သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ


နေအိမ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်း တွေ့ဆုံမှုဟာ မိနစ် ၂၀ လောက် ကြာမြင့်တယ် ဆိုပေမဲ့ ဘာတွေ ဆွေးနွေးဖြစ်တယ်ဆိုတာ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

မြန်မာစစ်အစိုးရဘက်က ၂၀၀၇ ခုနှစ်မှာ ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်လိုက်ပြီးတဲ့နောက် တွေ့ဆုံ ဆွေးနွေးမှုတွေ ရံဖန်ရံခါဆိုသလို ရှိခဲ့ပေမဲ့ ဒီလို အကြိုသဘော တွေ့ဆုံမှုတွေကနေ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်အောင် ရှေ့ဆက်ဖို့ လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားတာပါ။

ဒီကနေ့ တွေ့ဆုံမှုဟာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပြု ပြောဆိုထားတဲ့ ဒီနှစ် ၂၀၁၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တာဝန်ရှိသူတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံစဉ် ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေးမယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ အစစ အရာရာ အစီအစဉ်အတိုင်း ရှိနေပါတယ်လို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တခဲနက် အနိုင်ရခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲတွေ နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပမှာလည်း ဖြစ်ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) တို့ကလည်း ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့ဟာ အာဆီယံတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတယ်လို့ ဒီကနေ့ပဲ ပြောဆိုလိုက်တဲ့အကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုးကားပြီး ကျိုဒို (Kyodo) သတင်းတရပ်က ဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG