သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတ်ငွေ့ပိုက်လိုင်း ဒုက္ခသည်


လက်ရှိ ဗမာစစ်အစိုးရလက်ထက် သဘာဝသယံဇာတကို နိုင်ငံခြားရောင်းစားတဲ့ လုပ်ငန်းတွေထဲမှာ သဘာဝဓါတ်ငွေ့ဟာ တွက်ခြေအကိုက်ဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် ဓါတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်တဲ့နေရာတွေမှာ ဒေသခံရွာသူရွာသားတွေ ဒုက္ခရောက်ကြရပါတယ်။ ၁၉၈၈ က ပြီးစီးသွားတဲ့ ရတနာဓါတ်ငွေ့ပိုက်လိုင်းဟာ ကုန်းပေါ်မှာ မိုင် (၄၀) သာ ရှည်လျားပေမယ့် ဒေသခံတွေ ဒုက္ခရောက်ရတဲ့အတွက် ယူနိုကယ် (Unocal) အမေရိကန်ကုမ္မဏီက လျှော်ကြေးပေးလိုက်ရပါတယ်။

ဒါပေမဲ့ ရတနာပိုက်လိုင်းက ဓါတ်ငွေ့ကို ပြည်တွင်းမှာသုံးဖို့အတွက် ၂၀၀၀ ခုနှစ်မှာ စတင်ဆောက်လုပ်တဲ့ ကံဘောက်-မြိုင်ကလေးပိုက်လိုင်းကတော့ ဒေသခံတွေကို အခုထက်ထိ ဒုက္ခပေးနေတုန်းဖြစ်ကြောင်း လွန်ခဲ့တဲ့ မေလက ထုတ်ဝေတဲ့ မွန်လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လူသိများပေမယ့် ကံဘောက်-မြိုင်ကလေး ပိုက်လိုင်းဒေသက နစ်နာဆုံးရှုံးမှုတွေကိုတော့ လူသိနည်းနေပါတယ်။

ရတနာဓါတ်ငွေ့ကို ကံဘောက်ကနေ မြိုင်ကလေးအထိ သွယ်ယူထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းဟာ မိုင် (၁၈၀) ကျော် ရှည်လျားတာမို့ ပိုက်လိုင်းတလျောက် အသိမ်းခံရတဲ့ လယ်မြေဧက (၂၀၀၀) ကျော်ရှိပါတယ်။ ပိုက်လိုင်းထိန်းသိမ်းရေးနဲ့ ကာကွယ်ရေးအတွက် တာဝန်ယူရတဲ့ တပ်ရင်းတွေက မြေဧကတသောင်းကျော် သိမ်းယူလိုက်ပါတယ်။ ဒီလို ဆုံးရှုံးနစ်နာတာတွေကို စစ်အစိုးရက လျော်ကြေးပေးတာ မဟုတ်ပါဘူး။ ကံဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်းပြီးစီးသွားတာ (၁၀) နှစ်နီးပါး ရှိလာပေမယ့် ပိုက်လိုင်းတလျှောက်က ဒေသခံတွေကို အခုထက်ထိ အစိုးရစစ်တပ်က အဓမ္မစေခိုင်း နေတုန်းဖြစ်ပါတယ်။ စစ်တပ်က မတရားအနိုင်ကျင့်နေတာကို အရေးယူမယ့်လူ မရှိဘူးလို့ မွန်လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

၂၀၀၈ နှစ်လယ်က ၂၀၀၉ ပထမသုံးလပိုင်းအထိ မွန်လူ့အခွင့်အရေးအဖွဲ့က သတင်းထောက် (၉) ဦး မြို့နယ် (၄) နယ်မှာ ကွင်းဆင်းလေ့လာ မေးမြန်းထားတာတွေကို အခြေခံပြီး ရေးထားတဲ့ ကံဘောက်-မြိုင်ကလေး ပိုက်လိုင်း ဒုက္ခသည် အစီရင်ခံစာ ဖြစ်ပါတယ်။ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူ စတဲ့ မြို့နယ် (၄) နယ်က ဒေသခံ (၇၀) ကို တွေ့ဆုံမေးမြန်းတဲ့အပြင် ဒေသခံ သတင်းထောက် (၇) ဦးတို့ကို မေးမြန်းပြီး ရေးသားထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ မွန်တို့ဌာနေမှာ (၁၄) နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ ကံဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်းကြောင့် ဒုက္ခရောက်ရတဲ့ ပိုက်လိုင်းဒုက္ခသည်တွေအကြောင်း မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ကံဘောက်အနီးဖြတ်သွားတဲ့ ရတနာပိုက်လိုင်းက ဓါတ်ငွေ့ကို အချင်းလက်မ (၂၀) ရှိတဲ့ ပိုက်လိုင်းနဲ့သွယ်ယူပြီး (၁၈၃) မိုင်ကွာဝေးတဲ့ သံလွင်မြစ် တဘက်ကမ်းက မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ပို့ပေးပါတယ်။ မြိုင်ကလေးကတဆင့် ရန်ကုန်အထိ ပိုက်လိုင်းဆက်ထားပါတယ်။

ဒါပေမဲ့ ပိုက်လိုင်းဆောက်လုပ်ပုံ ညံ့ဖျင်းတဲ့အတွက် အက်ကွဲမှု၊ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်နေပါတယ်။ ပေ (၃၀) လောက်ရှိတဲ့ ပိုက်လုံးတွေကို ဂဟေဆော်ပြီး ဆက်ထားတဲ့ ပိုက်လိုင်းဖြစ်တဲ့အတွက် ဆက်ထားတဲ့နေရာတွေမှာ အက်ကွဲတာများတယ်လို့ ရွာသားတွေက ပြောပါတယ်။ အက်ကြောင်းက ဓါတ်ငွေ့ထွက်နေတာ မြင်လို့သက်ဆိုင်ရာကို သတင်းပေးပေမယ့် အရေးယူပြီး ပြင်ဆင်တာမျိုး မလုပ်တဲ့အတွက် ပေါက်ကွဲတဲ့အဖြစ်အထိ ရောက်သွားတာပါ။ မြိုင်ကလေး၊ ရန်ကန်ပိုက်လိုင်း သထုံမြို့နယ်မှာ ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ ပေါက်ကွဲတုန်းက အိမ် (၅) လုံး မီးလောင်ပြီး အိမ်သားတွေ ဒဏ်ရာရပေမယ့် ဘယ်သူကမှ လျှော်ကြေးပေးတာ မဟုတ်ပါဘူး။ ပိုက်လိုင်းပေါက်ကွဲမှုထက် ပိုဆိုးတာကတော့ အစိုးရစစ်တပ်ရဲ့ တုံ့ပြန်မှုဘဲ ဖြစ်ပါတယ်။

ပိုက်လိုင်းပေါက်ကွဲမှုကြီးရင် သူပုန်လက်ချက်လို့ စစ်တပ်က စွပ်စွဲပြီး သူတို့မသင်္ကာတဲ့ ဒေသခံတွေကို ဖမ်းဆီးထိန်းသိမ်းပြီး နှိပ်စက်ညှင်းပန်းနေပါတော့တယ်။ ၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလ မုဒုံမြို့နယ်မှာ သူပုန်က ပိုက်လိုင်းကို ဖောက်ခွဲလိုက်လို့ ပေါက်ကွဲမှုကြီး ဖြစ်ပွားတဲ့အခါ ပတ်ဝန်းကျင်က ရွာသားတရာလောက်ကို စစ်တပ်စစ်ဆေးပါတယ်။ ဒီအထဲက (၁၀) ဦး ထိန်းသိမ်းခံရပြီး ရက်ရှည်လများစွာ နှိပ်စက်ညှဉ်းပမ်းစစ်ဆေးပြီးမှ လွှတ်ပါတယ်။ ပို်က်လိုင်းပေါက်ကွဲမှု ဖြစ်ပွားတဲ့အရပ်ကို သွားခွင့်ပိတ်ပင်တဲ့အတွက် ဒေသခံ လယ်သမားတွေ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ဖို့ အခက်အခဲရှိနေပါတယ်။

၂၀၀၉ ခုနှစ် နှစ်ဆန်းက စက်တင်ဘာလအထိ (၉) လ အတွင်းမှာ ကံဘောက်မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်း (၁၀) ကြိမ်ထက်မနည်း ပေါက်ကွဲတယ်လို့ မွန်လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။ တလတခါလောက် ဓါတ်ငွေ့ယိုထွက်ပြီး ပေါက်ကွဲမှု ဖြစ်နေတာဟာ သူပုန်လက်ချက်မဟုတ်ဘဲ ပိုက်လိုင်းရဲ့ အရည်အသွေးနဲ့ တည်ဆောက်ပုံ ညံ့ဖျင်းလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပေါက်ကွဲမှုတွေမှာ ရွာသားတွေ တာဝန်ရှိတယ်လို့ စစ်တပ်က စွပ်စွဲကာ ပြင်ဆင်ဖို့ ငွေညစ်ပြီး ကင်းစောင့်ခိုင်ပါတယ်။

ကံဘောက်-မြိုင်ကလေး-ရန်ကုန် ပိုက်လိုင်း မကြာခဏ ပေါက်ကွဲလို့ ရန်ကုန်မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်ရတဲ့အတွက် ရှေ့နှစ်ကစပြီး မုတ္တမ-ရန်ကုန် ဓါတ်ငွေ့ပိုက်လိုင်းကို တရုတ်ကုမ္မဏီ က တည်ဆောက်လိမ့်မယ်လို့ သိရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပိုက်လိုင်းသစ်ဆောက်လုပ်တိုင်း ပိုက်လိုင်း ဒုက္ခသည် ပေါ်ထွက်လာတာ အစဉ်အလာတွေလို ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG