သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးအကြံပေးပုဂ္ဂိုလ် ဂမ်ဘာရီနေရာ ကုလသမဂ္ဂ ကြားဖြတ်အဖွဲ့ တာဝန်ယူသွားမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖြစ် ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံသား မစ္စတာဂမ်ဘာရီဟာ လာမယ့် ၂၀၁၀ ဇန်နဝါရီလကစပြီး အာဖရိကတိုက်မှာ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ဆူဒန် ဒါဖောဒေသမှာ ကုလသမဂ္ဂနဲ့ အာဖရိကသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့ကို ဦးဆောင်ဖို့ တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ဖို့ ကုလသမဂ္ဂရဲ့ ရွေးချယ်မှု အခြေအနေနဲ့ ပတ်သက်ပြီး အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို အာဖရိက သမဂ္ဂနဲ့ ကုလသမဂ္ဂ ပူးပေါင်းလုပ်ငန်းစဉ်ရဲ့ ပူးတွဲ အကြံပေးပုဂ္ဂိုလ်အဖြစ် နောက်နှစ် ဇန်နဝါရီလ ၁ ရက်နေ့က စပြီး တာဝန်ပေးလိုက်ပြီလို့ ကုလသမဂ္ဂက ဒီဇင်ဘာလဆန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ မစ္စတာဂမ်ဘာရီ အနေနဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အပြင် အီရတ်ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်နဲ့ တခြား နိုင်ငံရေးကိစ္စတွေကိုလည်း ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

အခုလို သူ့ရဲ့ ရာထူးတာဝန် ကုန်ဆုံးဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အခြေအနေမှာ မစ္စတာဂမ်ဘာရီရဲ့ နေရာမှာ အစားထိုး ခန့်အပ်မှုနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) အနေနဲ့ အလေးအနက် စဉ်းစားနေဆဲရှိတယ်လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နစ်စ်စာကီး (Martin Nisirky) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

“အတွင်းရေးမှူးချုပ် အနေနဲ့ မစ္စတာဂမ်ဘာရီ ထမ်းဆောင်ရမယ့် နေရာမှာ ဘယ်သူ့ကို ဘယ်လို ဘယ်အချိန်မှာ အစားထိုး ခန့်အပ်ရမယ် ဆိုတာကို လေးလေးနက်နက် စဉ်းစားနေပါတယ်။ ကြားဖြတ်ကာလမှာတော့ ကုလသမဂ္ဂက အရင်က ပြောခဲ့ပြီးတဲ့အတိုင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဦးစားပေးမှုတွေကိုတော့ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်အရ အဖွဲ့မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေကိုပဲ တာဝန်လွှဲပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလို မစ္စတာဂမ်ဘာရီရဲ့ နေရာမှာ သင့်လျော်တဲ့ပုဂ္ဂိုလ် ခန့်အပ်ဖို့ စဉ်းစားသုံးသပ်နေချိန်မှာ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာအောက်မှာ မြန်မာ့အရေးကို တာဝန်ယူ ဆောင်ရွက်မယ့် ကြားဖြတ်အဖွဲ့ရဲ့ အနေအထားနဲ့ ပတ်သက်လို့လည်း ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နစ်စ်စာကီးက…

“အဲဒီပုဂ္ဂိုလ်တွေကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်အောက်မှာ တိုက်ရိုက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေအပြင် တခြား အကြံပေးပုဂ္ဂိုလ်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်း အခြေအနေတွေကို ကျွမ်းကျင်ကြပြီး ဒီကြားဖြတ်ကာလအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အထူးအလေးပေး ဆောင်ရွက်သွားကြဖို့ အားကိုးရမယ့် ပုဂ္ဂိုလ်တွေပါ။”

အခုလို ယာယီအဖွဲ့ကတဆင့် မြန်မာ့အရေးကို ဆောင်ရွက်သွားမယ့် အနေအထားနဲ့ ပတ်သက်လို့ အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို သုံးသပ်ပါတယ်။

“အခုလောလောဆယ် အနေအထားမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်လို့ နအဖဘက်ကလည်း တစုံတရာ လိုက်နာဆောင်ရွက်တဲ့ အနေအထားမျိုး မတွေ့ရဘူး။ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့လည်း နအဖရဲ့ သဘောထားတွေက မရှင်းလင်းဘူး။ အထွေထွေ ညီလာခံလို အစည်းအဝေးတွေမှာကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ နိုင်ငံခြားရေး ပေါ်လစီရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ် ဘာညာနဲ့တော့ ပြောတယ်။

“လက်တွေ့မှာကတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကြားဝင်ဆောင်ရွက်တဲ့ အပေါ်မှာ သဘောထားက တကယ် စိတ်ပါလက်ပါနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုး မရှိဘူး။ အဲဒီအနေအထားမျိုးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့လည်း အခု အမေရိကန် အစိုးရက နအဖနဲ့ တိုက်ရိုက် ထိတွေ့ပြီး ပြောဆိုဆွေးနွေးနေတာတွေနဲ့ ပတ်သက်ပြီး သူတို့ အနီးကပ် စောင့်ကြည့်နေတယ်။

“အဲဒီတိုးတက်မှု အခြေခံတွေပေါ်မှာပဲ ယူအန်က လုပ်ဖို့ရှိတယ်။ အဲတော့ လောလောဆယ် အနေနဲ့ကတော့ ယူအန်က မစ္စတာဂမ်ဘာရီနေရာမှာ အစားထိုး ခန့်ထားဖို့ကိုတော့ အလောသုံးဆယ် မရှိဘူး။ သူတို့ လေးလေးနက်နက်တော့ စဉ်းစားနေတယ်။ ယာယီကာလမှာတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးရဲ့ နိုင်ငံရေးရာဌာနကနေ မြန်မာပြည်ရေးရာ ကိစ္စနဲ့ ပတ်သက်လို့ တာဝန်ခံပြီး ဆောင်ရွက်သွားမယ့် အနေအထားကို တွေ့ရတယ်။

“ကျနော်တို့အနေနဲ့ကတော့ မစ္စတာဂမ်ဘာရီ နေရာမှာ သင့်လျော်တဲ့ တစုံတယောက်ကို အမြန် အစားထိုးပြီး ခန့်အပ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ ဆိုတာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ နိုင်ငံရေး အလှည့်အပြောင်းတွေကို ကျော်ဖြတ်ရမယ့်ကာလ ဖြစ်တယ်။ အမေရိကန် အစိုးရက တိုက်ရိုက်ဆွေးနွေး အဖြေရှာနေပေမဲ့ တကယ်တမ်းကျတော့ အမြင်အမျိုးမျိုး၊ ချဉ်းကပ်မှု အမျိုးမျိုးရှိတဲ့ နိုင်ငံတွေ အားလုံးကို စုစည်းပြီး တူညီတဲ့ ချဉ်းကပ်မှု၊ တူညီတဲ့ အားထုတ်မှုတွေ ဖြစ်ဖို့ဆိုတာ အထွေထွေ အတွင်းရေးမှူးချုပ်ကနေပြီးတော့ ကြားခံ ဆောင်ရွက်ပေးဖို့။

“အဲဒီနေရာမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အချိန်ပြည့် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် တယောက်ကတော့ ကျိန်းသေပေါက် လိုအပ်ပါတယ်။ အဲဒီလို လိုအပ်တယ်ဆိုတဲ့ အကြောင်းနဲ့ အမြန်ဆုံး ခန့်ပေးဖို့ စဉ်းစားဖို့ဆိုတဲ့ အကြောင်းကိုလည်း အထွေထွေ အတွင်းရေးမှူးချုပ်ဆီကို အမျိုးသား ညွန့်ပေါင်းအစိုးရ အနေနဲ့ စာပို့ထားတာ ရှိပါတယ်။”

မစ္စတာဂမ်ဘာရီရဲ့ နေရာမှာ ဝါရင့် အိန္ဒိယ သံတမန်ဖြစ်သူ အသက် ၆၆ နှစ်အရွယ် မစ္စတာ ဗီဂျေး နမ်ဘီယာ (Mr. Vijay Nambiar) ကို ခန့်အပ်မယ့် အလားအလာ ရှိတဲ့အကြောင်း ကောလာဟလသတင်းတွေ ထွက်ခဲ့ပါတယ်။ မစ္စတာနမ်ဘီယာကတော့ ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းက နာဂစ်မုန်တိုင်း တိုက်ခတ်စဉ် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အထောက်အကူ ရရှိရေးအတွက် ကြားဝင် ဆောင်ရွက်ပေးခဲ့သူတဦး ဖြစ်ပြီး လောလောဆယ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးမှာ အမှုထမ်းတွေရဲ့ အရာရှိချုပ် ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာဂမ်ဘာရီ နေရာမှာ သူ့ကို ခန့်အပ်မယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ဘူး၊ သူဟာ အတွင်းရေးမှူးချုပ်ရဲ့ ကျွမ်းကျင်ပညာရှင် အဖွဲ့ထဲမှာ ပါဝင်သူတဦးသာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ဗွီအိုအေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG