သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ ညီညီအောင်ကိစ္စ ဝန်ကြီး ကလင်တန် ကြားဝင်ဆောင်ရွက်ပေးဖို့ အမေရိကန်အမတ် တိုက်တွန်း


အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကိစ္စနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ကိုယ်တိုင်ဝင်ပြီး လုပ်ဆောင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ်က တိုက်တွန်းတဲ့ စာတစောင် ရေးသားပေးပို့ခဲ့ပါတယ်။ အထက်လွှတ်တော်အမတ်က ကိုညီညီအောင့် အခြေအနေကို အထူး စိုးရိမ်ပူပန်တဲ့အကြောင်း ဖော်ပြထားပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

နိုင်ငံရပ်ခြားမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အမေရိကန် နိုင်ငံသားတိုင်းရဲ့ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနဲ့ မျှတတဲ့ စစ်ဆေးစီရင်မှုတွေ ရပါတယ်ဆိုတာ သေချာစေဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက လုပ်ဆောင်ဖို့ရာဟာ အရေးကြီးပါတယ်လို့ မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် ဘာဘရာ မီကူးလ်စ်ကီး (Barbara Mikulski) က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဆီ ပေးပို့တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။ ကိုကျော်ဇောလွင်ဟာ အဖမ်းမခံရခင် အချိန်ထိ မေရီလန်းပြည်နယ်မှာ နေထိုင်သွားတဲ့အတွက် သူနေထိုင်တဲ့ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်က အခုလို စိုးရိမ်တကြီးနဲ့ စာရေးသား ပေးပို့ တိုက်တွန်းတာလည်း ဖြစ်ပါတယ်။

ကိုကျော်ဇောလွင်ကို မြန်မာစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ဖြစ်နိုင်ခြေရှိသမျှ အပြင်းထန်ဆုံး ပြောဆိုပြီး ပြစ်တင် ရှုတ်ချဖို့နဲ့ ပြန်လည် လွတ်မြောက်လာရေးအတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ လုပ်နိုင်သမျှ အားလုံးလုပ်ဆောင်ဖို့ အထက်လွှတ်တော်အမတ်က နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းထားပါတယ်။

အခုလိုမျိုး သက်ဆိုင်ရာ အထက်လွှတ်တော်အမတ် ကိုယ်တိုင်က စာရေး တောင်းဆိုတာ၊ အမေရိကန် အစိုးရပိုင်းက လုပ်ဆောင်ပေးနေတာတွေအပေါ် အားရ ကျေနပ်ပါတယ်လို့ ကိုကျော်ဇောလွင်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတဦးဖြစ်သူ မဝါဝါက ပြောပါတယ်။

“ရန်ကုန်မြို့မှာလည်း အမေရိကန် သံအရာရှိက အမြဲတမ်း သွားပြီးတော့ ကြည့်ပေးတာမျိုး၊ အခုလောလောဆယ်မှာလည်း ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြနေတဲ့ နေ့ကစပြီး သူ့ကို ပေးတွေ့ခွင့်ပြုဖို့ ကြိုးစားမှုတွေကို နေ့စဉ်ရက်ဆက် လုပ်တာမျိုး၊ ပြီးတော့ အင်းစိန်ထောင်အထိ သွားပြီး ထောင်အရာရှိတွေနဲ့ သွားတွေ့ပြီး ဘာအခြေအနေတွေ ဖြစ်နေပါသလဲ ဆိုတာမျိုးအထိ ဆိုတော့ ရန်ကုန်မြို့ အပိုင်းမှာလည်း အားရကျေနပ်မှု ရှိပါတယ်။ ဒီမှာလည်း အားရကျေနပ်မှု ရှိပါတယ်။ အဓိက ပြဿနာ ဖြစ်နေတာက မြန်မာ စစ်အာဏာပိုင်များ အနေနဲ့ ဘာမှ ပြန်လည် တုံ့ပြန်မှု မရှိဘူးဆိုတဲ့ အပေါ်မှာ အဓိက ပြဿနာ ဖြစ်နေတာပါ။”

ကိုကျော်ဇောလွင်ဟာ စက်တင်ဘာလ ၃ ရက်နေ့က တရားဝင် ပြည်ဝင်ခွင့်ဗီဇာနဲ့ မြန်မာနိုင်ငံကိုအပြန် မင်္ဂလာဒုံ လေဆိပ်မှာပဲ အဖမ်းခံခဲ့ရတာပါ။ သူ့ကို ဖမ်းဆီးပြီးတဲ့နောက် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဆူပူအုံကြွမှုတွေ၊ ဖောက်ခွဲရေး ဖြစ်ရပ်တွေနဲ့ ချိတ်ဆက်ပြီး ဖော်ပြခဲ့ဖူးပေမဲ့ နောက်ပိုင်း ပုဒ်မတပ်တဲ့ အခါမှာတော့ အဲဒါတွေ မဟုတ်တော့ဘဲ စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ လိမ်လည်မှုတွေနဲ့ စွပ်စွဲပြီး တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင်မှု ဆိုတာကိုလည်း ထပ်ဖြည့် စွပ်စွဲခဲ့ပါသေးတယ်။

ဒီလို ပုဒ်မတွေ အများကြီးတပ်ပြီး မတရားလုပ်နေတဲ့ အပေါ်နဲ့ ခွဲခြားမှုတွေအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ ကတည်းကစပြီး ကိုကျော်ဇောလွင်က အစာငတ်ခံ ဆန္ဒပြနေတဲ့အကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တရားရုံးချိန်းတရက်မှာ သူ့ကျန်းမာရေး အခြေအနေကြောင့်ဆိုပြီး ရုံးချိန်းရွှေ့ဆိုင်းခဲ့သလို ထောင်ဝင်စာ တွေ့ခွင့်ကိုလည်း တပတ် တခါကနေ နှစ်ပတ်တခါပဲ တွေ့ခွင့်ရတော့မယ်လို့ ပြောင်းခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို လာရောက်ပြီး အမေရိကန် နိုင်ငံသား ဂျွန် ဝီလီယမ် ယက်တော (John William Yettaw) လွတ်မြောက်ရေး လုပ်ပေးခဲ့တဲ့ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) ကလည်း ကိုကျော်ဇောလွင်ရဲ့ အခြေအနေအပေါ် စိုးရိမ်တဲ့အကြောင်းနဲ့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးက တာဝန်ရှိသူကို သူနဲ့ တွေ့ခွင့်ပေးဖို့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။ သံရုံး တာဝန်ရှိသူက ကိုကျော်ဇောလွင်ကို နောက်ဆုံး တွေ့ခွင့်ရခဲ့တာ ဒီဇင်ဘာလ ၃ ရက်နေ့က ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေးဌာနက သူ့ကိစ္စကို ဆက်တိုက်နီးပါး ထုတ်ဖော် ပြောဆိုတာတွေ ရှိခဲ့ပြီး သံရုံးတာဝန်ရှိသူနဲ့ တွေ့ခွင့်ပေးဖို့ အဆက်မပြတ် တောင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း ဘယ်သူမှ တွေ့ခွင့်မရသေးတဲ့အတွက် အထူး စိုးရိမ်နေရတဲ့အကြောင်း မဝါဝါက ပြောပါတယ်။

“နောက်ဆုံး အခြေအနေကတော့ တကယ်ကို ဘာမှမသိရတာ။ ဘာမှ မသိရဘူးဆိုတာ သံအရာရှိကနေပြီး အင်းစိန်ထောင်အထိ သွားတယ်။ ထောင်အာဏာပိုင်ကတဆင့် ပြောလိုက်တဲ့အကြောင်း ကြားရတာကတော့ သူ အခုအချိန်မှာ ဆေးသွင်းနေရတယ်လို့တော့ ပြောတယ်။ လူနဲ့မတွေ့ရတဲ့အတွက် ဆေးသွင်းတာလည်း တကယ်သွင်းနေတာလား၊ အသက်ရှင်လျက် ရှိနေလား၊ မရှိဘူးလား၊ သူတို့ပြောတာ မှန်လား၊ မမှန်ဘူးလားဆိုတာ ကျမ တကယ် ဘာမှ အတည်ပြုပေးလို့ မရဘူး။ စိုးရိမ်တာကတော့ အတိုင်းထက် အလွန်ပါပဲ။”

ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ရဲ့ မိတ်ဆွေတဦးဖြစ်သူ မဝါဝါ ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန အနေနဲ့ ကိုညီညီအောင် လွတ်မြောက်တဲ့ အချိန်ထိ သူ့ရဲ့အခြေအနေကို ဂရုတစိုက်နဲ့ အဆက်မပြတ် စောင့်ကြည့်သွားပြီး အခြေအနေ အရပ်ရပ်ကို မိသားစုဆီ အကြောင်းကြားပေးသွားဖို့လည်း အထက်လွှတ်တော်အမတ် ဘာဘရာ မီကူးလ်စ်ကီးက သူ့စာထဲမှာ ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG