သုံးရလွယ်ကူစေသည့် Link များ

အီရန်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ပဋိပက္ခဖြစ်ပွား


အီရန်နိုင်ငံမြို့တော် တီဟီရန်နဲ့ တခြားပြည်နယ်တွေက မြို့တွေမှာ မနေ့တုန်းက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောကြပါတယ်။ ရဲတွေက နံပါတ်တုတ်တွေ ဝှေ့ရမ်းပြီး ကားမှန်တွေကို ရိုက်ခွဲ၊ မျက်ရည်ယိုဗုံးတွေပစ်ခတ်၊ ငရုတ်ကောင်းရည်နဲ့ ပက်ပြီး ဆန္ဒပြနေကြတဲ့ လူစုလူဝေးတွေကို ဖြိုခွဲဖို့ကျိုးပမ်းခဲ့ကြတယ် လို့လည်း ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Edward Yeranian ရဲ့ သတင်းပေးပို့ချက်ကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဆန္ဒပြသူ ထောင်ပေါင်းများစွာနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ပြင်းထန်တဲ့ ပဋိပက္ခမှုတွေ မြို့တော် တီဟီရန်မြို့မှာ ဖြစ်ပွားခဲ့ပြီး တနေကုန် ဖြစ်ပွားနေတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြီးထွားလာပြီး တခြား နေရာဒေသတွေကိုပါ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ အစိုးရက အားထားတဲ့ တော်လှန်ရေး ပြည်စောင့်တပ်ဖွဲ့ဝင်တွေ၊ Basij စစ်သွေးကြွတွေက မျက်ရည်ယိုဗုံးတွေ၊ ရေအမြောက်တွေနဲ့ ငရုပ်ကောင်းရည်တွေ အသုံးပြုပြီး မြို့တော် တီဟီရန် အနှံ့အပြားက ဆန္ဒပြနေကြသူတွေကို အင်အားသုံး လူစုခွဲဖို့ ကျိုးပမ်းခဲ့ကြတာပါ။ အရပ်ဝတ် အရပ်စားနဲ့ Basij စစ်သွေးကြွတွေဟာ ၀ါးလုံးတွေ၊ နံပါတ်တုတ်တွေ ကိုင်ဆောင်ပြီး ကားမှန်တွေကို ရိုက်ခွဲ၊ ဆန္ဒပြသူတွေကို အားပေးတဲ့ အနေနဲ့ ကားဟွန်းတွေကို တီးပြီးအားပေးကြတဲ့ ကားသမားတွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ကြတယ်လို့လည်း အီရန်နိုင်ငံကလာတဲ့ သတင်းတွေက ဆိုပါတယ်။ အဖြစ်အပျက်တွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့ အမျိုးသမီး တဦးကတော့ တော်လှန်ရေး ပြည်စောင့်တပ်ဖွဲ့ဝင်တွေက အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြွေးကြော်သံတွေ အော်ဟစ်သူတွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တယ်လို့ Farda ရေဒီယိုကို ပြောခဲ့တာပါ။

အထူးသဖြင့်တော့ ပဋိပက္ခတွေဟာ Pol Chobi နဲ့ Vali Asr ရင်ပြင်တွေမှာ ဖြစ်ပွားခဲ့ပြီး၊ ဒီကနေ့မှာတော့ ဆန္ဒပြသူတွေဟာ ၀တ်စုံအနက်တွေကို ၀တ်ဆင်ထားတဲ့အကြောင်း သူကပြောခဲ့တာပါ။ တက္ကသိုလ် တ၀ိုက်က Fakhr Razi လမ်းမကြီးအနီးမှာ နောက်ထပ် ဆန္ဒပြနေသူတစုကို တွေ့ရပြီး အာဏာရှင်ကျဆုံးပါစေ ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်နေကြတယ် လို့လည်း ဆိုပါတယ်။ အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့တွေကတော့ ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ နေရာတွေကို မော်တော်ဆိုင်ကယ် တွေနဲ့ အပြေးအလွှား သွားပြီး နှိမ်နင်းတာတွေ လုပ်ကြတယ်လို့လည်း သူကပြောပါတယ်။

အီရန်နိုင်ငံရဲ့ ဥသျှောင် အယာတိုလာ အလီ ခါမေနီ ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို မြို့ထဲကဘတ်စ်ကား တစီးပေါ်ကနေ လူငယ်တစုက ကြွေးကြော်အော်ဟစ်ခဲ့ကြတဲ့ ဗွီဒီယို မှတ်တမ်းတခု ဗွီအိုအေကို ပေးပို့လာတဲ့အထဲက ကြားလိုက်ရတဲ့ အသံတွေပါ။ နိုင်ငံဥသျှောင် အယာတိုလာ ကို ဆန္ဒပြသမားတွေက ၇ ရာစုနှစ်တုန်းက တမန်တော် မိုဟာမက်ရဲ့ မြေးဖြစ်သူ အီမန် ဟူစိန် (Imam Hussein) ကို သတ်ဖြတ်ရာမှာ ပတ်သက်သူအဖြစ် ရှီးအိုက် ဘာသာဝင်တွေက ရွံရှာစက်ဆုပ်ကြတဲ့ Yazid အဖြစ် ရည်ညွှန်းသုံးနှုန်းကြကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အီရန်အစိုးရ ရုပ်မြင်သံကြားဌာနရှေ့မှာ ဆန္ဒပြနေကြတဲ့ လူငယ်တစုက ကြွေးကြော်သံတွေ အော်ဟစ်နေကြပါတယ်။ ဗွီအိုအေကို ပေးပို့တဲ့ ဒီဗွီဒီယိုမှတ်တမ်းမှာတော့ အာဏာရှင် သေပါစေဆိုပြီး ကြွေးကြော်တာတွေကိုပါ ကြားနေရတာ ဖြစ်ပါတယ်။ အတိုက်အခံ ဆန္ဒပြသမားတွေက ဆန္ဒပြပွဲတွေကို တနေရာပြီး တနေရာ ပြုလုပ်ရင်းနဲ့ အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အငိုက်ဖမ်းနေခဲ့တာလို့ အီရန်နိုင်ငံသားတွေကြား ရေပမ်းစားတဲ့ ဘလော့ဂ်တခုဖြစ်တဲ့၊ တည်မြဲတဲ့ အမေရိကန် Enduring America ကို နောက်ကွယ်က ပံ့ပိုးကူညီပေးနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Birmingham တက္ကသိုလ်က စကော့ လူးကပ်စ် (Scott Lucas) က ပြောပါတယ်။

"ဒီညနေပိုင်းအထိ ဆန္ဒပြမယ့်နေရာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အင်တာနက်ပေါ်မှာ မရှိပါဘူး။ ဒါဟာ အလိုလို ဖြစ်လာတာမျိုး၊ ဒါမှမဟုတ်ရင်လည်းပဲ အီရန်နိုင်ငံထဲက ဆက်သွယ်ရေး ကွန်ယက်တခုကနေ လုပ်နေတာမျိုးပါ။ သူတို့ ဘယ်နေရာမှာ စုဝေးကြမယ်ဆိုတာမျိုး အရင်က ကျနော်တို့ သိနေကြ လမ်းကြောင်းတွေမှာ တလုံးမှကို မတွေ့ရတဲ့ ကွန်ယက်မျိုးပါ။ ဒါကြောင့်မို့လို့ တီဟီရန်က ဆန္ဒပြပွဲတွေကို လိုက်ကြည့်မယ်ဆိုရင်၊ ဒီကနေ့မှာ သူတို့ ပစ်မှတ်ထားတဲ့ နေရာတွေ ရှိပေမဲ့ စပြီးချီတက်တဲ့ ဆုံရပ်မျိုးမရှိပါဘူး။ ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ခဲ့တဲ့ Imam Hussein ရင်ပြင်ကို သူတို့ သွားကြပါတယ်။ နောက်တော့ Firdawsi နဲ့ Enghelab ရင်ပြင်တွေမှာလည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာပါ။ ဒါဟာဆိုရင် ဆန္ဒပြပွဲတွေကို အနှံ့အပြား လျှောက်လုပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။"

အစိုးရအနေနဲ့ တန်ပြန်လူထုစုဝေးပွဲတွေလုပ်ဖို့ ကျိုးပမ်းမှုတွေဟာလည်း ဆန္ဒပြသမားတွေရဲ့ လှုပ်ရှားမှုတွေကို မကျော်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဆန္ဒပြပွဲတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ လူးကပ်စ် ကဆိုပါတယ်။

"လူထုစုဝေးပွဲတွေနဲ့ ပတ်သက်လို့ အစိုးရက ကြေညာထားတဲ့အတိုင်း အရင်က တကယ်ရှိခဲ့ဘူးပေမဲ့၊ အခုတော့ ဘာမှမတွေ့ရပါဘူး။ ကျနော်ပြောနိုင်တာကတော့ လူသိရှင်ကြား တွေ့ရသလောက် သူတို့ ခြေလှမ်းတွေ နောက်ကျ ကျန်နေပါတယ်။ အခုအချိန်မှာ သူတို့ လူတွေကို စုနိုင်မယ်လို့လည်း ကျနော် မထင်ပါဘူး။ လက်ရှိအဆင့်မှာတော့ ကစားကွင်းက အတိုက်အခံတွေ အတွက် ဖွင့်ပေးထားတဲ့ သဘောမျိုး ဖြစ်ပါတယ်။"

ရှီးအိုက်ဘာသာဝင်တွေရဲ့ အထွက်အမြတ် Ashura ဘာသာရေးပွဲတော်နေ့လည်းဖြစ်၊ ကွယ်လွန်သူ အတိုက်အခံ ဘာသာရေး ခေါင်းဆောင် အယာတိုလာ ဟူစိန် အလီ မွန်တာဇာရီ အတွက် ၀မ်းနည်းခြင်း (၇) ရက် ပြည့်မြောက်တဲ့နေ့ အဖြစ် ဒီကနေ့မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားနိုင်တာမို့ အမြင့်ဆုံးအဆင့် အသင့်ပြင်ထားဖို့ အစိုးရလိုလားတဲ့ တော်လှန်ရေး ပြည်စောင့်တပ်ကို တပ်လှန့်ထားကြောင်းကိုလည်း Al Arabiya ရုပ်မြင်သံကြားက ကြေညာပါတယ်။ ဒီတနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေကတော့ အီရန်အစိုးရ အနေနဲ့ လမ်းပေါ်က ဆန္ဒပြပွဲတွေကို ဆက်ပြီး ထိန်းထားနိုင် မထားနိုင် ဆိုတာ သက်သေပြရမယ့် စမ်းသပ်မှုတခု ဖြစ်လာလိမ့်မယ်လို့လည်း လေ့လာဆန်းစစ်သူတွေက ဆိုနေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG