သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ကြီးရွယ်အို ခေါင်းဆောင်များကို ဒေါ်စု ဂါရဝပြု


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၃ ဦးကို ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံ ဂါရဝပြုခွင့် ရခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်ဖွဲ့ဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သလို လူကြီး ၃ ဦးကလည်း သဘောတူခဲ့တဲ့အပြင် NLD CEC တွေကရော၊ CRPP ကပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ NLD အရေးကိစ္စ ဆောင်ရွက်မှုတွေကို ထောက်ခံကြောင်း အားပေးစကား ပြောကြားခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို နိုဝင်ဘာလ ၁၁ ရက်နေ့က ရေးသားပေးပို့တဲ့ စာထဲမှာ အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့ NLD ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ပါတီအတွင်းရေးမှူး ဦးလွင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင်တို့ကို တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် NLD ပါတီက ခေါင်းဆောင်အားလုံး ပါဝင်တဲ့ ပုံမှန်အစည်းအဝေးတွေ ကျင်းပနိုင်ခွင့် ရဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ နိုင်ငံတော် အစိုးရ ဧည့်ဂေဟာမှာ လူကြီး ၃ ဦးနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အန်ကယ် ဦးအောင်ရွှေရယ်၊ ဦးလွင်ရယ်၊ အန်ကယ် ဦးလွန်းတင်ရယ် ၃ ယောက်ပါ။ စောစောပိုင်းက ကျနော် အန်ကယ် ဦးလွန်းတင်နဲ့ စကားပြောနေတယ်။ သူပြောပြတာတွေပေါ့၊ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေး၊ NLD အရေးကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာ နောက်ဆံမတင်းနဲ့၊ NLD CEC ရော၊ CRPP ရော လုံး၀ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောက်ခံနေတယ်ဆိုတာ သူ့ကို အားပေးတဲ့စကားတွေ ပြောလာခဲ့တယ်။ ကျန်တာတော့ ကျန်းမာရေး၊ သာရေးနာရေးက များပါတယ်။ နိုင်ငံရေးအရတော့ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်း လူကြီးတွေက ပြောခဲ့တယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်ဖွဲ့ဖို့ပါ သဘောတူခဲ့တဲ့အတွက် ဒါဟာ NLD ပါတီက လူငယ် မျိုးဆက်သစ်တွေပါ ပါဝင်ဆောင်ရွက်ခွင့် ရလာတော့မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ ရှေ့နှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်တာမျိုး ဟုတ်မဟုတ် မေးကြည့်တဲ့ အခါမှာတော့ ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပါတယ်။

“ရွေးကောက်ပွဲကိစ္စ အန်ကယ်တို့က အဖွဲ့ချုပ်အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဥက္ကဋ္ဌရော အားလုံး တသဘောတည်း ရှိတာက အခုအချိန်မှာ ဒါ ဘာမှ စဉ်းစားစရာ မလိုဘူး။ ကျနော်တို့က ရွေးကောက်ပွဲ ဥပဒေတို့၊ ကော်မရှင် ဥပဒေတို့ ဒါတွေကို ကြည့်ရဦးမယ်။ ဒီဟာတွေ ဘာပါမှန်းမသိဘဲနဲ့ အန်ကယ်တို့ ရွေးကောက်ပွဲဆိုင်ရာ ပြောကြားချက်ကို ပြောမှာမဟုတ်ဘူး။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အသက် ၈၅ နှစ်အရွယ် ပါတီအတွင်းရေးမှူး ဦးလွင်နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အသက် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ဦးလွန်းတင်တို့နဲ့ ၄၅ မိနစ်ကြာ တွေ့ဆုံခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အခုလို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တွေ့ခွင့်ရတဲ့အတွက် နှစ်ဘက် ဝမ်းမြောက်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့ လူကြီးတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။

“ကျန်းမာရေး အခြေအနေက အန်ကယ်က သီးခြား ထူးထူးခြားခြား ရောဂါတော့ မရှိဘူး။ သို့သော် အသက်အရွယ်ကြောင့် သူက ကိုယ်တိုင် လမ်းမလျှောက်နိုင်တော့ဘူး။ တွဲတာတောင် မဟုတ်ဘူး၊ ဖက်ပြီးတော့ကို လျှောက်ရတယ်။ အဲဒီအခြေအနေပါ။ ဦးအောင်ရွှေလည်း ဒီလိုပေါ့၊ အသက်အရွယ်ကြောင့် လှေကားတွေဘာတွေ သိပ်မတက်နိုင်ဘူး။ အန်ကယ် ဦးလွင်က ခါးရိုးပြားထားတယ်။ လေကလည်း ဟိုတုန်းက ဖြတ်ထားဖူးတော့ သူကလည်း တယောက်တည်း လျှောက်လို့မရဘူး။

“သူတို့ပြောတာကတော့ အခုလို မတွေ့တာလည်း ကြာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရတာ သူတို့လည်း အရမ်း ဝမ်းသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အရမ်း ဝမ်းသာကျေနပ်နေတယ်လို့ သူတို့ သိရတယ်။ ဒါကို ပြောပြတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG