြုချက် ရခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အမှုကိစ္စကတော့ ပထမ ၂ မှုက ကျနော်တို့တင်တဲ့ ပြင်ဆင်မှုပေါ့၊ ဒါနဲ့ပတ်သက်ပြီး မူကြမ်းကို ကျနော်တို့ ဒီနေ့ပေးတယ်၊ ဆွေးနွေးတယ်၊ အတည်ပြုတယ်။ နောက်တခုက အစိုးရက ဒေါ်စုတို့အပေါ်မှာတင်တဲ့ Revision၊ အဲဒီ တိုင်းရုံးက ချမှတ်တဲ့ အမိန့်အပေါ်မှာပဲ အစိုးရက သူတို့လည်း မကျေနပ်ဘူးဆိုပြီး ပြင်ဆင်မှုတခု တရားရုံးချုပ်မှာ ဖွင့်ထားတယ်။ အဲဒီအမှုကိုလည်း ၂၁ ရက်နေ့မှာပဲ ကြားနာမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ် Reason နဲ့ Background နဲ့ တင်တယ်ဆိုတာတော့ ကျနော်တို့ အခုထိ တရားဝင် မသိရသေးဘူး။ ဖြစ်နိုင်ခြေ ရှိတာတွေကို ကျနော်တို့ ဒီနေ့ ဆွေးနွေးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အမှုကို လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ ဗဟိုတရားရုံးမှာ ကြားနာဖို့ရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် အဲဒီ ၂၁ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကို ဦးအောင်ဆန်းဦးတို့ အကြားက အမွေဆိုင်အမှု အတွက်လည်း Mention Date လို့ခေါ်တဲ့ ဖော်ပြရန် ရက်ချိန်းအတွက် ရန်ကုန်တိုင်း တရားရုံးမှာ ကြားနာဖို့ ရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG