သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညီအောင်ကို ရုံးထုတ်


ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံကိုအသွား ရန်ကုန်လေဆိပ်မှာ အဖမ်းခံလိုက် ရတဲ့ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင် ကို ဒီကနေ့ အင်းစိန် အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သူ့ရဲ့အမှုကို အကျိုးဆောင် လုပ်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ ကိုညီညီအောင် ဟာ ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းလိုက်ပါပြီ။ အကြောင်းစုံကို ထိုင်းနိုင်ငံ ဗွီအိုအေ ဘန်ကောက်ရုံးက ဒေါ်ခင်မျိုးသက်က အစီရင်ခံထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင် ရဲ့ အမှုကို စစ်ဆေး ကြားနာနိုင်ခြင်း မရှိခဲ့ပေမဲ့ ဒီကနေ့ သောကြာနေ့မှာတော့ ကိုညီညီအောင် ကိုယ်တိုင် လာရောက်နိုင်တာမို့ အမှုကို စစ်ဆေးနိုင်ခဲ့တယ်လို့ ကိုညီညီအောင် ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကိုညီညီအောင် လည်း လာတယ်။ တော်တော်လေး ပိန်သွားတယ်။ အမှုကတော့ ၂၉ ရက်နေ့ ပြန်ချိန်းတယ်။ ဒီနေ့စစ်တော့ တရားလိုဘက်က သက်သေစုံသွားပါပြီ။ အဲဒါကြောင့် လာမယ့် ၂၉ ရက်နေ့မှာ စွဲချက်တင်သင့် မသင့်ဆိုတာကို လျှောက်လဲချက် ပေးရမယ်။"

ကိုညီညီအောင် ဟာ စက်တင်ဘာလ ၃ ရက်နေ့က တရားဝင် ပြည်ဝင်ခွင့် ဗီဇာနဲ့ မြန်မာနိုင်ငံကိုအလာ မင်္ဂလာဒုံလေဆိပ် မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ လိမ်လည်မှုတွေနဲ့ စွပ်စွဲပြီး သူ့ကို ရုံးတင်စစ်ဆေးခဲ့တာပါ။ ဒီဇင်ဘာလ ၄ ရက်နေ့ကတော့ ထောင်ထဲမှာ ဘဝတူ အကျဉ်းသားတွေအကြား ခွဲခြား ဆက်ဆံခံ နေရတာ အဖိနှိပ်ခံနေရတာတွေအတွက် အစာငတ်ခံ ဆန္ဒပြခဲ့တာမို့ အခု အခြေအနေကို မေးကြည့်တဲ့အခါမှာတော့ -

"အစာငတ်ခံဆန္ဒပြတာ ပြီးသွားပါပြီ။ သူ့အခြေအနေကတော့ ကျန်းမာရေး ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အတော်လေး ပိန်သွားပါတယ်။ အန်ကယ်လ်တို့ စကားပြောဖို့ ခဏလေးပဲ အချိန်ရတယ်။ သေချာ တွေ့ခွင့်မရဘူး။"

ကိုညီညီအောင်နဲ့ ခဏပဲ တွေ့ခွင့်ရခဲ့တာမို့ အစာငတ်ခံ ဆန္ဒပြနိုင်ဖို့ ရပ်လိုက်တာသာ သိရပြီး သူ့တောင်းဆိုမှုတွေ ရပ်မရ တော့ ပြည့်ပြည့်စုံစုံ မသိရဘူးလို့လည်း ပြောပါတယ်။ တရားခွင်ကို အမေရိကန်သံရုံးက တာဝန်ရှိသူတွေ လာရောက်ခွင့် ရခဲ့တာမို့ သံရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် မဖြေကြားခဲ့ပါဘူး။

ကိုညီညီအောင် ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေ ကတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို သေသေချာချာ မသိရသေး ပေမဲ့လည်း တရားခွင်ကို ပြန်ပြီး တက်ရောက်နိုင်တယ် ဆိုတာ သိရတာမို့ ဝမ်းသာတယ်လို့ ပြောပါတယ်။

"ကလေးက အစာငတ်ခံ ဆန္ဒပြထားတော့ အားနည်းနေမယ်။ ဒါပေမယ့် နေကောင်းပြီးတော့ ထွက်လာတယ်ဆိုတဲ့ဟာကို သိလိုက်ရတဲ့အချိန်မှာ အန်တီတို့ အရမ်းစိုးရိမ်တဲ့ ဆန္ဒတွေကတော့ ပြယ်သွားပါတယ်။ ရှေ့နေတွေနဲ့ ရုံးထုတ်တဲ့နေ့က သွားလို့ရတယ်။ သံရုံးမှာတွေ့လို့ရတယ်။ ကောင်ဆယ်လာ ရယ်၊ နောက်တယောက်ရယ် သွားတာပေါ့နော်။ အဲဒါကြောင့် သူတို့ကတော့ ပြောပါတယ်။ သူတို့သွားတာ တွေ့ရတယ်။ ဒါပေမဲ့ စကားမပြောရဘူးတဲ့။ အချိန်ကလည်း မရဘူး။ သူ့ကို စစ်တယ်၊ ပြီးတော့ အဝေးကနေပြီးတော့ပဲ နေကောင်းလား၊ စားပြီးပြီးလား ဒါပဲ ပြောပြီးတော့ သူတို့လည်း ပြန်လာတယ်။ ရှေ့နေတွေကလည်း - ဟုတ်တယ်တဲ့။ သူတို့ ဒီနေ့ ကောင်းကောင်း စကားမပြောရဘူးတဲ့။ လွတ်လွတ်လပ်လပ်ပေါ့နော်။ အဲဒီလို ပြောပါတယ်။ ကိုယ် ကလည်း သတင်းက အန်ကယ်လ်တို့ (ရှေ့နေများ) က ပြောပြမှပဲ ကြားရတာကိုး။ ကိုယ်က အဲဒီတော့ သံရုံးကိုလည်း ဖုံးဆက်မေးတယ်။ သူတို့ကလည်း စကားမပြောရဘူး ဆိုတာနဲ့ ကျမတို့ကတော့ တနင်္လာနေ့ ကျရင် သွားမှာပဲလို့၊ ပါဆယ်ထုတ်နဲ့။ သူ စားချင်ရာတွေ စားရဖို့ သွားပြီးတော့ မတွေ့တွေ့အောင် ကျမတို့ ကြိုးစားမယ်လို့ ပြောတော့၊ သူတို့ ဖုံးဆက်ပေးပြီးတော့ သွားပါတဲ့။ သူတို့ ဟိုကို ဆက်ပြီးပြီပေါ့နော်။ တနင်္လာနေ့ တွေ့လို့ရမယ်တဲ့။ အဲဒီ တော့ confirm ဖြစ်သွားတာပေါ့နော်။ တနင်္လာနေ့ တွေ့တာနဲ့ အဲဒီကျမှပဲ အန်တီတို့ သိချင်တာသိရမယ်၊ မေးချင်တာမေးပြီး သူပြောချင်တာတွေ ပြောဖို့ အန်တီတို့ အကုန် သိရမယ်ပေါ့နော်။"

ကိုညီညီအောင် ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေ ပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG