သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် သမ္မတအပေါ် ထုတ်ပြန်ထားသည့် လွတ်ငြိမ်းချမ်းသာခွင့် တရားရုံးချုပ်က ရုပ်သိမ်း


လူသတ်မှု အပါအဝင် အကျင့်ပျက် ချစားမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးသမား၊ အစိုးရအရာရှိနဲ့ စီးပွားရေးလုပ်ငန်းရှင် ၈,၀၀၀ ကျော်ကို အကာအကွယ် ပေးထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို တရားမဝင်ကြောင်း ပါကစ္စတန် တရားရုံးချုပ်က ကြေညာခဲ့ပါတယ်။

ဒီ ၈,၀၀၀ ကျော် အတွင်းမှာ သမ္မတ အာဆစ် အာလီ ဇာဒါရီ (Asif Ali Zardari) နဲ့ သူနဲ့နီးစပ်သူ အစိုးရအရာရှိတချို့ ပါဝင်ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို သမ္မတဟောင်း ပါဗက်ဇ် မူရှာရဖ် (Pervez Musharraf) က သူ့အာဏာ ဆက်လက် တည်မြဲအောင် ကြိုးပမ်းတဲ့အနေနဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အစ္စလမ်မာဘတ်ကနေ ဗွီအိုအေ သတင်းထောက် အာယက်ဇ် ဂူးလ် (Ayaz Gul) က သတင်းပေးပို့ထားတာကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြဋ္ဌာန်းချက်လို့ ကျယ်ကျယ်ပြန့်ပြန့် သိထားကြတဲ့ အငြင်းပွားစရာ ဒီအမိန့်ကို ဆန့်ကျင် ကြတဲ့ အဆိုပြုချက်တွေကို တပတ်လုံးလုံး ကြားနာခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ ညမှာပဲ တရားရုံးချုပ်ကနေ ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံတော် တရားသူကြီးချုပ် အစ်ဖ်တီခါ မိုဟာမက် ချောင်ဒရီ (Iftikhar Mohammed Chaudhry) ဦးဆောင်တဲ့ တရားသူကြီး ၁၇ ဦးပါ အဖွဲ့ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ပယ်ဖျက် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ ဇာဒါရီအပေါ် စွဲဆိုထားတဲ့ ဆိုင်းငံ့အမှုတွေ အပါအဝင် အကျင့်ပျက် ချစားမှုနဲ့ တခြား ရာဇဝတ်မှုတွေ အားလုံးကိုလည်း ပြန်ဖွင့်ဖို့ အမိန့်ပေးခဲ့ပါတယ်။

တကယ်တော့ ပါကစ္စတန်ရဲ့ တရားရေးစနစ်ဟာ လူချမ်းသာတွေနဲ့ သြဇာအာဏာ ကြီးမားတဲ့ နိုင်ငံရေးသမားတွေကို ထောက်ခံပေးထားတယ်ဆိုပြီး အချိန်တော်တော်ကြာကြာ ဝေဖန်ခံနေရတာပါ။ အဆိုပြုသူတွေထဲက တဦးဖြစ်တဲ့ အဆင့်မြင့် တရားရုံးရှေ့နေ ဟာဖစ်ဇ် ပီရာဇာဒါ (Hafiz Pirazada) ကလည်း ပါကစ္စတန်နိုင်ငံမှာ တရားဥပဒေအထက် ဘယ်သူမှ မရှိဘူးဆိုတဲ့ ပြင်းထန်တဲ့ သတင်းစကားကို ပေးပို့ခဲ့တယ်လို့ သူက ပြောဆိုပါတယ်။

“ပါကစ္စတန်လူထု အများစုရဲ့ အကျိုးအတွက်လုပ်တာ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံက ဆင်းရဲသားနဲ့ လူအများစုက ဖိနှိပ်ခံနေရပါတယ်။ နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုကို လူနည်းစုက ချုပ်ကိုင် ချယ်လှယ်နေကြတာပါ။”

ဒီတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ ဇာဒါရီနဲ့ နီးစပ်တဲ့ မိတ်ဆွေတချို့၊ နိုင်ငံရေး မဟာမိတ်တချို့ကို အရေးယူ နိုင်မယ့် အလားအလာ ပေါ်ထွန်းလာနိုင်တဲ့အတွက် ပါကစ္စတန်မှာ နိုင်ငံရေး မငြိမ်သက်မှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါ တယ်။ အတိုက်အခံတွေက အခုချက်ချင်းပဲ သမ္မတကို ရာထူးက နှုတ်ထွက်ဖို့ တောင်းဆိုနေကြပါပြီ။

ဒါပေမဲ့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖာဟာတူလာ ဘာဘာ (Farhatullah Babar) က သမ္မတ ဇာဒါရီ နှုတ်ထွက်စရာ အကြောင်း လုံးဝမရှိဘူးလို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။ ဖွဲ့စည်းပုံဥပဒေပါ ပြဋ္ဌာန်းချက်အရ သမ္မတ ဇာဒါရီဟာ နိုင်ငံတော် အကြီးအကဲအဖြစ် ဆက်ပြီး ရပ်တည်နိုင်တယ်လို့ ဆိုပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ သမ္မတ တဦးကို ရာထူးတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ဘယ်လို ပြစ်မှုမျိုးနဲ့မှ တရားရုံးတခုခုက စွဲဆိုစီရင်ပိုင်ခွင့် မရှိပါဘူး။”

ယခင် ပါကစ္စတန် စစ်အုပ်ချုပ်ရေး အကြီးအကဲ ပါဗက်ဇ် မူရှာရဖ်ဟာ မစ္စတာ ဇာဒါရီရဲ့ ဇနီးသည်ဖြစ်တဲ့ ဘနာဇာ ဘူတို (Benazir Bhutto) နဲ့ အာဏာခွဲဝေရေး သဘောတူညီချက်အရ လွန်ခဲ့တဲ့ ၂ နှစ်က ဒီ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ ဒီကြေညာချက်အရ မစ်စ်ဘူတိုဟာ ပြည်ပမှာ ရှောင်တိမ်းနေရာက ရွေးကောက်ပွဲ ဝင်ရောက် မဲဆွယ်ဖို့ အတွက် ပါကစ္စတန်ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မစ္စတာ ဇာဒါရီဟာ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး နောက်ပိုင်း သမ္မတအဖြစ် ရွေးချယ်ခံလာခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ ဇာဒါရီ စွပ်စွဲခံထားရတဲ့ အဂတိ လိုက်စားမှုတွေကတော့ ၁၉၉၀ ပြည့်လွန် နှစ်တွေအတွင်း ဇနီးသည် မစ်စ်ဘူတို ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့စဉ်က ကျူးလွန်ခဲ့တဲ့ အမှုတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအမှုတွေဟာ နိုင်ငံရေးအရ ဖန်တီး ထားခြင်းသာ ဖြစ်တယ်၊ သူကိုယ်တိုင် ကျူးလွန်မှု မရှိဘူးလို့ မစ္စတာ ဇာဒါရီက ငြင်းဆန်ပါတယ်။

အခု တရားရုံးချုပ်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ရုပ်သိမ်းဖို့ ကြေညာလိုက်တာဟာ အမေရိကန် တွဲဖက် စစ်ဦးစီးချုပ် များရဲ့ သဘာပတိ ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) ပါကစ္စတန်ကို ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဗိုလ်ချုပ်ကြီးမူလန်ဟာ အာဖဂန်နယ်စပ်က တာလီဘန်တွေကို ကူညီနေတဲ့ စစ်သွေးကြွတွေအရေး ဆွေးနွေးဖို့ လာရောက် နေတာပါ။ အာဖဂန်နဲ့ အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေ ပါကစ္စတန်ဘက်အခြမ်းမှာ ရောက်ရှိနေတာဟာ အမေရိကန်နဲ့ နေတိုး မဟာမိတ်တွေအတွက် စိုးရိမ်စရာဖြစ်ပြီး ဒီအစွန်းရောက်သမားတွေကို လိုက်လံတိုက်ခိုက်ဖို့ ပါကစ္စတန် အစိုးရကို ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG