သုံးရလွယ်ကူစေသည့် Link များ

အာဆီယံ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း


ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလနှောင်းပိုင်းက ကျင်းပသွားခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံ (ASEAN Summit) မှာ ဒေသဆိုင်ရာ စီးပွားရေးအခြေခံတွေ ခိုင်မာအောင် ပိုမိုပူးတွဲဆောင်ရွက်ဖို့ လိုအပ်တာကို ခေါင်းဆောင်တွေက အသိအမှတ်ပြုသွားပါတယ်။ စီးပွားရေး အခြေခံစီမံကိန်းတွေထဲမှာ အာဆီယံဓါတ်ငွေ့ပိုက်လိုင်းစနစ် တည်ဆောက်ရေးလည်း ပါဝင်နေပါတယ်။ မလေးရှား-စင်္ကာပူ ဓါတ်ငွေ့ပိုက်လိုင်း ၁၉၉၁ ခုနှစ်မှာ စတင်အသုံးပြုချိန်ကစပြီး မြန်မာ-ထိုင်း ရတနာ (၁၉၉၉) နဲ့ ရဲတံခွန် (၂၀၀၀) ပိုက်လိုင်းများ၊ အင်ဒိုနီးရှား-စင်္ကာပူ (၂၀၀၁)၊ အင်ဒိုနီးရှား-မလေးရှား (၂၀၀၁)၊ မလေးရှား-ထိုင်း (၂၀၀၅)၊ အင်ဒိုနီးရှား-မလေးရှား-စင်္ကာပူ (၂၀၀၆) စတဲ့ နယ်ခြားဖြတ်ဓါတ်ငွေ့ ပိုက်လိုင်းတွေ တည်ဆောက်ခဲ့ပါတယ်။

အင်ဒိုနီးရှား-ထိုင်း၊ အင်ဒိုနီးရှား-မလေးရှား-ဖိလစ်ပိုင်း၊ မလေးရှား-ထိုင်း-ဗီယက်နမ်၊ မြန်မာ-စင်္ကာပူ စတဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ လာမယ့်နှစ် အနည်းငယ်အတွင်း ပြီးစီးတော့မှာမို့ အာဆီယံအဖွဲ့မှာ နယ်ခြားဓါတ်ငွေ့ပိုက်လိုင်း (၁၀) ခု လောက်ရှိလာနိုင်ပါတယ်။ အာဆီယံဒေသမှာ ဓါတ်ငွေ့ အလုံအလောက် မထုတ်လုပ်နိုင်ဘူးဆိုရင် ထိုင်း-စင်္ကာပူ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေဟာ လောင်စာစွမ်းအင် မလုံလောက်တဲ့ ပြဿနာကြုံတွေ့နိုင်တယ်လို့ ၂၀၀၀ ခုနှစ်ကတည်းက ခန့်မှန်းခဲ့ကြပါတယ်။

သဘာဝဓါတ်ငွေ့ကို လောင်စာစွမ်းအင်အဖြစ် အသုံးပြုတာဟာ သဘာဝပတ်ဝန်ကျင်ကို ထိခိုက်မှု နည်းပါးကြောင်း သိရပါတယ်။ သဘာဝဓါတ်ငွေ့ဟာ ကာဘွန်ဒိုင်အောက်ဆိုဒ် လို ဓါတုအညစ်အကြေး နည်းပါးပါတယ်။ ရေနံထက် (၃၀) ရာခိုင်နှုန်း၊ ကျောက်မီးသွေးထက် (၅၀) ရာခိုင်နှုန်း ကာဘွန်ဒိုင်အောက်ဆိုဒ် အထွက်နည်းပါတယ်။ ဈေးနှုန်းမှန်ကန်စွာ သတ်မှတ်နိုင်မယ်ဆိုရင် အာဆီယံဓါတ်ငွေ့ပိုက်လိုင်း စနစ်ဟာ ဈေးသက်သာပြီး အညစ်အကြေးကင်းတဲ့ လောင်စာစွမ်းအင်စနစ် ဖြစ်လာနိုင်ပါတယ်။ အာဆီယံ ဓါတ်ငွေ့ပိုက်လိုင်းစနစ်ကို တည်ဆောက်နိုင်ရင် ပါးရှားပင်လယ်ကွေ့ (Persian Gulf) က ရေနံတင်သွင်းတာထက် ပိုပြီး စီးပွားရေးတွက်ခြေကိုက်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အာဆီယံဒေသမှာ ဓါတ်ငွေ့ပိုက်လိုင်း ဆက်သွယ်မှုတွေ များလာလေလေ သဘာဝအန္တရာယ်နဲ့ အဖျက်သမား အန္တရာယ်ကလည်း များလာလေလေဖြစ်ပါတယ်။ အာဆီယံလောင်စာစွမ်းအင်မှာ (၆၀) ရာခိုင်နှုန်းဟာ သဘာဝဓါတ်ငွေ့ဖြစ်ပြီး အသုံးများတာကြောင့် ဓါတ်ငွေ့ပိုက်လိုင်းဟာ အာဆီယံဒေသရဲ့  အရေးကြီးတဲ့ စီးပွားရေးအခြေခံတခု ဖြစ်လာပါတယ်။ ကုန်တွင်းပိုက်လိုင်းဟာ ရေအောက်ပိုက်လိုင်းထက်ပိုပြီး အန္တရာယ်များပါတယ်။ ဒါပေမမဲ့ အခုအချိန်အထိတော့ သဘာဝဓါတ်ငွေ့ ထုတ်ယူမှုကိုသာ အာရုံစိုက်နေကြတာများပြီး အန္တရာယ်ကာကွယ်ရေးကို ဦးစားမပေးကြသေးပါဘူး။ မလေးရှား နဲ့ အင်ဒိုနီးရှားကို ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ဆက်ထားတဲ့ စင်္ကာပူမြို့ မှာ ၂၀၀၄ ခုနှစ် ဇွန်လ (၂၉) ရက်နေ့က အိမ်ပေါင်း (၁) သန်းကျော်ဟာ (၂) နာရီကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါကြောင့် အရေးကြီးတဲ့ စွမ်းအင်အခြေခံကာကွယ်ရေးကို စင်္ကာပူက ဦးစားပေးလုပ်ကိုင်လာတာ တွေ့ရပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ လျှပ်စစ်ဓါတ်အားစနစ်မှာ ကွန်ပြူတာ ဆက်သွယ်ရေးအတတ်ကို မဖြစ်မနေ သုံးစွဲနေရတဲ့အတွက် ကျွမ်းကျင်တဲ့ အဖျက်သမားက ဆိုင်ဘာစစ်ဆင်ရေး (cyber war) လုပ်ပြီး ထိန်းချုပ်ရေးစနစ်ကို တိုက်ခိုက်လာနိုင်ပါတယ်။ ဒါကြောင့် စင်္ကာပူ ဟာ မလေးရှား နဲ့ အင်ဒိုနီးရှား တို့အပြင် မြန်မာနဲ့ပါ ဓါတ်ငွေ့ပိုက်လိုင်းဆက်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကိုလံဘီယာ-အီရတ် နဲ့ နိုက်ဂျီးရီးယား မှာ မြေပေါ်ပိုက်လိုင်းကို ဗုံးခွဲတိုက်ခိုက်တာမျိုး လုပ်လေ့ရှိပါတယ်။ ဒါတင်မကသေးပါဘူး ငလျှင်လှုပ်မှု၊ မုန်တိုင်းတိုက်ခိုက်မှု စတဲ့ သဘာဝဘေးအန္တရာယ်များကြောင့်လည်း ပျက်စီးတတ်ပါတယ်။ ၂၀၀၀ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားမြေငလျှင်ကြောင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားတာဟာ ကယ်ဆယ်ရေးလုပ်ငန်းများကို ခက်ခဲစေခဲ့ပါတယ်။

နှစ်နိုင်ငံ နယ်ခြားဖြတ် ဓါတ်ငွေ့ပိုက်လိုင်းတွေ ဆောက်လုပ်နေကြပေမယ့် အာဆီယံ ဓါတ်ငွေ့ပိုက်လိုင်း ကွန်ချာကြီး တခုအနေနဲ့ ပေါ်ထွက်လာဖို့ ကိစ္စကတော့ စိတ်ကူးယဉ် အိပ်မက်အဆင့်ပဲ ရှိပါသေးတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အာဆီယံအဖွဲ့ဝင်ဖြစ်ပေမယ့် တဦးနဲ့တဦး အဆင့်အတန်းချင်း ကွာခြားလွန်တာကြောင့် အားလုံးသုံးစွဲနိုင်မယ့် အာဆီယံဓါတ်ငွေ့ပိုက်လိုင်းစနစ်ကို တည်ဆောက်နိုင်ဖို့ ခက်ခဲတယ်လို ဆိုပါတယ်။ လာအိုနိုင်ငံသားတဦးရဲ့  တနှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၅၀၀) ရှိပြီး စင်္ကာပူမြို့ သားတဦးရဲ့  တနှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၂၈၀၀၀) ရှိတယ်လို့ ၂၀၀၇ ကမ္ဘာ့ဘဏ်စာရင်းအရ သိရပါတယ်။

နိုင်ငံရေးစနစ်တွေကလည်း ကွဲပြားခြားနားကြပါတယ်။ ပဒေသရာဇ်စနစ်၊ စစ်အာဏာရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ အရေခြုံ ဒီမိုကရေစီစနစ်၊ ရွေးကောက်ပွဲ အာဏာရှင်စနစ် စသဖြင့် နိုင်ငံရေးစနစ်အမျိုးမျိုး ကျင့်သုံးတာကလည်း စီးပွားရေးပူးပေါင်းလုပ်ကိုင်ဖို့ ခက်ခဲနေရတဲ့အကြောင်း ဖြစ်ပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ မဲခေါင်ဒေသနိုင်ငံဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကဗ္ဘောဒီယား နဲ့ ဗီယက်နမ် (၅) နိုင်ငံကတစု၊ မလေးရှား၊ အင်ဒိုနီးရှားကို မှီခိုသူက တစု အုပ်စု နှစ်စု ပေါ်ပေါက်လာနိုင်ပါတယ်။ မြန်မာစစ်အစိုးရဟာ တရုတ် နဲ့ အိန္ဒိယကိုသာ ဓါတ်ငွေ့ရောင်းဖို့ ပိုပြီးစိတ်ဝင်စားပုံရပါတယ်။ သဘာဝဓါတ်ငွေ့ဟာ တနေ့ကုန်ခမ်းသွားမှာမို့ ဓါတ်ငွေ့ထွက်တုန်း ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးမှာဖြစ်တဲ့အတွက် အာဆီယံခေါင်းဆောင်တွေ ပြောလေ့ရှိတဲ့ အာဆီယံဓါတ်ငွေ့ ပိုက်လိုင်းစနစ်ဟာ လက်တွေ့ဖြစ်နိုင်ဖွယ် အလားအလာမရှိဘူးလို့ သုံးသပ်တင်ပြလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG