သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဗဟိုအလုပ် အမှုဆောင် တိုးချဲ့ရေး ဆွေးနွေး


NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးရေ တိုးချဲ့ဖွဲ့စည်းဖို့ ဆွေးနွေးကြတဲ့ အစည်းအဝေးကို ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။ အသစ်တိုးချဲ့ ဖွဲ့စည်းတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာ ဘယ်သူတွေ ပါဝင်တယ်ဆိုတာ ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒီလို တိုးချဲ့ဖွဲ့စည်းတာဟာ မြန်မာစစ်အစိုးရက ကြေညာထားတဲ့ ဒီနှစ်လုပ်မယ့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပါတယ်။

ဒီနေ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပတယ်ကြားလို့ အဓိက ဘာအကြောင်းတွေ ဆွေးနွေးလဲ၊ ဘယ်လိုထူးခြားမှုတွေ ရှိလဲဆိုတာ ရှင်းပြပေးပါ။

“ဒီနေ့ကိစ္စကတော့ ကျနော်တို့ ပြောလို့မရသေးဘူး။”

ဒါဆိုရင် ပြောလို့ရသလောက်၊ ကျနော်တို့ သတင်းထုတ်ပြန်လို့ ရသလောက် အခြေအနေလေးတွေ ရှင်းပြပေးလို့ ရမလားခင်ဗျ။

“ရပါတယ်၊ CEC တိုးချဲ့ဖို့၊ နောက်တခုက Work Committee ဆိုတာ အလုပ်ကော်မတီတခု ဖွဲ့စည်းဖို့၊ ဒီဟာတွေက CEC အထောက်အကူ၊ အလုပ်အကူအဖွဲ့ ဖွဲ့ဖို့ အဲဒါတွေကို သဘောတူလိုက်တယ်၊ ဆုံးဖြတ်တယ်။ သို့သော် အဲဒါတွေကို ကြေညာချက်ထုတ်ဖို့၊ ကော်မရှင်ကို ရေးဖို့ စာတွေ အဲဒါတွေ လုပ်နေတယ်။ ပြီးရင် အဲဒါတွေကို ကော်မရှင်ကို မနက်ဖြန် သန်ဘက်ခါလောက် ပို့၊ ပို့ပြီးရင် တခါ သက်ဆိုင်ရာ နေပြည်တော်တို့ ဘာတို့ ပို့ရမယ်။ အသိပေးပြီး ရက်အတန်ကြာ စောင့်ပြီးတော့မှ တနင်္လာနေ့ကျမှ လုပ်နိုင်မယ်၊ အဲဒီလိုပဲ ပြောလို့ရပါတယ်။ အဲတော့ ကျနော်တို့ CEC ကိစ္စကို စဉ်းစား ဆုံးဖြတ်ကြတယ်လို့လည်း ပြောလို့ရပါတယ်။”

ဒီအစည်းအဝေး လုပ်ရတာက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြင်ဆင်စရာတွေ ရှိလို့ လုပ်ရတာလား။

“အဲလိုတော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲနဲ့ ဘာမှမဆိုင်ပါဘူး။ ကျနော်တို့ထဲမှာ လုပ်သင့်လုပ်ထိုက်တာ ကြာပြီလေ။ ကြာပြီဆိုပေမဲ့ ကျနော်တို့ ခေါင်းဆောင်တွေနဲ့လည်း မတွေ့ရတာ တနေ့ လွတ်နိုး လွတ်နိုးပေါ့။ လွတ်ရင် ခေါင်းဆောင်တွေ စုံညီ လွတ်ပြီးတော့မှပဲ ပြောကြဆိုကြ လုပ်ကြကိုင်ကြတာ ပိုကောင်းတယ်၊ ဒီလိုလည်း တွက်တာပေါ့ဗျာ။ အဲဒီလိုလုပ်ရင်းနဲ့ ဒေါ်စုကလည်း နေ့လွတ်မယ်၊ ညလွတ်မယ်နဲ့ နောက်ထပ်သာ ထောင်ကျသွားတယ်။ ဒါကတခု။

“နောက်တခုကလည်း ဦးအောင်ရွှေတို့ကိုလည်း စောင့်ရင်းစောင့်ရင်းနဲ့ ဦးအောင်ရွှေသာ တနေ့တခြား အိပ်ရာထဲ လဲသွားတဲ့ အနေအထားမျိုး၊ မလှုပ်နိုင် မရှားနိုင် ဖြစ်သွားတာမျိုး၊ ဦးတင်ဦးဆိုရင်လည်း ထောင်ကကို မလွတ်နိုင်ဘူး ဖြစ်နေတယ်။ အဲလိုဖြစ်တဲ့ အနေအထားတွေကြောင့် တဖြည်းဖြည်း ရွေ့လာတာကိုး။ အချိန်တန်ရင် လူသစ် အားသစ်လောင်းရမယ့် ဟာကတော့ ဒီသဘောထားလည်း ရှိတယ်၊ ပါတီက။

“သိတဲ့အတိုင်း စစ်တပ်လိုဟာမျိုးကတောင် အမြဲတမ်း တပ်မတော်သည် အစဉ်နုပျိုသော တပ်မတော် ဖြစ်စေရမယ် ဘာညာ ပြောနေတာ၊ ကျနော်တို့ဆီမှာ လူက အသက် ၉၀ ကျော်လူတွေ ရှိနေတယ်၊ ၈၀ ကျော် လူကြီးတွေ ရှိနေတယ်။ ၈၀ ကျော်တာ နည်းနည်းကျော်တာ မဟုတ်ဘူး။ ၉၀ နားကပ်နေတဲ့ လူကြီးတွေ ရှိနေတော့ ကျနော်တို့ ဒါ လုပ်ရမယ့် ကိစ္စပဲ။ အဲဒီ လုပ်ရမယ့် ကိစ္စတွေကို လုပ်မယ်ဆိုပြီးတော့ ချိတ်ဆက်လို့ရသလောက်၊ ခေါင်းဆောင်တွေလည်း အသိပေးလို့ ရသလောက်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အသိပေးကြ ပြုကြနဲ့ လုပ်ပြီးတော့ ကျနော်တို့ ဒါ စပြီး လုပ်လိုက်တာပါပဲ။

“လုပ်တယ်ဆိုတာလည်း ကျနော်တို့က သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြီးလည်း မလုပ်နိုင်ဘူး။ မဲပေးရွေးချယ်တာတို့ ဘာတို့ လုပ်တာမဟုတ်ဘူး။ ကျနော်တို့မှာ နဂိုကတည်းက CEC အထောက်အကူ အဖွဲ့ဆိုပြီးတော့ လူပေါင်း ၁၄ ယောက်ပါတဲ့ အဖွဲ့လေးတဖွဲ့ ဖွဲ့ထားတယ်။ ဒေါ်စုတို့ ထောင်မကျခင်ကတည်းက လုပ်နေတဲ့ ပုဂ္ဂိုလ်များပါတဲ့ အဖွဲ့ထဲက ၁၄ ယောက်ထဲကပဲ ၉ ယောက်ရွေးပြီး လုပ်တာပါပဲ။ Work Committee ဆိုတာလည်း အဲဒီ ကျန်ခဲ့တဲ့လူတွေနဲ့ ဆက်ပြီး Work Committee လုပ်တာပါပဲ။ ဆိုလိုတာကတော့ ဒီ ၁၄ ယောက်ကို သိမ်းသွင်းပြီးတော့ တာဝန်အသစ်တွေ ပေးတာ၊ အားသစ်လောင်းတာ ဒီသဘောပါပဲ။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG