သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်၊ မြန်မာတို့အပေါ် ပိတ်ဆို့မှုကို ချိုးဖောက်လို့ ဆွစ်ဘဏ် ဒဏ်တပ်ခံရ


အီရန်နဲ့ မြန်မာနိုင်ငံ အပါအဝင် အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ နိုင်ငံတွေကို တရားမဝင် ငွေလွှဲခဲ့တယ်ဆိုပြီး ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ခရက်ဒစ် ဆူဆီ ဘဏ်ကြီးကို အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရ တရားရုံးက ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ချမှတ်လိုက်ပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ခရက်ဒစ် ဆူဆီ (Credit Suisse) ဘဏ်ကြီးက နိုင်ငံတကာ အတိုင်းအတာနဲ့ ငွေကြေး စီမံခန့်ခွဲမှု လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဘဏ်ကြီး ဖြစ်ပါတယ်။ ဒီဘဏ်ကြီးက အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ထားတဲ့ နိုင်ငံတွေမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ငွေသွင်း ငွေထုတ်လုပ်ငန်းတွေကို ဆယ်စုနှစ်နဲ့ချီပြီး လုပ်ကိုင်ပေးခဲ့တယ်ဆိုပြီး ဗဟိုတရားရုံးက မှတ်တမ်းတင်ထားပါတယ်။

ဒါကြောင့်လည်း ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၃၆ သန်း ပေးရမယ်လို့ ခရက်ဒစ် ဆူဆီ ဘဏ်ကြီးကို အမေရိကန် ဗဟိုအစိုးရ တရားရုံးက ဒဏ်ငွေ တပ်လိုက်တာပါ။ အဓိက ငွေအလွှဲအပြောင်း လုပ်ခဲ့တဲ့ ဘဏ်တွေက အီရန်နိုင်ငံက ဘဏ်တွေလို့ ဖော်ပြပေမဲ့ မြန်မာ၊ ဆူဒန်၊ ကျူးဘား စတဲ့နိုင်ငံတွေကိုလည်း ငွေလွှဲပြောင်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး စုစုပေါင်း လွှဲပြောင်းခဲ့တဲ့ ငွေပမာဏက ဆယ်စုနှစ်တွေအတွင်း အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော် ရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒီလို အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ဘဏ်တွေနဲ့ ငွေလွှဲပြောင်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့အတွက် အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းတွေကို သိသိနဲ့ တမင် ချိုးဖောက်တဲ့အကြောင်း တရားရုံးက မှတ်တမ်းတင်ပါတယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ခရက်ဒစ် ဆူဆီ ဘဏ်ကနေ အီရန်ဘဏ်တွေကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ငွေလွှဲခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံနဲ့ လစ်ဗျားနိုင်ငံတွေကို ပို့ပေးခဲ့တဲ့ လွှဲပြောင်းခဲ့တဲ့ ပမာဏကတော့ ပမာဏအားဖြင့် မများဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဘယ်လောက် ငွေပမာဏ လွှဲတယ်၊ ဘယ်လုပ်ငန်းတွေ၊ ဘယ်ဘဏ်တွေကို ငွေလွှဲခဲ့တယ် ဆိုတာတွေကိုတော့ တိတိကျကျ မသိရပါဘူး။

အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ တိုင်းပြည်တွေကို ငွေလွှဲပြောင်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့အတွက် အရေးယူ ပိတ်ဆို့မှု ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဆွစ်ဇာလန် အခြေစိုက် ခရက်ဒစ် ဆူဆီဘဏ် အပါအဝင် ဘဏ်စုစုပေါင်း ၁၀ ခုကို အမေရိကန် ပြည်ထောင်စုက လနဲ့ချီပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

အလားတူ စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုပြီး ဒီနှစ် ဇန်နဝါရီလ အတွင်းက ဗြိတိန်နိုင်ငံ အခြေစိုက် လွိုက်စ် တီအက်စ်ဘီ (Lloyds TSB) ဘဏ်ကို ဒေါ်လာသန်း ၃၅၀ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ အခု နှစ်ကုန်ပိုင်းမှာ ဆွစ်ဇာလန် အခြေစိုက် ခရက်ဒစ် ဆူဆီ ဘဏ်ကြီးကို ထပ်ပြီး ဒဏ်ငွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG