သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရ ရွေးကောက်ပွဲ အောက်တိုဘာလမှာ ကျင်းပမယ့် သတင်းထွက်


မြန်မာစစ်အစိုးရက ဒီနှစ်မှာ ပြုလုပ်မယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲတွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံက သတင်းစာကြီးတစောင်က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရ အကြီးတန်း အရာရှိတွေလည်း ရာထူးကထွက်ပြီး ပါဝင်နိုင်ဖို့ အခုလို နှစ်ကုန်ပိုင်းကို ရွေးချယ်ခဲ့တာ ဖြစ်တဲ့ အကြောင်းကိုလည်း ဂျပန်နိုင်ငံထုတ် အဆာဟိ ရှင်ဘွန်း သတင်းစာက စစ်အစိုးရနဲ့နီးစပ်သူ အသိုင်းအ၀န်းကို ကိုးကားပြီး မနေ့တုန်းကပဲ ဖော်ပြခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လာမယ့် ဧပြီလလောက်မှာ ထုတ်ပြန်ပြီး ရွေးကောက်ပွဲတွေကိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပပေးလိမ့်မယ်ဆိုပြီး အဆာဟိ ရှင်ဘွန်းရဲ့ အင်တာနက်သတင်းမှာ ဖော်ပြလိုက်တာပါ။ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကတော့ ဒီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ့်အကြောင်း ထည့်သွင်းပြောဆိုသွားပေမဲ့ အခုအချိန်အထိတော့ အစိုးရဘက်က နေ့ရက် အတိအကျကို တရားဝင် သတ်သတ်မှတ်မှတ် ထုတ်ပြန်တာမျိုး မရှိသေးတဲ့ အချိန်မှာ အခုလို ထူးထူးခြားခြား သတင်းထွက်ပေါ်လာတဲ့အတွက် မြန်မာ့အရေး လှုပ်ရှားနေသူတွေ၊ အကဲခတ်တွေကတော့ သတိထား စောင့်ကြည့်နေကြတာပါ။

ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုက ဆိုရင်လည်း ဒီသတင်း ထွက်ပေါ်လာတဲ့အတွက် မအံ့သြမိပေမဲ့ စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

“သူတို့ သတင်း အဲဒီကရလို့ ရေးတာတော့ အမှန်ပဲ။ စစ်အစိုးရဘက်က သတင်းထုတ်ပြန်ပေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်ထားတဲ့ အတိုင်းလည်း လုပ်ချင်မှ လုပ်တာဆိုတော့၊ ပြောရရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကြီးလုပ်တယ်၊ ပြီးတာနဲ့ ဘာလုပ်ပါမယ်၊ ညာလုပ်ပါမယ် ဆိုပြီးတော့ တရားဝင် ကြေညာပြီးတော့ မလုပ်ခဲ့ဘူးလေ။

“ဒါပေမဲ့ အခုလည်း သူတို့က သတင်းကတော့ ထုတ်ပေးပြီးတော့ ဒီသတင်းအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာနဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ တုံ့ပြန်ချက်က ဘယ်လိုရှိမလဲဆိုတဲ့ အပေါ်မှာ သူတို့ အချက်အလက် ကောက်တာလည်း မဖြစ်ဘူးလို့တော့ မပြောနိုင်ဘူး။ အဲဒါကြောင့် သူတို့ပေးတဲ့ သတင်းက အတိအကျပေးတယ် ဆိုတာ နိုင်ငံတကာ ကျေနပ်အောင်၊ ပြည်တွင်းက ပြည်သူတွေ ကျေနပ်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်လို့တော့ တွက်ဆလို့ ရပါတယ်။”

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲမှာလည်း အထက်နဲ့ အောက်လွှတ်တော် ၂ ရပ် ဖွဲ့စည်းပြီး အထက်လွှတ်တော်မှာ ကိုယ်စားလှယ် ၄၀၀ ကျော်၊ အောက်လွှတ်တော်မှာ ၂၀၀ ကျော် ပါဝင်မယ်၊ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကလည်းပဲ ပါတီတချို့ ဖွဲ့စည်းလိမ့်မယ် ဆိုပြီးတော့လည်း အဆာဟိ ရှင်ဘွန်း သတင်းစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ အခုလို မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ဒီနှစ်မှာ ကျင်းပပေးမယ် ဆိုပေမဲ့ အခုထိ သဲသဲကွဲကွဲ မသိနိုင်သေးတဲ့ အချိန်မှာ သတင်းအချက်အလက် အတိအကျတွေကို စစ်အစိုးရနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဖော်ပြလာနေတာဟာ ဂျပန်သတင်းလောကမှာ ဒါဟာ ပထမဆုံးတော့ မဟုတ်ဘူးလို့လည်း ဒေါက်တာမင်းညိုက ဆိုခဲ့တာပါ။

“အခုလို ရေးသွားတဲ့အထဲက ပြောရင်တော့ ဒါ အဆာဟိ သတင်းစာ တခုတည်းတင် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အပတ်တုန်းကဆိုရင် မိုင်အိနိချိက လေးမျက်နှာလောက်ထိတောင် ရေးသွားတယ်။ အသေးစိတ်ကို ရေးသွားပါတယ်။ ဆိုတော့ ဒီသတင်းက ဘာကြောင့် ဂျပန်ပြည်မှာ ဖြစ်နေရသလဲဆိုတော့ အခု ဂျပန်ပြည်မှာလည်း ဒီမိုကရက်တစ်ပါတီက အစိုးရသစ် ဖြစ်လာတယ်။ အမေရိကားမှာလည်း ဒီမိုကရက်တစ် အစိုးရ ဖြစ်လာတယ်။ ဖြစ်လာတော့ အိုဘားမားရဲ့ နိုင်ငံခြားရေး ၀ါဒက မြန်မာပြည်နဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အနေအထား ရှိတယ်။ ဒါပေမဲ့ သူတို့က Sanction ဆိုတာတော့ မပြောင်းဘူးပေါ့။

“ဆိုလိုချင်တာက အခုလို အသစ်တွေ ပြောင်းလာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ စစ်ခေါင်းဆောင်တွေ အနေနဲ့က သူတို့တွေ ဒါတွေ လုပ်ပေးပါမယ် ဆိုတဲ့ဟာကို ကတိဝန်ခံတာ ကျနော်တို့ ကြားနေရတယ်။ အထူးသဖြင့် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့တာတို့၊ ဂျပန်ဝန်ကြီးချုပ်နဲ့ စစ်အစိုးရရဲ့ ၀န်ကြီးချုပ်တို့ တွေ့တာတို့၊ ဂျပန်ပြည်လည်း လာသွားတယ်ဆိုတော့၊ ဒီအပေါ်မှာ မူတည်ပြီးတော့ စစ်အစိုးရဘက်ကတော့ ရွေးကောက်ပွဲကတော့ လုပ်ချင်နေတာ အမှန်ပဲလေ။”

ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးအကြိမ် အထွေထွေ ရွေးကောက်ပွဲတွေကိုတော့ ၁၉၉၀ ပြည့်နှစ်တုန်းက အဲဒီအချိန်မှာ အုပ်ချုပ်နေတဲ့ စစ်အစိုးရက ကျင်းပပေးခဲ့ဖူးပါတယ်။ ဒီရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲအများစုနဲ့ အနိုင်ရခဲ့ပေမဲ့လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG