သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဒုသမ္မတ ရှီကျင့်ဖျင်ရဲ့ခရီး


နှစ်အနည်းငယ်အတွင်း တရုတ်သမ္မတဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေကြတဲ့ တရုတ် ဒု-သမ္မတ ရှီကျင့်ဖျင်ရဲ့ (၄) နိုင်ငံ ချစ်ကြည်ရေးခရီးဟာ ငြိမ်းချမ်းစွာ တိုးတက်ရေးလမ်းစဉ် ဟားပင်ဂျုးချီ ကို ရောင်ပြန်ဟပ်နေပါတယ်။ ဒီဇင်ဘာ (၁၄) ရက်နေ့မှ (၂၂) ရက်နေ့အထိ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ နဲ့ ကမ္ဘောဒီယားနိုင်ငံများကို သွားရောက်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ တရုတ်အစိုးရ ဦးစားပေးတဲ့ နိုင်ငံခြားဆက်ဆံရေး အယူအဆအချို့နဲ့လည်း ကိုက်ညီနေတာတွေ့ရပါတယ်။ ဒီအထဲမှာ သဟဇာတဖြစ်မှု၊ ပူးတွဲတိုးတက်ဖွံ့ဖြိုးမှု၊ ပူးတွဲတာဝန်ယူမှု၊ ကမ္ဘာ့အရေးမှာ တက်ကြွစွာပါဝင်မှု စတာတွေ ပါဝင်ပါတယ်။

စစ်ရေးနဲ့ အခြားပဋိပက္ခတွေမရှိအောင် ကြိုးစားတာဟာ သဟဇာတဖြစ်ရေးဖြစ်ပါတယ်။ ပူးတွဲတိုးတက်မှုဆိုတာကတော့ အိမ်နီးချင်းအာရှနိုင်ငံတွေနဲ့ တရုတ်ပြည်အကြား ရှိနိုင်တဲ့ပြဿနာတွေကို ဖြေရှင်းတာ ဖြစ်ပါတယ်။ ပူတွဲတာဝန်ယူမှုနဲ့ တက်ကြွစွာပါဝင်မှု သဘောတရားကတော့ တက်သစ်စ အင်အားကြီးနိုင်ငံရဲ့ အခန်းကဏ္ဍသစ်ကို ဖော်ပြတာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တရုတ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ညီလာခံတွေမှာ ဦးဆောင်မှုပေးတဲ့အခန်းကနေ ပါဝင်လာတာတွေ့ရပါတယ်။ တရုတ်အကျိုးစီးပွားကိုသာ အဓိကမထားဘဲ တရုတ်ရဲ့ အပြည်ပြည်ဆိုင်ရာ တာဝန်ဝတ္တရားကိုပါ ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေးအားသစ်လောင်းရာမှာလည်း ပူးတွဲတာဝန်ယူရေးနဲ့ ပူးတွဲတိုးတက်ရေး အယူအဆတွေဟာ အဓိကကျပုံရပါတယ်။ ဗမာစစ်အစိုးရရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်ကို လေးစားကြောင်း၊ တိုင်းပြည်စည်းလုံးရေးနဲ့ အမျိုးသားညီညွတ်ရေးအတွက် ဗမာအစိုးရကြိုးစားတာတွေကို ထောက်ခံကြောင်း တရုတ် ဒု-သမ္မတက ပြောပါတယ်။ ဒါပေမဲ့ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးကို အာမခံနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း ဗမာစစ်အစိုးရအနေနဲ့ နိုင်ငံရေးတည်ငြိမ်ပြီး စီးပွားရေးတိုးတက်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ် ဒု-သမ္မတက ပြောဆိုသွားခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးဟာ တရုတ်အတွက် အလွန်အရေးကြီးပါတယ်။ မကြာမီက ဖြစ်ပွားခဲ့တဲ့ ကိုးကန့်တိုက်ပွဲမျိုးဟာ နယ်စပ်ဒေသကို စစ်မြေပြင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ကချင်နဲ့ ဝ တိုင်းရင်းသားတွေဟာ ယူနန်ပြည်နယ်မှာ နဲ့ မြန်မာပြည်မှာ ရောနှောနေထိုင်တဲ့အတွက် တရုတ်အစိုးရကို အကူအညီတောင်းထားပါတယ်။ ဒီဇင်ဘာ အစောပိုင်းက တရုတ်ဗိုလ်ချုပ်ကြီးတဦး နေပြည်တော်ကို လာသွားတာကို ကြည့်ရင် နယ်စပ်အရေးမှာ ရတက်မအေး ဖြစ်နေတာ သိသာပါတယ်။ ဗိုလ်ချုပ်ကြီး အိုင်ဟုရှန် မြန်မာပြည်မှာ (၅) ရက် ခရီးလှည့်လည်ပြီး အပစ်ရပ်အဖွဲ့တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်ပုံမရပါဘူး။ ဒီအချက်ကိုကြည့်ရင် မြန်မာပြဿနာမှာ တရုတ်အစိုးရ ပါဝင်နိုင်တဲ့ကဏ္ဍမှာ အကန့်အသတ်တွေ အများကြီး ရှိနေတာတွေ့ရပါတယ်။ အများထင်သလို ဗမာစစ်အုပ်စုအပေါ်မှာ တရုတ်က သြဇာညောင်းတာ မဟုတ်ဘူးလို့လည်း မြင်ကြပါတယ်။

ယူနန်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးမှာ မြန်မာပြည်ဟာ အရေးကြီးတဲ့အခန်းက ပါဝင်နေတာဟာလည်း တရုတ်-မြန်မာ ချစ်ကြည်ရေးကို အမြဲတမ်းမြင့်တင်ရတဲ့ အကြောင်းရင်းတခုပါ။ တရုတ်တွေဟာ မြန်မာပြည်ကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်နိုင်ပါတယ်။ အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှနဲ့ ဆက်သွယ်နိုင်ပါတယ်။ ဒါကြောင့် တရုတ်ပြည် အနောက်တောင်ဒေသ တိုးတက်ကြီးပွားရေး မဟာဗျူဟာမှာ မြန်မာပြည် ပါဝင်နေတာဖြစ်ပါတယ်။ မြန်မာပြည်ကို စီးပွားရေး ကိုလိုနီလုပ်ဖို့ တရုတ်က စိတ်မကူးပါဘူးတဲ့။ တရုတ်-မြန်မာ ဆက်ဆံရေး မြင့်တင်တာကြောင့် အာဆီယ-မြန်မာ ဆက်ဆံရေး ထိခိုက်မှာမဟုတ်ဘူးလို့ ယူနန်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာန ပါမောက္ခ ချန်ယန်းလီက ယူဆပါတယ်။ တကယ်တော့ တရုတ်ဟာ ဗမာအစိုးရနဲ့ ဆက်ဆံရေး ပြေလည်ဖို့သာ အဓိကထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြဿနာဖြစ်တာကို မလိုလားပါဘူး

တရုတ်-မြန်မာနယ်စပ်ဟာ ပြဿနာမျိုးစုံပေါ်ထွက်ရာဒေသ ဖြစ်နေတုန်းပါ။ လက်နက်ကိုင် တိုင်းရင်းသားပြဿနာတင် မကသေးပါဘူး မူယစ်ဆေးပြဿနာနဲ့ HIV/AIDS ပြဿနအပြင် ဒုက္ခသည်ပြဿနာလည်း ရှိနေပါတယ်။ နယ်စပ်ဒေသဟာ စီးပွားရေးအရ တရုတ်ကိုမှီခိုရတာ များတဲ့အတွက် ဗမာစစ်အစိုးရ သြဇာအရှိန်အဝါနည်းပါးတဲ့ နေရာလည်းဖြစ်ပါတယ်။ တရုတ်နဲ့ အရင်းနှီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဟာ ဝ ပြည်နယ်သွေးစည်းရေး တပ်ဖွဲ့ဖြစ်ပါတယ်။ ဝ တိုင်းရင်းသားဦးရေ တဝက်ဟာ တရုတ်ပြည်မှာရှိပြီး ကျန်တဝက်ကတော့ မြန်မာပြည်မှာရှိနေပါတယ်။ ဝ တပ်ဖွဲ့မှာ တပ်အင်အား သုံးသောင်းကျော်ရှိပြီး တရုတ်လုပ် လက်နက်ကြီးတွေနဲ့ လေယာဉ်ပစ်အမြောက်တွေ ရှိပါတယ်။

ဗမာစစ်အစိုးရ စီစဉ်တာကို ဝ တပ်ဖွဲ့ မလိုက်လျောနိုင်တာဟာ တရုတ်အားကိုးရှိနေလို့ပါ။ ဗမာဖက်က မြင်ပုံရပါတယ်။ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တေါ လက်နက်စွန့်အောင် ဖျောင်းဖျပြောဆိုဖို့ ဗမာစစ်ခေါင်းဆောင်တွေ တရုတ်ကို ပန်ကြားထားပေမယ့် ဒီကိစ္စမှာ တရုတ်လည်း တတ်နိုင်ပုံမရပါဘူး။ ဒါပေမဲ နယ်စပ်ဒေသမှာ အကြမ်းဖက်ပြီး ပြဿနာဖြေရှင်းတာကို တရုတ်က မလိုလားပါဘူး။ ဒါကြောင့် မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်ရေးဟာ ရေရှည်ပြဿနာအဖြစ် ဆက်လက်တည်နေမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG