သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီငလျင်ကြောင့် ပိတ်မိနေသူတွေ ကယ်နိုင်ဖို့ အချိန်နည်းလာပြီ


ဟေတီနိုင်ငံမှာ ငလျင်ဒဏ်ခံရသူတွေ အတွက် အရေးပေါ် လိုအပ်တဲ့ အကူအညီတွေပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းက အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၅၀ အကူအညီ ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မေတ္တာရပ်ခံလိုက်ပါတယ်။ ငလျင်ကြောင့် လူပေါင်း ၃,၀၀၀,၀၀၀ လောက် ဒုက္ခရောက်နေကြရပြီး သေဆုံးသူပေါင်း ၄၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ရှိလိမ့်မယ်လို့ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

အခုလောလောဆယ်မှာ အရေးအကြီးဆုံး အဓိက လိုအပ်နေတာတွေကတော့ သောက်ရေ၊ အစားအစာနဲ့ ရွက်ဖျင်တဲတွေ ဖြစ်တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ဗွီအိုအေ သတင်းထောက် မာဂရက် ဘက်ရှီးယား (Margaret Besheer) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အပျက်အစီးတွေကို ကိုယ်တိုင်ကြည့်ရှုဖို့အတွက် ရှေ့လာမယ့် သီတင်းပတ်မှာ ဟေတီနိုင်ငံဆီ သူသွားမယ်လို့ မစ္စတာဘန်က ပြောပါတယ်။

“ပို့တ် အို ပရင့်စ် (Port-au-Prince) မြို့တော်နဲ့ ငလျင်ဒဏ်သင့် တခြားဒေသတွေမှာ အခြေခံ အဆောက်အဦးတွေ အကြီးအကျယ် ပျက်စီးသွားတာကို ကျနော်တို့ရဲ့ ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ရဲ့ ကနဦး ခန့်မှန်းချက်တွေအရ သိရပါတယ်။ အဆိုးရွားဆုံး ပျက်စီးခဲ့တဲ့ ဒေသတွေမှာ အဆောက်အဦး ၅၀% ထိ ဖျက်ဆီးခံလိုက်ရပါတယ်။”

အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီး နာရီပေါင်း ၇၂ နာရီနီးပါး ကြာပြီးတဲ့အထိ မြို့တော်မှာ နေထိုင်သူ ၃,၀၀၀,၀၀၀ လောက်ဟာ စားစရာမရှိ၊ သောက်ရေမရှိ၊ နေစရာမရှိ၊ လျှပ်စစ်မီးမရှိ ဖြစ်နေကြရတယ်လို့ မစ္စတာဘန်က ပြောပါတယ်။ အဲဒီ ချက်ချင်း လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးဖို့အတွက် ဒေါ်လာသန်းပေါင်း ၅၅၀ ထောက်ပံ့ကြပါလို့ နိုင်ငံတကာ အသိုက်အဝန်းကို သူက မေတ္တာရပ်ခံနေတာပါ။

အပျက်အစီးပုံတွေ အောက်မှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ရှိနေတဲ့ အခွင့်အရေးလေးက ကုန်ဆုံးသွားဖို့ နီးလာနေပါပြီ။ ဒါပေမဲ့လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်ပြီး ဆက်လုပ်နေပါတယ်လို့ မစ္စတာဘန်က ပြောပါတယ်။ အကူအညီပစ္စည်းတွေ ဖြန့်ဝေတဲ့ ကိစ္စကိုလည်း ကုလသမဂ္ဂက ညှိနှိုင်းဆောင်ရွက် ပေးနေပေမဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ လေဆိပ်မှာ လုပ်ငန်းအပြည့်အ၀ မလုပ်နိုင်တာတွေက အကူအညီတွေ ဖြန့်ဝေဖို့ရာမှာ နှေးကွေးနေရပါတယ်။

“လူသားဘေးဒုက္ခဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းကြီးကို အခု စတင် လုပ်ဆောင်နေပါပြီ။ ကျနော်တို့ ဖြစ်စေချင်တဲ့ နှုန်းထက် နှေးကွေးပြီး ခက်ခဲလှပေမဲ့ ကျနော်တို့ တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် အရင်းအမြစ်အားလုံးကို စုစည်း လုပ်ဆောင်နေပါတယ်။”

အကူအညီတွေ ဖြန့်ဝေတဲ့ ကိစ္စကို အဓိက လုပ်ဆောင်ပေးနေတာကတော့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ပဲ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာ စပြီး လူ ၈,၀၀၀ ကို WFP က အစားအစာတွေ ကျွေးမွေးနေပါပြီ။ အဲဒီလူအရေအတွက်ဟာ သီတင်းနှစ်ပတ်အတွင်း ၁,၀၀၀,၀၀၀ ထိ တိုးသွားပြီး တလအတွင်းမှာ ၂,၀၀၀,၀၀၀ ထိ ရောက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

ချက်ပြုတ်မစားနိုင်တဲ့ လူတွေအတွက် အရေးပေါ် အစားအစာတွေနဲ့ အဆင်သင့် စားနိုင်တဲ့ အစားအစာတွေကို WFP က အချိုးကျ ဝေပေးနေပြီလို့ WFP ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အမ်မီလီယာ ကပ်စ်လာ (Emilia Casella) က ပြောပါတယ်။

“WFP က အခုလုပ်ဖို့ ပြင်ဆင်နေတာကတော့ လူ ၂,၀၀၀,၀၀၀ ကို အကူအညီတွေ ပေးနိုင်ဖို့ပါ။ နေ့စဉ်ပေးနိုင်မယ့် အချိုးကျ အစားအစာ အကူအညီ အရေအတွက် ၁၄,၀၀၀,၀၀၀ အထိပါတဲ့ အရေးပေါ် အစီအစဉ်တခုကို လုပ်မှာပါ။ အဲဒီအရေအတွက်ဟာ လူ ၂,၀၀၀,၀၀၀ ကို ရက် ၃၀ လောက်အထိ ကျွေးထားနိုင်ပါတယ်။”

ဟေတီမြို့တော်က လမ်းတွေမှာ လူသေအလောင်းတွေ ပြန့်ကျဲနေပြီး သေဆုံးသူ စုစုပေါင်း အရေအတွက်ဟာ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကြက်ခြေနီ တာဝန်ရှိသူတွေကတော့ လူ ၄၅,၀၀၀ ကနေ ၅၀,၀၀၀ ထိ သေဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။ ကြာသပတေးနေ့တုန်းက လူသေအလောင်း ၉,၀၀၀ ကျော် ကောက်ယူခဲ့ပြီး ဒီကနေ့မှာ ဆက်လုပ်နေတယ်လို့ လူသားဘေးဒုက္ခ အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ ဂျွန် ဟုမ်းလ်မ်စ် (John Holmes) က ပြောပါတယ်။

ဟေတီနိုင်ငံမှာ ကုလသမဂ္ဂ ဝန်ထမ်းအင်အား အများအပြား ရှိပါတယ်။ ပျောက်ဆုံးနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ထည့်သွင်းတွက်ချက်လို့ ရပြီဆိုရင်တော့ ဝန်ထမ်းအရေအတွက် အများဆုံး ဆုံးရှုံးရတဲ့ ပထမဆုံးဖြစ်ရပ် ဖြစ်သွားဖွယ် ရှိပါတယ်။

အခုချိန်ထိဆိုရင် ကုလသမဂ္ဂ ဝန်ထမ်း ၃၇ ယောက် သေဆုံးသွားတယ်ဆိုတာ အတည်ပြုထားနိုင်ပြီးပြီလို့ မစ္စတာဘန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆီယာကီး (Martin Nesirky) က ပြောပါတယ်။ ဝန်ထမ်းအယောက် ၁၀၀ လောက်ဟာ ဟေတီက ကုလသမဂ္ဂ ဌာနချုပ်ရှိတဲ့ ခရစ်စ်တိုဖာ (Christopher) ဟိုတယ် အပျက်အစီးပုံတွေ အောက်မှာ ပိတ်မိနေတယ်လို့ ယူဆကြပါတယ်။ တခြားဝန်ထမ်း အများအပြားကတော့ ဝန်ထမ်းအများစု နေထိုင်ရာ ပြိုကျပျက်စီးသွားတဲ့ မွန်တေနာ (Montana) ဟိုတယ် အပျက်အစီးပုံတွေ အောက်မှာ ပိတ်မိနေမယ်လို့ ယုံကြည်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG