သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာ စက်ရုံအလုပ်သမားများ ဆန္ဒပြ


လှိုင်သာယာစက်မှုဇုန်က Weng Hong Hung Corporation အထည်ချုပ်စက်ရုံက အလုပ်သမား ၁,၀၀၀ ကျော်ဟာ ဒီနေ့မနက်မှာ စက်ရုံထဲ မဝင်ဘဲ ဆန္ဒပြကြတယ်လို့ သိရပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်ကစပြီး စက်ရုံအလုပ်သမားတွေက လုပ်ခလစာ တိုးမြှင့်ရဖို့ စက်ရုံထဲမဝင်ဘဲ အေးချမ်းစွာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အလုပ်သမားတွေနဲ့ နီးစပ်သူတွေကတော့ အလုပ်သမားတွေဟာ အလုပ်သမား ဥပဒေပါ ခံစားခွင့်တွေရဖို့ ဆန္ဒပြကြတာဖြစ်ပြီး ဒီနေ့လယ်ပိုင်းမှာပဲ ရန်ကုန်အခြေစိုက် ILO ရုံးကိုလည်း တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

စက်ရုံဝန်ထမ်းတယောက်က အလုပ်သမားတွေနဲ့ ညှိနှိုင်းနေဆဲလို့ ပြောပါတယ်။

“ဟုတ်ကဲ့၊ မသိရသေးပါဘူး၊ မသိရသေးပါဘူးရှင်။ အခု ညှိနေတုန်းမို့ နောက်မှ ဖုန်းပြန်ဆက်ပါနော်။”

နေ့လယ်ပိုင်းမှာတော့ ရန်ကုန်တိုင်း အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးမှူး အပါအဝင် တာဝန်ရှိသူတွေ ညှိနှိုင်းပေးမှုကြောင့် ပြီးဆုံးသွားတယ်လို့ သိရပါတယ်။ ဆန္ဒပြမှု ပြီးဆုံးသွားပေမဲ့ အလုပ်သမားတွေနဲ့ စက်ရုံအာဏာပိုင်တွေအကြား သဘောတူညီမှု မရသေးဘူးလို့ အလုပ်သမားတွေနဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

Weng Hong Hung Corporation အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အရင်ကလည်း လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပေမဲ့ အခုလို စက်ရုံထဲမဝင်ဘဲ ဆန္ဒပြတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို ထပ်သိရအောင် ကိုကျော်ထင်ကို ဆက်ပြီး မေးကြည့်ပါတယ်။

အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေ ထောင်နဲ့ချီပြီးတော့ ဆန္ဒပြတဲ့သတင်း ကိုကျော်ထင် ခုနပြောထားပါတယ်။ နောက်ဆုံးအခြေအနေ ဘာတွေ ထပ်သိရပါသေးလဲခင်ဗျ။

“အလုပ်သမားတွေနဲ့ နီးစပ်သူတွေ ပြောတာတော့ အဲဒီ စက်မှုဇုန်မှာ ကော်မတီရှိတယ်။ ကော်မတီကတော့ မနက်ဖြန်ကျရင် အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ သူတို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။”

သူတို့ ပထမ ညှိနှိုင်းနေတဲ့ ကိစ္စက နောက်ဆုံးအခြေအနေ ဘယ်လိုဖြစ်သွားပါလဲ။

“ဒီကိစ္စက ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကတည်းက ဖြစ်တာဗျ။ ဆိုတော့ အလုပ်သမား ဝန်ကြီးဌာနကလည်း လာပြီးတော့ ညှိနှိုင်းတယ်။ အဲဒီလို ညှိနှိုင်းတာ မရလို့ အခုလို ဆက်ဖြစ်လာတာဖြစ်တယ်။ သူတို့တောင်းတာကလည်း အလုပ်လုပ်တဲ့ ရက်ခတွေ တိုးပေးဖို့၊ နေ့တွက်ကြေး တိုးပေးဖို့၊ လစာတိုးပေးဖို့ တောင်းကြတာ။ အဲဒီလိုတောင်းပေမဲ့ စက်ရုံ အာဏာပိုင်တွေက မပေးနိုင်ဘူးလို့ ပြောပါတယ်။ သူတို့ တောင်းတယ်ဆိုရင် ကျန်တဲ့လူတွေလည်း ထပ်ပြီး တောင်းလာမှာစိုးတယ် ဆိုပြီး စိုးရိမ်မှုရှိနေတယ်ဆိုတာ သိရပါတယ်။”

ပြဿနာ ပြေလည်တာတော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ ရှေ့ဆက်ပြီး ဆန္ဒပြမှုတွေ မရှိတော့ဘူး၊ အကယ်၍ အဆင်မပြေဘူးဆိုရင် ဆက်ပြီး ဆန္ဒပြမယ်ဆိုတဲ့ သဘောလားခင်ဗျ။

“ကြားဝင် ဖြေရှင်းပေးမှုတွေ ရှိတယ်၊ ဒါပေမဲ့ သေသေချာချာတော့ ပြေလည်မှု မရှိဘူး။ ကျနော့်ကို ရန်ကုန်က ဒီကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ လိုက်လုပ်နေတဲ့ သတင်းထောက်တယောက် ပြောတာကတော့ အာဏာပိုင်တွေဘက်က ပြောတဲ့ စကားက ဒီကိစ္စကနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကလို၊ လောင်စာဆီကိစ္စလို တောင်းဆိုမှုတွေ ပိုများလာရင် ပြဿနာ ကြီးထွားလာမှာကို သူတို့ စိုးရိမ်နေတယ်လို့ ပြောတယ်ဆိုပြီး သိရပါတယ်။

“တကယ်လို့ မနက်ဖြန် လှိုင်သာယာ စက်မှုဇုန် ကော်မတီက အလုပ်သမား ဝန်ကြီးဌာနကို သွားပြီး ဆွေးနွေးကြတဲ့အခါ ဘယ်လိုပုံစံ အဖြေထွက်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။”

XS
SM
MD
LG