သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရနဲ့ အန်အယ်လ်ဒီ တို့ တွေ့ဆုံဆွေးနွေးကြရင်?


စစ်အာဏာရှင် အစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ တကယ်တမ်း တွေ့ဆုံဆွေးနွေးဖြစ်ကြရင် ကြုံတွေ့လာနိုင်စရာ ရှိတဲ့ အဖုအထစ် အခြေအနေများကို သိရှိနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာ) က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ထဲမှာ ဆရာကို CEC (Central Executive Committee) စာရင်းထဲမှာ ဖော်ပြပြီးတော့ ရေးသားထားတာ တွေ့ရပါတယ်။ တကယ်တော့ CEC အဖွဲ့ဝင်တဦး အစ ကတည်းက ဖြစ်ပြီးသားပါ။ သို့ပေမဲ့ အန်အယ်လ်ဒီ CEC တွေနဲ့ နိုင်ငံခြားကိုယ်စားလှယ်တွေ၊ စစ်အာဏာပိုင်တွေ တွေ့ကြတဲ့ အခါမှာ ဆရာကို ထည့်သွင်းခြင်းမပြုခဲ့ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အတိုင်း CEC တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့အခါ ဆရာ ပါဝင်ခွင့်ရမလား? ဆရာကို သူတို့ ပယ်များ ပယ်နေအုံးမလား?

ဦးဝင်းတင် ။ ။ ကျနော် ပါခွင့်ရှိတယ်ဆိုကတည်းက သူတို့ကနေ ပယ်ခွင့်မရှိပါဘူး။ ပယ်တာကိုလည်း လက်မခံဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက CEC နဲ့ တွေ့တဲ့အခါမှာ ဦးတင်ဦး ကို လက်မခံဘူးဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ငြင်းတယ်။ အလားတူပဲ CEC တွေ့ခွင့်တောင်းတဲ့အခါမှာလည်း ဦးတင်ဦး သော်လည်းကောင်း၊ ကျနော်သော်လည်းကောင်း၊ ဦးခင်မောင်ဆွေ သော်လည်းကောင်း အစိုးရလက်မခံဘူးဆိုရင် ကျနော်ထင်တယ် ခိုင်ခိုင်မာမာကို ပြောနိုင်တယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်တဲ့ model, standard နဲ့ ဆိုလိုရှိရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့ဘက်က ငြင်းချက်ကို လက်ကိုခံမှာ မဟုတ်ဘူးလို့ တထစ်ချ ပြောနိုင်တယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော်တို့က မဖြစ်နိုင်ဘူးဆိုတဲ့သဘော ကျနော်တို့ တွေးတာပါ။ တကယ်တော့ စစ်အစိုးရ ဘက်က လက်ခံတယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

ဦးဝင်းတင် ။ ။ ကျနော်တို့ကလည်း အကောင်းဆုံးကို မျှော်လင့်တာဘဲ။ ကောင်းတာပေါ့။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း အကောင်းမြင် စိတ်ဓါတ်နဲ့ မေးချင်တာပါ။ ဆရာအပါအဝင် CEC တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဖြစ်ကြရင် ဆရာတို့ရဲ့ ရပ်တည်ချက်ကို ဘယ်လိုသတ်မှတ်ကြမယ်လို့ ဆရာ idea ရှိပါသလဲ၊ စိတ်ကူးရှိပါသလဲ။ ရွှေဂုံတိုင် ကြေညာချက်အတိုင်း ရပ်တည်ကြမလား။ ဒါထက် လျှော့ပေးရမလား၊ စစ်အစိုးရဘက်က ဘယ်လိုလျှော့ပေးစေချင်သလဲ၊ ဘယ်လိုပုံစံမျိုး လျာထားသလဲဆိုတာကို ပြောနိုင်ရင် ပြောနိုင်သလောက် ပြောပေးပါ။

ဦးဝင်းတင် ။ ။ သိပ်တော့ ပြောဖို့မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက ကျနော်တို့ပြောတဲ့အခါမှာ CEC မှာ ကျနော်တို့ လုပ်နေတဲ့ အနေအထားက ဘာလည်းဆိုလိုရှိရင် တဦးချင်းရဲ့ သဘောထားကို ပြောတာထက် ကျနော်တို့ ညှိပြီးမှ CEC ရဲ့ သဘောထားကို ချမှတ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလိုကိစ္စမျိုးကျတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပထမဦးဆုံး တွေ့ရမယ်ဟာ၊ ဒုဥက္ကဌ ဦးတင်ဦး အပါအဝင် ပထမဦးဆုံး တွေ့ရမယ်အချိန်။ ဒီလိုအချိန်မှာ အရေးကြီးဆုံးက မကြာခင်မှာလည်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ရမယ့်အနေအထားတွေ ရှိတယ်။ အဲဒီအခါ ကျတော့ ကျနော်ရဲ့ ချမှတ်မယ့် သဘောထားတွေဟာ ဘာပဲပြောပြော CEC ရဲ့ တဦးတယောက်ချင်းရဲ့ သဘောထား မဟုတ်ဘဲနဲ့ CEC တဖွဲ့လုံး အသေးစိတ်ကို အသေအချာ ညှိနှိုင်းပြီး ပြောမယ်ဟာဖြစ်ပါတယ်လို့ ပထမပြောချင်ပါတယ်။ ဒုတိယတချက်ကတော့ ဘာတွေပြောမလည်းဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ အခြေခံရှိနေပြီ။ အခြေခံက ဘာလဲ ဆိုတော့ ရွှေဂုံတိုင် အခြေခံပါဘဲ။ အဲဒီဟာတွေကို ဘယ်လိုတင်ပြကြမလဲ၊ ဆွေးနွေးကြမလဲ၊ ညှိနှိုင်းကြမလဲ ဆိုတာတွေ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ အဓိကမေးချင်တာကတော့ စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘယ်လို သဘောထား မလဲ။ သူတို့က ၂၀၁၀ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ချင်တယ်။ အဲဒီ ရွေးကောက်ပွဲမှာ အင်အားတောင့်တင်း၍ စည်းလုံး ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ဖို့ကို စစ်အစိုးရလိုလားလိမ့်မယ်လို့ ထင်ပါသလား။ အဲဒါကို ကျနော် စူးစမ်းလိုခြင်း ဖြစ်ပါတယ်။

ဦးဝင်းတင် ။ ။ ဒီဟာကတော့ ကျနော်ထင်တယ် ဘယ်လိုပြောချင်လည်းဆိုတော့ သူတို့ရဲ့ သဘောထားကိုတော့ ကျနော်က ပြောပြနိုင်တဲ့အနေအထားတော့ မရှိဘူးပေါ့။ သို့သော် ကျနော်ပြောနိုင်တာတခုကတော့ ဘာလဲဆိုတော့ စစ်အစိုးရဟာ ဒီရွေးကောက်ပွဲကို အများပြည်သူ လိုအင်ဆန္ဒများကို ထင်ဟပ်ပြီးတော့ ကျင်းပချင်တယ်။ နောက်တော့ တိုင်းပြည်ရဲ့ ရှေ့ တက်လှမ်းမယ့် ဒီမိုကရေစီ လူ့ဘောင်သစ်ထူထောင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အခြေခံကောင်းတွေကို ချမှတ်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်စေချင်တယ်၊ နောက်တခါ အများပြည်သူကိုယ်စားပြုနေတဲ့ နိုင်ငံရေး အင်အားစုများလည်း အစုံအညီ အားလုံး all inclusive ပါဝင်ရေးကို ဖြစ်စေချင်တယ်။ နောက်တခါ ဒီလို ရွေးကောက်ပွဲမျိုးဟာ အင်္ဂလိပ်လို့ creditable အများ ယုံကြည်စိတ်ချတဲ့ဟာမျိုး၊ ဂုဏ်သရေရှိတဲ့ဟာမျိုး၊ အများပြည်သူ အသိအမှတ်ပြု ခံရတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်စေချင်တယ် ဆိုရင်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ယှဉ်ပြိုင်ရေး၊ ပါဝင်ရေး၊ လှုပ်ရှားရေးကို ဘာမှအဟန့်အတား ပြုစရာအကြောင်း ရှိမယ်လို့ ကျနော်တော့ မထင်ဘူး။ အဲဒီလိုပဲ သဘောရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဟန့်အတားပြုစရာ မရှိပေမယ့်လည်း သူတို့လိုလားတဲ့ ပုံစံမျိုး ဖြစ်လာမှာ မဟုတ်တော့ဘူးပေါ့။ အဓိက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တယ်။ နောက် လွှတ်တော်မှာ အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေ ဖြစ်လာတယ်ဆိုရင်တော့ စစ်အစိုးရ လိုချင်တဲ့ပုံစံက သွေဖီတဲ့လမ်းကြောင်းက သေချာ ပေါက် ရှိလာမှာပဲ။ အဲဒါကို သူတို့ လက်ခံနိုင်မလားဆိုတာကို ကျနော် စဉ်းစားမိပါတယ်။

ဦးဝင်းတင် ။ ။ ဒါကတော့ အခုနပြောသလို စစ်အစိုးရဟာ အခုထိ ဒီအချိန်ထိကတော့ စစ်အစိုးရပဲပေါ့။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်မယ်၊ ပြည်သူ့ဆန္ဒကို အလေးအနက် အလေးထားမှု မရှိဘူးဆိုတဲ့ သဘောမျိုးတွေ ရှိကောင်းရှိနေမယ်။ သို့သော် သူတို့ဟာ သူတို့အခု သွားနေတဲ့ သူတို့ပြောတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မကြာခင်တုန်းက ပြောခဲ့တဲ့စကားအတိုင်းဆိုရင် မရင့်ကြတ်သေးတဲ့ ဒီမိုကရေစီဘဲခေါ်ခေါ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ခေါ်ခေါ်၊ ခေါ်ချင်တဲ့ ဒီမိုကရေစီခေါ်ခေါ် သူတို့ဟာ ဒီမိုကရေစီဆိုတဲ့ စကားကို သုံးပြီးတော့ ဒီမိုကရေစီ တစုံတရာရှိသော လူ့အဖွဲ့အစည်းသစ်၊ လူဘောင်သစ်ကို သွားမယ်လို့ ကြံရွယ်တယ်ဆိုရင်တော့ ဘာဘဲပြောပြော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့ဟာမျိုး ပါဝင်လာခြင်းအတွက် သူတို့မှာ အဟန့်အတားဖြစ်တယ်၊ အနှောက်အယှက်ဖြစ်တယ် ဆိုတာမျိုးတော့ သူတို့စဉ်းစားဖို့ မလိုဘူးပေါ့။ ဒီမိုကရေစီက ကြီးတာများတာ သေးတာနည်းတာ တပိုင်းပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပိုင်းဘက်ကရော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ခွင့်ရမယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲဝင်ခွင့်ရမယ်ဆိုရင် အခု ရွေးကောက်ပွဲအတွက် လုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အထွေအထူး လျှော့မပေးဘဲနဲ့ လက်ခံနိုင်မယ့် အလားအလာ အန်အယ်လ်ဒီဘက်က ရှိပါသလား?

ဦးဝင်းတင် ။ ။ အဲဒါကတော့ အများကြီးဆွေးနွေးရမယ်ကိစ္စရှိတဲ့အတွက် ကျနော်တယောက်တည်းသဘောနဲ့ ပြောရတာ တော့ နည်းနည်း ခပ်ခက်ခက်ပေါ့။ ဒါပေမဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ အတိအလင်း ကြေညာပြီး ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အခြေခံဥပဒေကို မွမ်းမံပြင်ဆင်ပေးဖို့၊ ဒီမိုကရေစီနဲ့ မညီညွတ်တဲ့ အချက်အလက်များ၊ အကြောင်းအရာများကို ပြုပြင်ဖို့ဆိုတာနဲ့ နိုင်ငံတကာ ကြီကြပ်မှုလည်းရှိမယ်၊ လွတ်လပ်မယ် တရားမျှတမယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းပပေးပေါ့။ အဲဒီလို ရွေးကောက်ပွဲကို ကျင်းပပေးရင် ရွေးကောက်ပွဲကို ဝင်ဖို့ကြံရွယ်ပါတယ်အထိ အလွန် လိုက်လျှောစွာ၊ အပြုသဘောဆောင်စွာ၊ အလွန်ကို ပြေပြစ်စွာ၊ ပျော့ပျောင်းစွာ ပြောပြီသာ ဖြစ်ပါတယ်။ ဒီ အခြေခံ ဥပဒေတွေကို လုံးဝမပြင်ဘဲနဲ့တော့ ကျနော်ထင်တယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲကို ဝင်မယ် လို့ ပြောဖို့က အတော်ခက်တဲ့ အနေအထားမှာ ရှိတယ်လို့ ကျနော်ထင်တယ်။ သုံးချက်စလုံးကို ဖြည့်ဆည်းပေးမှ ကျနော်တို့ ရွေးကောက်ပွဲကို ဝင်နိုင်တဲ့ ဝင်လိုတဲ့ ကြံရွယ်ချက်ရှိတဲ့စကားကို ကျနော်တို့ အတည်ပြုနိုင်မယ်။ အဲဒီ ကြံရွယ်တဲ့ စကား အတိုင်းပဲ ကျနော်တို့ ကျင့်သုံးနိုင်မယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ဒေါ်အောင်ဆန်းစုကြည်က သဘောထားကိုတော့ ဘယ်လိုမှ မသိရပါဘူး။ အကျဉ်းခံနေရတဲ့ ပုဂ္ဂိုလ် မို့လို။ အပြင်မှာရှိတဲ့ ဆရာအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်ရှိခေါင်းဆောင်တွေအထဲမှာ ဒီစကားကို ရွှေဂုံတိုင်ကြေညာချက်က လုံးဝမလျှော့ဘူး၊ ပြတ်ပြတ်သားသားပြောနေတာ ဆရာဦးဝင်းတင် သာ အသံကျယ်လောင်စွာ ပြောနေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း တချို့သူတွေက ဆရာကို သဘောထားတင်းမာသူလို့ သတ်မှတ်နေကြတာ ရှိပါ တယ်။ ဆရာပြောတဲ့ သဘောထားအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်တဲ့လူတွေကရော တသွေမတိမ်း လက်ခံကြ မယ်လို့ ထင်ပါသလား။

ဦးဝင်းတင် ။ ။ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီသဘောထား တင်းမာတယ်ဆိုတာ အပြင်ကအယူအဆကို။ ကျနော်က အမှန်အတိုင်းပြောရရင် ကျနော်က သဘောထား အတော် ပျော့ပျောင်းတဲ့လူ။ အမှန်အတိုင်း ပြောရရင် နိုင်ငံရေးသမား မဟုတ်ဘူးဗျ။ ကျနော်က သတင်းစာဆရာက လာတဲ့လူ။ နိုင်ငံရေးအစွဲနဲ့ ကြည့်နေတယ်လူ မဟုတ်ဘူး။ သတင်းစာအမြင်လို ကျနော်က လွတ်လွတ်လပ်လပ် ပျော့ပျော့ပျောင်းပျောင်း ပြေပြေလည်လည်ကို ကြည့်တဲ့လူ။ ဆိုတော့ သို့သော် ကျနော်ပြောနေတာက ရွှေဂုံတိုင်ကို ကိုင်တယ်၊ အလားတူပဲ တခြားသော ခေါင်းဆောင်များလည်း ရွှေဂုံတိုင်ကို ကိုင်မယ်။ ကျနော်ထင်တယ်၊ ကျနော် ပြောဝံ့ပါတယ်၊ အထဲမှာရှိတဲ့ ဒုဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် တို့လည်း ရွှေဂုံတိုင်လိုင်းကို ကိုင်မှာပဲ။ ဘာဖြစ်လို့လဲဆိုရင် စောစောက ကျနော် ပြောခဲ့တဲ့အတိုင်း ဒီရွှေဂုံတိုင်လိုင်းက အခုမှ ပေါ်လာတာ မဟုတ်ဘူး။ တချို့အချက် တွေ့ဆုံဆွေးနွေးရေးလိုဟာမျိုး (၂၁) နှစ်ရှိပြီ။ လွှတ်တော် ခေါ်ယူရေးကျင်းပရေးဆိုတာလည်း ကြာပြီ။ အခြေခံဥပဒေပြင်ပေးဆိုတာလည်း အဲဒီအချိန်လောက်ကတည်းက သဘောထားတွေပေါ်မှာ တည်ပြီးတော့ တောင်းဆိုနေတဲ့ တောင်းဆိုချက်တွေ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာလည်း ကျနော်တို့ အန်အယ်လ်ဒီ စဖွဲ့ကတည်းက တောင်းဆိုနေတဲ့ အချက်တွေ ဖြစ်ပါတယ်။ အဲဒါ ကျနော် ထင်တယ် ကျနော်တို့အားလုံးဟာ ဘယ်လိုပဲပြောပြော ရွှေဂုံတိုင်ဆိုတဲ့ ကြေညာချက်ပေါ်မှာ ရပ်တည်ချက်က တသံတည်းပဲ ဖြစ်မယ်၊ တသဘောတည်းဖြစ်မယ်လို့ ပြောနိုင်တယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွှေဂုံတိုင်ကြေညာချက် အပြည့်အစုံကို ထားအုံးပေါ့ ဆရာ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်သည်ပင် များလွန်တယ်ဆိုပြီးတော့ အနောက်တိုင်းသတင်းစာတချို့ ဆောင်းပါးရေးပြီး သုံးသပ်ကြတာ ဆရာလည်း ကြားပါလိမ့်မယ်။ အဲဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။ စစ်အစိုးရဘက်က လက်ခံနိုင်တဲ့ အတိုင်းအတာ မဟုတ်ဘူးဆိုပြီး ဒါကိုတချို့က ပြောကြပါတယ်။ ပြည်ပအခြေစိုက် လူတချို့သည် ပြည်တွင်းဝင်ပြီး ရွေးကောက်ပွဲဝင်ရင် ကောင်းမလားဆိုပြီး ပြန်သုံးသပ်ကြတယ်၊ ဘာညာသတင်းတွေ ကြားရပါတယ်။ ဆရာ ဘယ်လိုမြင်ပါသလဲ?

ဦးဝင်းတင် ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာကိုက တရားဥပဒေနဲ့ ညီညွတ်ခြင်းလည်း မရှိဘူး။ အဲဒါကို ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုမှာပေါ့။ အလားတူ ဦးတင်ဦး လွှတ်ရေးအတွက်လည်း ဒီအတိုင်းပဲ တောင်းဆိုရမှာပဲ။ အလားတူ ဦးခွန်ထွန်းဦးတို့ မင်းကိုနိုင်တို့ တခြားသော ဒီမိုကရေစီအင်အားစုဘက်မှာ ရပ်တည်နေတဲ့ ခေါင်းဆောင်တွေရဲ့ လွှတ်ရေးကို ဒီအတိုင်း တောင်းဆိုရမှာဘဲ။ ချုပ်ထားတာကို လွှတ်ပေးပါ တောင်းဆို ခြင်းဟာ လွန်လွန်တယ်ဆိုတာကိုတော့ လုံးဝလက်မခံနိုင်ဘူး။ ဒါတွေဟာ အတွေးကြောင်တွေ၊ အမြင်ကြောင်တွေ၊ အယူအဆကြောင်တွေလို့ပဲ ယူဆတယ်။ အဲဒီကြောင်တဲ့ အယူအဆတွေပေါ်မှီပြီးတော့ ပြည်တွင်းပြန်လာပြီးတော့ ရွေးကောက်ပွဲတို့ဘာတို့ ဝင်ချင်တယ်ဆိုတာတို့ကို သာမန်အားဖြင့် လက်မခံနိုင်ပါဘူး။ လက်ရှိ ရှိနေတဲ့ ဗမာပြည်ရဲ့ အခြေအနေနဲ့ ကိုက်ညီစွာ စဉ်းစားပြီးတော့ ပြန်လာကြမယ်၊ ပြန်ပြီတော့ နိုင်ငံရေးလှုပ်ရှားကြမယ်ဆိုတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ဘာမှပြောစရာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တချက် မေးချင်တာက စစ်အစိုးရဟာ သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံး၀ စင်းလုံးချော ဘယ်လိုကြိုးစားပြီး ရေးဆွဲခဲ့တယ်ဆိုတာကို အကြိမ်ကြိမ်ပြောဆိုနေပါတယ်။ ဒီအချက်နဲ့အညီ ရွေးကောက်ပွဲ ကျင်းပသွားမယ်ဆိုတာကိုလည်း ထပ်ကာတလဲလဲ ပြောဆိုနေပါတယ်။ သူတို့ဘက်က အပြောများ လွန်နေပြီလား။ ဒါကို ပြန်ပြီး စမ်းစစ်သုံးသပ်မယ်ဆိုရင် ငါတို့ ဒါတော့ လျှော့လို့မရတော့ဘူးဆိုတာမျိုး မဖြစ်လာနိုင်ဘူးလား?

ဦးဝင်းတင် ။ ။ သူတို့ဘက်က မပြင်နိုင်ဘူးလို့ ပြောရင်ပေါ့။ ဒါတော့ သူတို့မှားတယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ ဒီဟာက နှစ်ပေါင်းများစွာလုပ်ခဲ့တာ မှန်ပါတယ်။ သို့သော် နှစ်ပေါင်းများစွာ စဉ်းစားတာ မဟုတ်ပါဘူး၊ နှစ်ပေါင်းများစွာ လုပ်ခဲ့တာပါ။ နောက်တခုက သူတို့တွေဟာ အကြိမ်ကြိမ် အောက်ကနေ ညှိနှိုင်းပြီးတော့ ဆောင်ရွက်တယ် ဆိုတာ မဟုတ်ပါဘူး။ အပေါ်ကနေ ချပေးတာတွေကို လုပ်ကြတာဖြစ်ပါတယ်။ ကျနော်တို့ကို မမေးပါနဲ့ ကျနော်တို့ အန်အယ်လ်ဒီ ကို မေးနေလို့ရှိရင် နိုင်ငံရေးစကားပဲ ကြားနေပါလိမ့်မယ်။ တိုင်းရင်းသားလူမျိုးတွေပဲ မေးကြည့်ပါ သူတို့ရဲ့ အခွင့်အရေးတွေ၊ သူတို့တောင်းတဲ့ အခြေခံအခွင့်အရေး သူတို့ရဲ့ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်တူညီမျှခွင့်ဆိုတဲ့ အခြေခံအချက်လေးတွေတောင်မှ ခွင့်ပြုချက်မရှိပါဘူး၊ သဘောတူညီချက် မရှိပါဘူး။ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေကိုက အမျိုးသားညီလာခံဆိုတာ ဘာမှလိုက်လျောခြင်း၊ သဘောတူညီခြင်း မရှိခဲ့ဘူးဆိုတာ သူတို့ ပြောနေပါတယ်။ ပြည်တွင်းက အသံတွေကိုလည်း တဆိတ်နားထောင်ကြည့်စေချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခက်အခဲတွေ ဘယ်လိုပဲရှိနေနေ နှစ်ဖက်စလုံးက တိုင်းပြည်ကိုအကျိုးရှိစေချင်တဲ့ စေတနာရှေ့ ထားပြီး ဆွေးနွေးကြမယ်ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့ ယူဆမိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG