သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီဝင်တွေကို စစ်မေးမှု ဥပဒေနဲ့မညီညွတ်


မြန်မာနိုင်ငံ ရဲအထူး သတင်းတပ်ဖွဲ့က ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း တို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲချုပ်နဲ့ တခြား ပါတီဝင်တွေရဲ့ အသေးစိတ် ကိုယ်ရေး အချက်အလက်နဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ရိုက်ယူ ကောက်ခံနေတာကြောင့် ဒီကိစ္စဟာ ဥပဒေအရ ဘယ်သူမှ လုပ်ပိုင်ခွင့် မရှိဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်က ပြောဆိုလိုက်ပါတယ်။ မအေးအေးမာ က အပြည့်စုံ သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲ လုပ်ဖို့အတွက် စစ်အစိုးရက ပြင်ဆင်နေချိန်မှာ စည်းရုံးလှုပ်ရှားခွင့် မရတဲ့ ပါတီတွေ၊ သူတို့ရဲ့ ကိုယ့်ရေး အချက်အလက်တွေနဲ့ မိသားစုဝင်တွေရဲ့ နောက်ခံတွေကို အထက်အမိန့်အရ ဆိုပြီး ရဲအထူးတပ်ဖွဲ့က လိုက်လံ ကောက်ခံ နေပါတယ်။

အဲန်အယ်ဒီပါတီဝင်တွေရဲ့ မိသားစုဝင်တွေရဲ့ အလုပ်အကိုင် အသေးစိတ်ကိုပါ မေးမြန်း ကောက်ခံနေတာကြောင့် အဖွဲ့ချုပ် ဝင်တွေရဲ့ မိသားစုတွေကတော့ စိုးရိမ်ပူပန်နေကြပါတယ်။

တနင်္သာရီတိုင်းက လူငယ်တာဝန်ခံတဦး ပြောပြတာကတော့ -

"ကျနော်တို့ အဲန်အယ်လ်ဒီ အနေနဲ့ကတော့ အရင်ကလည်း မေးတဲ့မြန်းတဲ့အပိုင်းလေးတွေ ရှိတယ်လေ။ ဒါပေမဲ့ အဲဒီတုန်း က မေးတဲ့အပိုင်းတွေကျတော့ သူက သိပ်ပြီးတော့ အခုလောက်ထိ အသေးစိတ် မဆန်ဘူး။ အခု နောက်ပိုင်းကျတော့ သူတို့ မောင်နှမ ရှိတယ်ဆိုရင် မောင်နှမက ဘယ်နှစ်ယောက်လဲ၊ ဇနီး ရှိတယ်ဆိုရင် ဇနီးက ဘာအလုပ်တွေ လုပ်လဲ၊ ဓါတ်ပုံ ရိုက်တဲ့သူတွေကိုလည်း ရိုက်တယ်။ ကင်မရာတွေ ဘာတွေနဲ့ မှတ်တမ်းတင်သွားတယ်နော်။ ရှိပြီးသားလူမှာ တောင်းတယ်။ တချို့ မရှိဘူးလို့ ပြောတဲ့သူကျတော့ ကင်မရာနဲ့ ရိုက်သွားတာပေါ့နော်။ ဒီတခါ ပိုပြီးတော့ ထဲထဲဝင်ဝင် လုပ်လာတဲ့ဟာက အိမ်တိုင်ယာရောက် လာမေးတယ်ဆိုတော့ မိသားစုတွေက သူတို့ မိသားစုဝင်အတွက် စိတ်ပူတယ်အပိုင်းလေးတွေ ဖြစ်လာ တာပေါ့လေ။"

ပဲခူးတိုင်းမှာလည်း အလားတူ ကောက်ခံမူတွေ ရှိနေတဲ့အကြောင်းကိုလည်း ပဲခူးတိုင်းက အဲန်အယ်လ်ဒီ အဖွဲ့ဝင် တဦးက အခုလို ပြောပြပါတယ်။

"ဟိုးတုန်းက ရှိခဲ့တဲ့ အဖွဲ့ချုပ်ဝင်တွေပေါ့နော်၊ အဲဒါတွေရယ်။ အခုတခါ အဖွဲ့ချုပ်မှာလုပ်နေတဲ့သူတွေကို ကောက်တယ်လို့ ပြောတာပဲ။ တစည ရော၊ အဲန်အယ်လ်ဒီ ရော ကောက်တယ်လို့ ပြောတာပဲ။"

ကိုယ်ရေးအချက်အလက် ကောက်ခံမူ၊ ဓါတ်ပုံရိုက်မူတွေကို ရဲအထူး သတင်းတပ်ဖွဲနဲ့အတူ ဒေသခံ အာဏာပိုင်တွေပါ ပါဝင်ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ကိုမေးတော့လည်း တစုံတရာ ပြန်ပြီးတော့ အကြောင်းပြချက် မပေးနိုင်ဘူးပေါ့နော်။ သူတို့ကို အပေါ်ကနေခိုင်းလို့ ညွှန်ကြားလို့ ဆိုတဲ့ဟာမျိုးပဲ ဖြေတယ်။ အဓိက က ကျနော်တို့ အက်စ်ပီ ကရော၊ အထူးသတင်း တပ်ဖွဲ့ကရော ဆယ်အိမ်မှူးတွေ၊ တချို့နေရာတွေမှာဆို ဆယ်အိမ်မှူးတွေနဲ့ ရယက အဖွဲ့တွေပါ ပါတယ်လေ။"

အခုလိုကောက်ခံမူတွေဟာ ဥပဒေအရ လုပ်ခွင့်မရှိတဲ့ အကြောင်းကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က အခုလို ပြောပါတယ်။

"ကျနော် ပြောတာက ဘယ်သူမှ လုပ်ပိုင်ခွင့်မရှိဘူးလို့၊ အဲဒီမှာ တကယ်လို့ လုပ်နေတယ်ဆိုရင်လည်း လုပ်ပိုင်ခွင့်မရှိဘဲ လုပ်တယ်လို့ပဲ အဲဒီလိုပြောချင်တယ်။ ဒီဥစ္စာဟာ ဥပဒေအရ ဘယ်လိုမှ ဆောင်ရွက်လို့မရတဲ့အလုပ်တခုပဲ။ ကျနော်တော့ အဲဒီလို ပြောချင်တယ်။"

ရွေးကောက်ပွဲတောင်မှ ဘယ်အချိန်လုပ်မယ်မှန်း မသိသေးတဲ့ ကာလမှာ ခြိမ်းခြောက်မူဆန်တဲ့ ပါတီဝင်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ကောက်ခံမူတွေအတွက် အဖွဲ့ချုပ်ဝင်တွေက သံသယ ရှိနေကြပြီး ပါတီဝင်တချို့ကလည်း ပါတီတောင် မဝင်ရဲအောင် ဖြစ်ရတယ်လို့ ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG