သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဆုံးနိုင်တဲ့ မြန်မာ့မူယစ်ဆေးပြဿနာ


လွန်ခဲ့တဲ့ နိုဝင်ဘာလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ မူခင်းဌာန - UNODC (United Nations Office on Drugs and Crime) ရဲ့ ၁၅၂ စာမျက်နှာ အစီရင်ခံစာမှာ အရှေ့အာရှနိုင်ငံ (၁၅) နိုင်ငံက မူးယစ်ဆေး အခြေအနေတွေကို ဖော်ပြထားပါတယ်။ သြစတေးလျ (Australia), နယူးဇီးလန် (New Zealand), တရုတ် (China), ဂျပန် (Japan), တောင်ကိုရီးယား (South Korea) နဲ့ အာဆီယံ (ASEAN) နိုင်ငံက မူးယစ်ဆေးစားသုံးမှု အခြေအနေကို အစီရင်ခံ ထားပါတယ်။ မြန်မာပြည်အခြေအနေကို (၆) မျက်နှာ ရေးထားပါတယ်။ ဘိန်းဖြူစားသုံးမှုဟာ လွန်ခဲ့တဲ့ (၆) နှစ်အတွင်း ဆက်တိုက်ကျဆင်းလာပြီး စိတ်ကြွဆေးစားသုံးမှု များပြားလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘိန်းဖြူစားသုံးသူဦးရေက အများဆုံးဖြစ်နေပါတယ်။

လွန်ခဲ့တဲ့နှစ်မှာ ဗမာစစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ ပဋိပက္ခဖြစ်ကြတဲ့အတွက် မူးယစ်ဆေးရောင်းဝယ်မှု များလာတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ အဖမ်းအဆီးများသလို အိမ်နီးချင်းနိုင်ငံတွေမှာလည်း များပါတယ်။ ဒီဇင်ဘာလအစောပိုင်း (၈) ရက်က မူးယစ်ဆေးဝါး ဒေါ်လာသန်း (၉၀) ကျော်ဖိုး ဖျက်ဆီးတဲ့ အခမ်းအနား ကျိုင်းတုံမှာ ကျင်းပခဲ့ပြီး ဗမာဝန်ကြီးချုပ်နဲ့ နိုင်ငံခြားသံတမန်တွေ တက်ရောက်ကြပါတယ်။ ဘိန်းစိမ်းကီလို (၁၅၀) ဘိန်းဖြူကီလို (၈၀၀) ကျော်နဲ့ စိတ်ကြွဆေးပြား (၇) သန်းနီးပါးကို မီးရှို့ဖျက်ဆီးပစ်တဲ့ လုပ်ရိုးလုပ်စဉ် အခမ်းအနား ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးတိုက်ဖျက်ရေး အစီရင်ခံစာမှာတော့ ဒုတိယ ဘိန်းအများဆုံးထွက်တဲ့နေရာဟာ မြန်မာပြည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဘိန်းမဲ့ဒေသ အကောင်ထည်ဖော်ရေးကို အဓိကထားတဲ့အတွက် ဝ နယ်မြေမှာ ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားပေမယ့် ၂၀၀၇ ခုနှစ်ကစပြီး ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု တိုးပွားလာတယ်လို့ ဆိုပါတယ်။ ရာသီဥတုကောင်းမွန်ပြီး စိုက်ပျိုးရေးနည်းသစ်တွေကြောင့် ဘိန်းထုတ်လုပ်မှု (၃၀) ရာခိုင်းနှုန်းလောက် တိုးပွားလာပါတယ်။ ဘိန်းဈေးတိုးမြင့်လာတာဟာလည်း ဘိန်းစိုက်ပျိုးမှုကို အားသစ်လောင်းသလို ဖြစ်နေပါတယ်။ ဘိန်းစိုက်တဲ့ လယ်သမားတွေရဲ့ နေထိုင်မှု စရိတ်တဝက်လောက်ဟာ ဘိန်းရောင်းလို့ရတဲ့ငွေ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်တပြည်လုံး အတိုင်းအတာနဲ့ကြည့်ရင် လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်းမှာ ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းလာတယ်လိုပ သိရပါတယ်။ တချိန်တည်းမှာပဲ စိတ်ကြွဆေးမျိုးစုံ ထုတ်လုပ်မှုဟာ အရှိန်အဟုန်နဲ့ ထိုးတက်သွားတာ တွေ့ရပါတယ်။ ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အုပ်စုတွေ တိုက်ကျခိုက်ကျမယ်ဆိုရင် မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှု များပြားလာဖွယ်ရှိတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးနဲ့ မူခင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မူးယစ်ဆေးထုတ်တဲ့ အလုပ်ရုံတွေ နယ်စပ်ဒေသကို ရွှေ့ပြောင်းဖွယ်ရှိတဲ့အတွက် နယ်စပ်ဒေသမှာ မူးယစ်ဆေးရောင်းဝယ်မှု ပိုများလာဖွယ်ရှိပါတယ်။ ယာဘ (ခေါ်) မြင်းဆေး (ခေါ်) စိတ်ကြွဆေးကို ရှမ်းပြည်နယ် ကိုးကန့် နဲ့ ဝ ဒေသမှာ ထုတ်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ စစ်ဖြစ်တဲ့အတွက် မူးယစ်ဆေး ပိုမိုထုတ်လုပ်ရောင်းချပြီး စစ်စရိတ်ရှာတဲ့ သဘောဖြစ်နေပါတယ်။

၁၉၉၉ ခုနှစ်က စပြီး မူးယစ်ဆေး တိုက်ဖျက်ရေး (၁၅) နှစ်စီမံကိန်းချပြီး ဗမာစစ်အစိုးရ လုပ်ကိုင်ပုံကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာန မူးယစ်ဆေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီ စီမံကိန်းပြီးဆုံးဖို့ (၄) နှစ်ကျော် လိုပါသေးတယ်။ မူးယစ်ဆေး ပြဿနာဟာ ဗမာအစိုးရတဦးတည်း ဖြေရှင်းနိုင်တဲ့ကိစ္စ မဟုတ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးတွဲလုပ်ကိုင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဥပမာ ဝ ဒေသစီမံကိန်းမှာ ဘိန်းအစားထိုး စိုက်ပျိုးဖို့ ကုလသမဂ္ဂဌာနက ဦးစီးဆောင်ရွက်ပါတယ်။ ဂျာမဏီ၊ ဂျပန်၊ အင်္ဂလန် နဲ့ သြစတေးလျ အစိုးရကလည်း ရန်ပုံငွေထည့်ပါတယ်။ အစပိုင်းမှာ အမေရိကန်က ထောက်ပံ့ပေးမယ် ဝ ခေါင်းဆောင်တွေကို စွဲချက်တင်ပြီး နောက်ပိုင်းမှာ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

အမေရိကန်အစိုးရ စွဲချက်တင်ထားတဲ့ ဝ ခေါင်းဆောင် (၇) ဦးကို ဗမာစစ်အစိုးရက အရေးယူခြင်း မရှိပါဘူး။ အောက်ပိုင်းအဆင့်က ဝ အဖွဲ့အချို့ကို မူးယစ်ဆေးအမှုနဲ့ အရေးယူတာလောက်ပဲ ရှိပါတယ်။ မူးယစ်ဆေးအမှုမှာ ပါဝင်သူပေါင်း နှစ်ထောင်ကျော်ကို ဖမ်းဆီးအရေးယူတယ်လို့ ဗမာစစ်အစိုးရက ကြေညာပေမယ့် မူးယစ်ဆေးထုတ်လုပ်ရောင်းဝယ်မှုကတော့ ကျဆင်းသွားတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ တရားဥပဒေ မကြီးစိုးတဲ့အတွက် အဂတိလိုက်စားမှုဟာ ထမင်းစားရေသောက်သလို ဖြစ်နေပါတယ်။

နှစ်ဘက်မှာတော့ နအဖ စစ်မှုထမ်းများကိုယ်တိုင် ဘိန်းစိုက်နေကြောင်း ၂၀၀၇ ဇွန်လထုတ် သျှမ်းသံတော်ဆင့် သတင်းလွှာမှာ ဖော်ပြထားပါတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ဗိုလ်မှုးကြီးအဆင့်နဲ့ အထက်ကအရာရှိတွေကို အရေးမယူဘူးလို့ သိရပါတယ်။ ဘိန်းစိုက်သူကို ဆက်ကြေးကောက်ရုံနဲ့ အားမရလို့ ကိုယ်တိုင်စိုက်တာလည်း ရှိနေပါတယ်။ ဆီဆိုင်မြို့နယ်က စစ်သားမိသားစုတွေကလည်း ဘိန်းစိုက်ပျိုးတယ်လို့ သိရပါတယ်။ ဖယ်ခုံမြို့နယ်မှာ ဘိန်းစိုက်သူတွေဟာ စစ်ဗျူဟာ ကွပ်ကဲမှုဌာနချုပ်အောက်က တပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက် ရယူတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ အကြီးဆုံးကုမ္မဏီဟာ ဘိန်းမှောင်ခို လော်စစ်ဟန်နဲ့ သားဖြစ်သူ စတင်ဗင်လော် ပိုင်တဲ့ Asia World ကုမ္မဏီ ဖြစ်ပါတယ်။

XS
SM
MD
LG