သုံးရလွယ်ကူစေသည့် Link များ

ငလျင်ဒဏ်သင့် လူထုကို အမေရိကန် သမ္မတဟောင်းတွေ ပူးပေါင်းကူညီမည်


ငလျင်ဒဏ်သင့် ဟေတီနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ ပူးပေါင်းလုပ်ဆောင်ဖို့ အမေရိကန် သမ္မတ အိုဘားမား (Obama) က သမ္မတဟောင်း ၂ ဦးဖြစ်တဲ့ ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W. Bush)၊ ဘီလ် ကလင်တန် (Bill Clinton) တို့နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စုဟာ ဟေတီပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားရာ ရောက်ပါတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ရီပတ်ဘလီကန် တဦးဖြစ်တဲ့ သမ္မတဟောင်း ဘုရှ်က ဒီမိုကရက် သမ္မတဟောင်းဖြစ်တဲ့ ကလင်တန်နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး အမေရိကန် ပြည်သူတွေရဲ့ စေတနာနဲ့ မေတ္တာကို အကောင်အထည် ဖော်ပေးဖို့ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

မစ္စတာကလင်တန်ကလည်း ဟေတီပြည်သူတွေ ဒီအတိတ်ဆိုးကြီးကို ထားခဲ့နိုင်ပြီး ပိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် ရေရှည် ကူညီသွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။ သမ္မတဟောင်း ၂ ဦးဟာ ကလင်တန်၊ ဘုရှ်၊ ဟေတီ ရန်ပုံငွေအဖွဲ့ကို ထူထောင်ပြီး အလှူငွေတွေကို အွန်လိုင်းက တောင်းခံနေပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံတကာ အကူအညီတွေလည်း ဟေတီနိုင်ငံဆီကို ပိုပြီးတော့ ရောက်လာနေပါပြီ။ ဒီအကူအညီတွေ ဖြန့်ချိရေး အစီအစဉ် ချရာမှာ ပြဿနာတွေ ရှိနေကြောင်းတော့ အရာရှိတွေက ပြောပါတယ်။ အကူအညီ အများအပြား ဆိုက်ရောက်လာတဲ့ ပို့တ် အို ပရင့်စ် (Port-au-Prince) မြို့တော်က ပျက်စီးသွားတဲ့ အဓိကလေဆိပ်ကို အမေရိကန် စစ်တပ်က စီမံခန့်ခွဲနေပါတယ်။

ဒါပေမဲ့ နိုင်ငံခြားတိုင်းပြည်တွေ အလှူရှင်တွေဆီက ပို့လာတဲ့ အကူအညီ လေယာဉ်တွေ အားလုံး ဆိုက်ကပ်ဖို့က နေရာမရှိလို့ အခက်အခဲ ဖြစ်နေပါတယ်။ တချို့လေယာဉ်တွေဆို ပြန်ပြီး လှည့်ပြန်သွားရပါတယ်။

ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေလည်း ကယ်ဆယ်ရေးပစ္စည်းတွေ မြို့တော်တ၀ိုက်က ဒုက္ခသည်တွေဆီကို အချိန်မီ ရောက်ရှိဖို့အတွက် နေ့မအား၊ ညမအား လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့လည်း လမ်းတွေကပိတ်၊ ရတဲ့ပစ္စည်း၊ ရှိတဲ့လူနဲ့ လုပ်ကိုင်နေရတာမို့ ပစ္စည်းဖြန့်ဝေရေး လုပ်ငန်းတွေ ကြန့်ကြာနေရပါတယ်။

ပို့တ် အို ပရင့်စ်မြို့တော်ကို အပြိုအပျက်ပုံကြီးအဖြစ် အသွင်ပြောင်းသွားစေအောင် လုပ်ဆောင်ခဲ့တဲ့ ငလျင်ကြီး လှုပ်သွားတာ ၄ ရက် ကျော်သွားပေမဲ့ လူထောင်ပေါင်းများစွာကတော့ ဒဏ်ရာတွေ ဆေးကုသမှု မရ၊ အစားအသောက်၊ သောက်ရေသန့် မရှိဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

ထောက်ပံ့ရေး ပစ္စည်းတွေသာ အချိန်မီ မပေးဝေနိုင်ရင်တော့ လုံခြုံရေးမှာလည်း စိုးရိမ်ရပါတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG