သုံးရလွယ်ကူစေသည့် Link များ

လေယာဉ်ဖောက်ခွဲဖို့ ကြိုးပမ်းသူကို အမေရိကန် လုံခြုံရေး တာဝန်ရှိသူတွေ တရားရုံးတင်


သောကြာနေ့တုန်းက နယ်သာလန်နိုင်ငံကနေ အမေရိကန်ကို ပျံသန်းလာတဲ့ လေယာဉ်တစင်းကို ဖောက်ခွဲဖို့ ကြိုးစားမှုနဲ့ အသက် ၂၃ နှစ်အရွယ် နိုင်ဂျီးရီးယားလူမျိုး တယောက်ကို အမေရိကန် လုံခြုံရေး တာဝန်ရှိသူတွေက စွဲချက်တင်လိုက်ပါတယ်။

မီးလောင်ဒဏ်ရာနဲ့ အူမာ ဖာရွတ် အဗ္ဗဒူလ်မူတာလက်ဘ် (Umar Farouk Abdulmutallab) ဆေးကုသ ခံယူနေတဲ့ မစ်ရှီဂန်ဆေးရုံ တာဝန်ရှိသူတွေက သူ့အပေါ် စွဲချက်တင်လိုက်တဲ့စာကို ဖတ်ပြခဲ့ပါတယ်။

အဗ္ဗဒူလ်မူတာလက်ဘ်ဟာ သူ့ကိုယ်ပေါ်မှာ ပတ်ထားတဲ့ အကြီးအကျယ် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းနဲ့ လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးစားခဲ့တယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

FBI က ကနဦး စစ်ဆေးမှုတွေအရ PETN လို့ခေါ်တဲ့ ဖောက်ခွဲပစ္စည်းကို အသုံးပြုခဲ့တာလို့ ပြောပါတယ်။ သူဟာ လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ မီးလောင်သွားတဲ့ သူ့ရဲ့ ဘောင်းဘီကနေ လေယာဉ်အတွင်းပိုင်း နံရံကိုသာ မီးစွဲလောင်ခဲ့ပါတယ်။

ယီမင်နိုင်ငံမှာ လှုပ်ရှားနေတဲ့ အယ်လ်ကိုင်းဒါးတွေဆီမှာ လေ့ကျင့်သင်ကြားခဲ့တာလို့ အဗ္ဗဒူလ်မူတာလက်ဘ်က ပြောတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပြပါတယ်။

ခရီးသည် ၂၇၈ ယောက်နဲ့ အမ်စတာဒမ်မြို့ကနေ ဒိထရွိုက်မြို့ဆီ ပျံသန်းလာတဲ့ လေယာဉ်ဟာ အန္တရာယ်ကင်းကင်း ဆင်းသက်နိုင်ခဲ့ပေမဲ့ လေယာဉ်ပေါ်ပါ ခရီးသည်တချို့ကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

အမေရိကန် ပြည်တွင်းနဲ့ နိုင်ငံတကာ လေယာဉ်ခရီးစဉ်တွေ အတွက် လုံခြုံရေးတွေကိုလည်း အခုအခါ ပိုပြီး တင်းကျပ်ထားပါတယ်။ ခရီးသည်တွေအနေနဲ့ လေယာဉ်ကွင်းမှာ လုံခြုံရေး စစ်ဆေးမှုတွေအတွက် အချိန်ပိုပေးဖို့ လိုတဲ့အကြောင်းလည်း ခရီးသွားလာမှု လုံခြုံရေးဆိုင်ရာ ဌာနက သတိပေးထားပါတယ်။

စင်ကာပူ လေကြောင်းလိုင်းကလည်း အမေရိကန်ကိုသွားတဲ့ လေယာဉ်တွေအတွက် စည်းကမ်းချက် အသစ်တွေကို ထုတ်ပြန်ပါတယ်။ လေယာဉ်ဆင်းသက်ဖို့ တနာရီပဲလိုတဲ့ အချိန်ကျရင် ခရီးသည်တွေအနေနဲ့ နေရာကနေ ထခွင့်မရတော့ဘဲ လက်ဆွဲအိတ်တွေကိုလည်း စောင်အောက်မှာ ကွယ်ထားခွင့် မပြုတော့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG