သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၂ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေး အမေရိကန် အစိုးရ သဝဏ်လွှာပို့


၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ တနင်္လာနေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံရဲ့ ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ မြန်မာလူထုကို အမေရိကန် ပြည်ထောင်စုက ဆုတောင်းမေတ္တာ ပို့သလိုက်ပြီး လွတ်လပ် ငြိမ်းချမ်း ကြွယ်၀ ချမ်းသာပြီး ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ထောက်ခံပါကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုလိုက်ပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ မြန်မာလူထုရဲ့ဆန္ဒ ပြည့်ဝစေဖို့ မြန်မာအစိုးရက အဓိပ္ပာယ်ပြည့်ဝတဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ လုပ်ဆောင်မှုအပေါ် အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်သွားဖို့ အမေရိကန် ပြည်ထောင်စုက အဆင်သင့် ရှိနေတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ လူ့အခွင့်အရေးကို လွတ်လပ်စွာ အသုံးပြုတဲ့ နေရာအနှံ့က လူထုတွေရဲ့ ငြိမ်းချမ်းတဲ့ ကြိုးပမ်း အားထုတ်မှုတွေကို မိမိတို့ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံသားတွေ အလားတူ လုပ်ဆောင်နိုင်မယ့် နေ့ရက်ကို မိမိတို့ စောင့်မျှော်နေပါကြောင်းနဲ့ အဲဒီနေ့ရက် မကြာခင် ရောက်လာမယ်လို့ မိမိတို့ မျှော်လင့်ပါကြောင်း အမေရိကန် ပြည်ထောင်စုက မြန်မာလူထုဆီ ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲ ကျင့်သုံးမယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) သွားရောက်ခဲ့ပြီး မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG