သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတို့ မြန်မာပြည်အကြောင်း ဆွေးနွေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဟာဝိုင်ယီပြည်နယ်မှာ တွေ့ဆုံကြတဲ့အခါ တခြား အာရှ ပစိဖိတ် ဒေသရေးရာ ကိစ္စရပ်တွေအပြင် မြန်မာပြည်အရေးကိုလည်း ထည့်သွင်း ဆွေးနွေးကြမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အာဖဂန်နစ္စတန်၊ အီရန်၊ မြောက်ကိုရီးယား အရေးတွေကို ဆွေးနွေးကြတဲ့အပြင် မြန်မာပြည်အရေးကိုလည်း ထည့်သွင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ သူ့ရဲ့ အာရှ ပစိဖိတ်ဒေသ ခရီးစဉ် ပထမ ခရီးတထောက်အဖြစ်နဲ့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) နဲ့ ဒေသတွင်းနဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးကြတဲ့အခါမှာ မြန်မာနိုင်ငံအကြောင်းလည်း ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ မနေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် ဂေါ်ဒွန် ဒူးဂွစ်ဒ် (Gordon Duguid) က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် စစ်အစိုးရက သူ့ရဲ့ နည်းဗျူဟာကို ပြောင်းလဲပြီး အတိုက်အခံတွေကို လက်ခံ စကားပြောလာအောင် ကျနော်တို့အနေနဲ့ စစ်အစိုးရနဲ့ ဘယ်လို စကားပြောနိုင်မလဲ၊ ဘယ်လိုထိတွေ့ ဆက်ဆံနိုင်မလဲဆိုတဲ့ ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ အသေးစိတ်အနေနဲ့ ပြောရမယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အနေနဲ့ ဘယ်လို ထောက်ပံ့ပေးသွားနိုင်လဲ ဆိုတဲ့ကိစ္စကို ဆွေးနွေးမှာပါ။”

နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်ဟာ အခုနှစ်အတွင်း စစ်အစိုးရက ကျင်းပပေးမယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲ ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးကောင်း ဆွေးနွေးဖြစ်မယ်လို့ မစ္စတာ ဂေါ်ဒွန် ဒူးဂွစ်ဒ်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီရဲ့ ခရီးမစခင် ရက်ပိုင်းအလိုလေးကလည်း မြန်မာနိုင်ငံကို မနှစ်က သွားရောက်ခဲ့တဲ့ အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ခရီးစဉ်မှာ ဆွေးနွေးမယ့် အကြောင်းတွေထဲ မြန်မာနိုင်ငံအကြောင်း ပါဝင်မယ့်အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံတွေကို အမေရိကန် အစိုးရက လက်ရှိ သံတမန်ရေးအရ ကြိုးပမ်း ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့လည်း တိုက်ရိုက် ဆွေးနွေးလိုတဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် မနှစ်က ကြေညာပြီးတဲ့နောက်ပိုင်း သမ္မတ အိုဘားမား အစိုးရက စစ်အစိုးရနဲ့တင် မကဘဲ အတိုက်အခံ အင်အားစုတွေနဲ့ပါ တိုက်ရိုက် ထိတွေ့ ဆက်ဆံလာခဲ့ပါတယ်။ အခုလို တိုက်ရိုက် ထိတွေ့ဆက်ဆံ လာတာကတော့ တဖက်မှာ အရင် အမေရိကန် အစိုးရတွေ ကျင့်သုံးခဲ့တဲ့ ပိတ်ဆို့အရေးယူမှု ဝါဒဟာ အလုပ်မဖြစ်ဘူးလို့ သမ္မတ အိုဘားမား အစိုးရက မြင်လာတာကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသားတွေ အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ ဒီမိုရေစီစနစ် ပေါ်ထွန်းလာရေး အမေရိကန် အစိုးရက ကြိုးစား လုပ်ဆောင်နေတာမှာ ဒေသတွင်း အရေးပါတဲ့ အင်အားစုတခုလည်းဖြစ်၊ စစ်အစိုးရ ကိုယ်တိုင်လည်း အဖွဲ့ဝင်ဖြစ်တဲ့ အာဆီယံလို အဖွဲ့အစည်းမျိုးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်း ဝန်ကြီး ကလင်တန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရအပေါ် အတိုင်းအတာ တခုထိ သြဇာသက်ရောက်မှုရှိတဲ့ တရုတ်နိုင်ငံနဲ့လည်း မြန်မာ့အရေးကို ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG