သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့အရေးမှာ ထိတွေ့ဆက်ဆံရေးမူသည် အကောင်းဆုံး


မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြောင်းလဲ ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟာ တိုးတက်မှုတွေ ပေါ်ပေါက်လာအောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က ပြောဆိုပါတယ်။ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းရဲ့ ညစာစားပွဲမှာ ထိုင်းဝန်ကြီးချုပ်ကို မနေ့က တွေ့ဆုံမေးမြန်းခဲ့တဲ့ ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးတာဟာ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ် တိုးတက်မှုတွေကို သူ့အနေနဲ့ ဆက်လက် စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းစာဆရာများ အသင်းက ကျင်းပတဲ့ ညစာစားပွဲမှာ အခုလို မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ချဉ်းကပ်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း သိသိသာသာ ပြောင်းလဲလာခဲ့ပြီး ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးဖို့ ပြောင်းလဲ စဉ်းစားလာခဲ့တဲ့အကြောင်း၊ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ အလုပ်မဖြစ်တဲ့အတွက် သူ့အနေနဲ့တော့ ထိတွေ့ ဆက်ဆံရေးမူကသာ တိုးတက်မှုတွေ ရှိမယ်လို့ ယုံကြည်ကြောင်း။” ထိုင်းဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရက ရုရှားနိုင်ငံကနေ MIG-29 တိုက်လေယာဉ်တွေ ၀ယ်ယူခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ရည်မှန်းချက်တွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတခု အနေနဲ့ ဘယ်လိုစိုးရိမ်မှုတွေ ရှိပါသလဲဆိုတဲ့ မေးခွန်းကိုတော့ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံအနေနဲ့ အရှေ့တောင်အာရှ ဒေသကို နျူကလီးယား လက်နက်မဲ့ဇုန် ဖြစ်အောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG