သုံးရလွယ်ကူစေသည့် Link များ

ယီမင်ရှိ အမေရိကန်နဲ့ ဗြိတိန်သံရုံးများ ပိတ်


ယီမင်နိုင်ငံမှာရှိတဲ့ အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေကို တနင်္ဂနွေနေ့က ပိတ်လိုက်ကြပါတယ်။ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု ဆက်ရှိနေတဲ့အတွက် ပိတ်ရတာ ဖြစ်တယ်လို့ အမေရိကန် အစိုးရရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အကြံပေးအရာရှိက ဆိုပါတယ်။ ယီမင်အစိုးရရဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး အားကောင်းလာအောင် ထောက်ခံမယ်လို့ နိုင်ငံ ၂ နိုင်ငံလုံးက ကတိထားခဲ့ကြပြီးတဲ့နောက် အခုလို သံရုံးတွေ ပိတ်ခဲ့တာပါ။

ဒီသတင်းနဲ့ ပတ်သက်ပြီး ၀ါရှင်တန်က ဗွီအိုအေ သတင်းထောက် ပေါ်လာ ၀ုဖ်ဆင် (Paula Wolfson) နဲ့ ကိုင်ရိုမှာရှိတဲ့ ဗွီအိုအေ အရှေ့အလယ်ပိုင်းဗျူရိုက အဲလိဇဘက်သ် အားရော့တ် (Elizabeth Arrott) တို့က သတင်းဆောင်းပါး ပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

သံရုံးဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် သံရုံးကို ပိတ်ခဲ့ရတာ ဖြစ်ပါတယ်လို့ အိုဘားမား (Obama) အစိုးရ အကြမ်းဖက်ဝါဒ တန်ပြန်ချေမှုန်းရေး အကြံပေးအရာရှိ ဂျွန် ဘရန်နန် (John Brennan) က ပြောပါတယ်။

“အာရေဗျကျွန်းဆွယ်မှာ ရှိတဲ့ အယ်ကိုင်းဒါးအဖွဲ့က ကျနော်တို့သံရုံးနဲ့ ၀န်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် လက္ခဏာတွေ ရှိလာပါတယ်။ ဒါကြောင့် ကျနော်တို့ သံတမန်တွေနဲ့ သံရုံး တခြားဝန်ထမ်းတွေရဲ့ အသက်ကို စိုးရိမ်တဲ့အတွက် သံရုံးကို ပိတ်လိုက်တာ ဖြစ်ပါတယ်။” လို့ မစ္စတာ ဂျွန် ဘရန်နန်က ပြောသွားပါတယ်။

ခြိမ်းခြောက်မှုတွေဟာ အယ်ကိုင်းဒါးအဖွဲ့က လာတယ်လို့ အမေရိကန်သံရုံး အင်တာနက် စာမျက်နှာမှာလည်း ဆိုထားပါတယ်။ အမေရိကန်မှာ ခရစ္စမတ်နေ့က ဗုံးဖောက်ခွဲဖို့ ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့တဲ့ ကိစ္စနဲ့ အဲဒီ အယ်ကိုင်းဒါးအုပ်စုက ဆက်စပ်နေပါတယ်။

ဒီအမှုမှာ ဖမ်းဆီးထားသူ နိုင်ဂျီးရီးယား နိုင်ငံသားက သူဟာ ယီမင်က အယ်ကိုင်းဒါးနဲ့ ပတ်သက်တဲ့ အဖွဲ့မှာ လေ့ကျင့်သင်ကြားပေးတာကို ခံယူခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေကို ပြောပြခဲ့ပါတယ်။

အမေရိကန် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပီထရောက်စ် (David Petraeus) က ယီမင်နိုင်ငံရဲ့ မြို့တော်ကို သွားရောက်ခဲ့ပြီး သမ္မတ အလီ အဗ္ဗဒူလ်လာ ဆာလေး (Ali Abdullah Saleh) နဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ပြီးတဲ့ နောက်တရက်အကြာမှာ ခုလို သံရုံးတွေကို ပိတ်လိုက်ကြတာ ဖြစ်ပါတယ်။ ချွတ်ခြုံကျနေတဲ့ ယီမင်နိုင်ငံကို လုံခြုံရေး အကူအညီ ၂ ဆ တိုးပေးမယ်လို့ အာဖဂန်နစ္စတန်နဲ့ အီရတ်နိုင်ငံမှာ တိုက်နေတဲ့ အမေရိကန်ရဲ့ စစ်ပွဲတွေကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ပီထရောက်စ်က မကြာမီက ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ရုပ်မြင်သံကြား အစီအစဉ် NBC နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စစ်ပွဲမှာ ယီမင်ဟာ ရှေ့တန်းစစ်မျက်နှာ ဖြစ်လာမလားလို့ မေးတဲ့အခါ မစ္စတာ ဘရန်နန်က အခုလို ပြောပါတယ်။

“ဒီကိစ္စကို ကျနော်တို့ တော်တော် အဓိကထား စဉ်းစားခဲ့ပါတယ်။ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို တန်ပြန်ရာမှာ ယီမင်နိုင်ငံက လိုအပ်တဲ့ အထောက်အကူတွေနဲ့ လေ့ကျင့်သင်ကြားပေးတာတွေကို ကျနော်တို့က ဆက်လက်ပေးပါမယ်။”

ယီမင်မှာရှိတဲ့ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး ရဲတပ်ဖွဲ့ကို ထောက်ပံ့ရာမှာ အမေရိကန်နဲ့ ပူးပေါင်းမယ်လို့ ဗြိတိန်နိုင်ငံကလည်း ကြေညာခဲ့ပါတယ်။

ယီမင်နိုင်ငံ လုံခြုံရေးအတွက် နိုင်ငံတကာ ညီလာခံတခုကို ဒီလကုန်မှာ ကျင်းပဖို့လည်း စီစဉ်နေကြပါတယ်။ ယီမင် ကျေးလက်လူထုအတွက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ပိုပြီး ဖြစ်ပေါ်လာစေမယ်ဆိုရင် အဲဒီညီလာခံက အကျိုးရှိပါလိမ့်မယ်လို့ Yemen Post Newspaper အယ်ဒီတာ ဟာကင်မ် အယ်လ်မတ်စ်မာရီ (Hakim Almasmari) က ထင်မြင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုလည်း သူက စိုးရိမ်နေပါတယ်။

“အယ်ကိုင်းဒါးက အခု သိပ်ပြီး မခိုင်မာပါဘူး။ နောက်လိုက်ကလည်း စုစုပေါင်း ၄၀၀ မကျော်ပါဘူး။ ဒါပေမဲ့ ယီမင်ကို အမေရိကန်က တိုက်မယ်ဆိုရင်တော့ အယ်ကိုင်းဒါးက ခိုင်မာသထက် ခိုင်မာလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လေကြောင်းက တိုက်ခိုက်တဲ့အခါ အသက်ဆုံးရှုံးသွားကြမယ့် သူတွေရဲ့ မိသားစုတွေက အယ်ကိုင်းဒါးအဖွဲ့ထဲကို ၀င်ကြလိမ့်မယ်ဗျ။ ၀င်ချင်လို့ ၀င်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နဲ့ ယီမင်အစိုးရကို အဲဒီလို တိုက်ခိုက်မှုတွေအတွက် လက်စားချေချင်လို့ ၀င်ကြမှာ ဖြစ်ပါတယ်။”

အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုတွေက တိုးလာတာကြောင့်သာ မကဘဲ သီးခြား သူပုန်အုပ်စု ၂ စု ပုန်ကန်နေကြတာကြောင့်ပါ အခြေအနေက အရေးတကြီး လုပ်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။ ယီမင်နိုင်ငံကနေ ဖြစ်ပေါ်လာနေတဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီကြား ကွဲပြားမှု မရှိဘူးလို့ အမေရိကန်နိုင်ငံ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဝင်၊ ရီပတ်ဘလီကန် ပါတီဝင် လွှတ်တော်အမတ် ပီတာ ဟိုးခ်စထရာ (Peter Hoekstra) က ပြောပါတယ်။

“ကျနော်တို့အားလုံး အခု သဘောထား တူကြပါတယ်။ ကျရောက်လုလု အန္တရာယ်ကို ကျနော်တို့ အသိအမှတ် ပြုပါတယ်။ ကျနော်တို့ရဲ့ ထောက်လှမ်းရေး စွမ်းဆောင်နိုင်ရည်နဲ့ ထိုးစစ်စွမ်းရည်ကို တက်လာအောင် လုပ်ဖို့ ကျနော်တို့တွေက ပိုင်းဖြတ်ထားပြီးသားပါ။” လို့ သူက ပြောသွားပါတယ်။

ယီမင်မှာ လူဦးရေကလည်း များသထက် များလာနေပြီး အရင်းအမြစ်တွေကလည်း တတိတိနဲ့ ကုန်နေပြီ ဖြစ်တဲ့အတွက် ခြေလှမ်းကျဲကျဲ လှမ်းမယ်ဆိုရင် အစိုးရအဖို့ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားနိုင်တယ်လို့ အမေရိကန် စစ်ရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ယီမင်မှာရှိတဲ့ ဒေသခံ အယ်ကိုင်းဒါး အုပ်စုတွေက ၂၀၀၈ ခုနှစ်တုန်းက အမေရိကန်သံရုံး ၀င်ပေါက်အပြင်မှာ စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၉ ယောက် သေဆုံးခဲ့ရပါတယ်။ သေဆုံးကြသူတွေထဲမှာ အရပ်သားတွေ ပါသလို စစ်သွေးကြွတွေလည်း ပါခဲ့ပါတယ်။

ဆိုမာလီနိုင်ငံက မွတ်ဆလင် အစွန်းရောက်တွေက သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေကို ယီမင်ကို ပို့မယ်လို့ သောကြာနေ့က ပြောပါတယ်။ နိုင်ငံခြားက အစွန်းရောက်တွေ တိုင်းပြည်ထဲ ၀င်မလာအောင်၊ ၀င်လာရင်လည်း ထွက်သွားအောင် တိုက်မယ်လို့ ယီမင်ကလည်း အခိုင်အမာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG