သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်ကိစ္စ ဆွေးနွေးဖို့ မြန်မာအဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက်


ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား အချေအတင် အငြင်းပွားနေတဲ့ ရေပိုင်နက် ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတာမှာ တိုးတက်မှုတွေ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။ ပြဿနာဖြစ်နေတဲ့ ရေပိုင်နက်ကိစ္စကို ဆွေးနွေးဖို့ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာတဲ့အချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နှစ်နိုင်ငံ အချေအတင် အငြင်းပွားနေတဲ့ ဘင်္ဂလားပင်လယ်အော် အတွင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ အများအပြား ရှိတယ်လို့ ယုံကြည်ထားကြတဲ့ ရေပိုင်နက် ပြဿနာကို ဆွေးနွေးညှိနှိုင်းဖို့ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဒီကနေ့ညနေမှာပဲ ဒါကားမြို့ကို ရောက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“သူလာတဲ့ အဓိက အကြောင်းကတော့ နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေပိုင်နက် ပြဿနာအတွက် လုပ်ငန်းပိုင်းဆိုင်ရာ စည်းဝေးပွဲ ကျင်းပဖို့အတွက် ဖြစ်ပါတယ်။ ကျမတို့ နှစ်နိုင်ငံအကြားမှာ ပြဿနာရယ်လို့ ပြောစမှတ် ပြုလောက်စရာ မရှိပေမဲ့လည်း ဒါဟာ ပုံမှန် တွေ့ဆုံနေကျအတိုင်း ဆက်တွေ့နေကြတာပါ။”

အခုလို တွေ့ဆုံ ဆွေးနွေးပွဲတွေကို လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက စတင် ကျင်းပလာခဲ့တာဖြစ်ပြီး ဒါဟာ ၅ ြကိမ်မြောက် တွေ့ဆုံကြခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် တွေ့ဆုံဆွေးနွေးမှုတွေဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပြီး တိုးတက်မှုရှိတယ်လို့ အဲဒီ အရာရှိက ဆက်ပြောပါတယ်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြားမှာ ဒီလို ထိတွေ့ဆက်ဆံမှုတွေ ရှိနေတာဟာ ကောင်းတဲ့လက္ခဏာလို့ ကျမတို့ မြင်ပါတယ်။ အရင်က ဒီလို မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ တနှစ်လောက်က အစိုးရသစ် မတက်ခင်အထိ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ တနှစ်လောက်ကစပြီး အခြေအနေတွေ မြန်မြန်ဆန်ဆန် တိုးတက် ကောင်းမွန်လာပါတယ်။”

အခုလို နှစ်နိုင်ငံအကြား ရေပိုင်နက်ပြဿနာ အငြင်းပွားနေတဲ့ ကိစ္စကို ကုလသမဂ္ဂက ကိုင်တွယ် ဖြေရှင်းပေးဖို့ မြန်မာစစ်အစိုးရက တိုင်ကြားခဲ့တာနဲ့ ပတ်သက်လို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က စေ့စပ်ညှိနှိုင်းရေးမှူး ကုလသမဂ္ဂမှာ ခန့်ထားပြီး နှစ်ဘက် ပြေလည်နိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကတည်းက ဒီရေပိုင်နက် ပြဿနာကို ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ ကော်မတီမှာ မြန်မာဘက်က တောင်းဆိုခဲ့ပါတယ်။ ကျမတို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကလည်း လွန်ခဲ့တဲ့ ၂ လလောက်က ကုလသမဂ္ဂမှာ စေ့စပ်ညှိနှိုင်းရေးမှူး ခန့်ခဲ့ပါတယ်။ အခုလို ခန့်လိုက်ရတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက်တော့ အသစ်အဆန်းပါပဲ။”

အခုအငြင်းပွားနေတဲ့ ရေပိုင်နက် ပြဿနာကို နှစ်နိုင်ငံချင်း သီးခြားတွေ့ဆုံ ဆွေးနွေးတာအပြင် ကုလသမဂ္ဂမှာလည်း တခြားနိုင်ငံတွေရဲ့ အကူအညီနဲ့ နည်းလမ်း နှစ်သွယ်သုံးပြီး ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

စစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ဟာ လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်လောက်ကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားပြီး အဲဒီမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာပြည် ပြန်ပို့ရေးအတွက် ဆွေးနွေးခဲ့ပါသေးတယ်။ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုလ ၁၀ ရက်နေ့အထိ ရှိနေမှာဖြစ်ပြီး သူ့ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ဒီ ရေပိုင်နက် ပြဿနာကိုပဲ အဓိကထား ဆွေးနွေးမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG