သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ ပစိဖိတ်ဆိုင်ရာ အမေရိကန် မူဝါဒမိန့်ခွန်း ဝန်ကြီး ကလင်တန် ပြောမည်


ဟာဝိုင်ယီမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) နဲ့ ဒီနေ့ တွေ့ဆုံတဲ့အခါ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲချက်တွေကို အာရုံစိုက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဝန်ကြီး ကလင်တန်ရဲ့ အာရှ၊ ပစိဖိတ်နိုင်ငံ ခရီးစဉ်တွေမှာ သြစတြေးလျ၊ နယူးဇီလန်နဲ့ ပါပူဝါနယူးဂီနီ နိုင်ငံတို့ကို ပထမ သွားရောက်မှာ ဖြစ်ပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသမှာ အမေရိကန် ပြည်ထောင်စုရဲ့ အရေးအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အနှစ် ၅၀ ပြည့်ခဲ့ပြီမို့ ခေါင်းဆောင်တွေ တွေ့ဆုံကြတာ အရေးကြီးတယ်လို့ ဝန်ကြီး ကလင်တန်က မနေ့က ပြောပါတယ်။

အိုကီနာဝါကျွန်းမှာရှိတဲ့ ဖူတန်မာ (Futenma) အမေရိကန် လေတပ်စခန်း ဆက်လက်ထားရှိရေး ကိစ္စက ဂျပန်နဲ့ အမေရိကန်ကြား ဆက်ဆံရေးကို လွှမ်းမိုးနေခဲ့တာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က သဘောတူညီချက်အရ အမေရိကန် လေတပ်စခန်းကို အိုကီနာဝါကျွန်းရဲ့ လူနေထူထပ်တဲ့ မြို့ပြနေရာကနေ ကျွန်းရဲ့ လူနေကျဲတဲ့ အရပ်တွေကို ရွှေ့ပြောင်းဖို့အရေး ဂျပန်ဝန်ကြီးချုပ်သစ် ယူကီအို ဟတိုယမ (Yukio Hatoyama) က မေးခွန်းထုတ်နေတာ ဖြစ်ပါတယ်။

တချို့ ဂျပန် နိုင်ငံရေးပါတီတွေကတော့ အိုကီနာဝါကျွန်းကနေ အမေရိကန် တပ်စခန်းတွေ လုံး၀ ရွှေ့ပြောင်းပေးမယ့် အလားအလာကို မျှော်လင့်နေကြပါတယ်။

အိမ်ဖြူတော်ကတော့ မူလ အစီအစဉ်အတိုင်း ဆက်ပြီး စစ်တပ်တွေကို ထားစေလိုတဲ့ ဆန္ဒ ရှိနေပါတယ်။

အာရှ၊ ပစိဖိတ်ခရီးစဉ် စတင်ဖို့ စိုင်းပြင်းနေတဲ့ ဝန်ကြီး ကလင်တန်ကတော့ ဟာဝိုင်ယီမှာ ရောက်ရှိနေတုန်း အာရှနိုင်ငံတွေအပေါ် ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ လုံခြုံရေး မဟာဗျူဟာနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ မိန့်ခွန်းကို မကြာခင် ပြောကြားတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG