သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားလက်နက် ၃၅ တန် ထိုင်းအာဏာပိုင်တွေ စတင်စစ်ဆေး


ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှာ ဖမ်းဆီးခဲ့တဲ့ မြောက်ကိုရီးယားက လက်နက်တွေ တင်ဆောင်လာတဲ့ လေယာဉ်ပေါ်ပါ လက်နက် ၃၅ တန်ကို ထိုင်း လက်နက်ကျွမ်းကျင်သူတွေက စတင်စစ်ဆေးနေပါပြီ။

ဂျော်ဂျီယာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဲဒီ ကုန်တင်လေယာဉ်ပေါ်မှာ လက်နက်မျိုးစုံ ကုန်သေတ္တာပေါင်း ၁၄၅ ခုနဲ့ ထုပ်ပိုးထားတာ ဖြစ်ပါတယ်။

လောလောဆယ် စစ်ဆေး တွေ့ရှိရသလောက် ဖောက်ခွဲရေးပစ္စည်းတွေ၊ RPG Rocket Propel Grenade မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်နဲ့ တခြားလက်နက်တွေကို ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေ ပါဝင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

ကုန်တင်လေယာဉ် အမှုထမ်း ၅ ဦးကို ထိုင်းတရားရုံးက တနင်္လာနေ့က ရုံးထုတ်ခဲ့ပြီး ၁၂ ရက် ပိုပြီး ချုပ်ထားမယ်လို့ ပြောပါတယ်။

ကာဇက်စတန်နိုင်ငံသား ၄ ယောက်နဲ့ ဘယ်လာရုစ်နိုင်ငံသား ၁ ယောက်ကို တရားမဝင် လက်နက် လက်ဝယ်တွေ့ရှိမှုနဲ့ တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်တာ ဖြစ်ပါတယ်။

သူတို့ကတော့ ရေနံတွင်းတူးရာမှာ အသုံးပြုတဲ့ ကိရိယာတွေကို ကုန်ပစ္စည်းအဖြစ် လက်ခံပြီး သယ်ဆောင်လာတာလို့ ပြောနေကြပါတယ်။ ဒီလက်နက်တွေ ဘယ်ကိုပို့မှာလဲ ဆိုတာကိုတော့ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG