သုံးရလွယ်ကူစေသည့် Link များ

ဟေတီ ကယ်ဆယ်ရေး လုပ်ငန်းတွေ အခက်အခဲများကြား ကြိုးပမ်းနေကြရ


ဒီကနေ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟေတီနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီးတော့ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို စစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်။ ငလျင်ဒဏ်သင့် ဟေတီနိုင်ငံဟာ အစဉ်အလာ မဟုတ်တဲ့ မမျှော်လင့်နိုင်အောင် အလွန်များပြားလှတဲ့ နိုင်ငံတကာ အကူအညီတွေကို ရရှိနေခဲ့တယ်လို့ ဘန်ကီမွန်းက ပြောဆိုခဲ့ပါတယ်။

မနေ့က ဟေတီကို ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဟေတီသမ္မတ ရန်းန် ပရီဗဲလ် (Rene Preval) ကို မြို့တော် ပို့တ် အို ပရင့်စ် (Port-au Prince) နိုင်ငံတကာ လေဆိပ်က ရွက်ဖျင်တဲတလုံးမှာ သွားရောက်တွေ့ဆုံပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဟေတီနိုင်ငံက ငလျင်ဒဏ်သင့် အသက်မသေ ကျန်ရစ်သူ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ တင်းမာမှုတွေ တိုးများလာနေပြီးတော့ ဒုက္ခသည်အချင်းချင်း တိုက်ခိုက်မှုတွေပါ ကြုံတွေ့နေကြရတာကြောင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေမှာ အခက်အခဲတွေ တွေ့နေကြရပါတယ်။

ဟေတီကို ကယ်ဆယ်ကူညီရေးမှာ နိုင်ငံခြား သံတမန်တွေကြား အချင်းများမှု တချို့ပါ ပေါ်ပေါက်လာမှု ရှိခဲ့ပါတယ်။ ဟေတီရဲ့မြို့တော် ပို့တ် အို ပရင့်စ်က နိုင်ငံတကာ လေဆိပ်မှာ လေယာဉ် အဆင်းအတက်တွေကို အမေရိကန်က ထိန်းချုပ်လုပ်ဆောင်နေတာဟာ လွန်လွန်းတယ်လို့ ပြင်သစ် သံတမန်တွေက ပြောဆိုနေပါတယ်။

ငလျင်ကြီးအပြီး ၅ ရက် ကြာလာတဲ့အထိ ဒုက္ခသည်တွေကို နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ရိက္ခာ၊ ရေနဲ့ ဆေးဝါးပစ္စည်းတွေ ဖြန့်ဖြူးရေး လုပ်ဆောင်နေတာမှာလည်း အဆင်မပြေမှုတွေ ကြုံနေကြရပါတယ်။ ဒုက္ခသည်တွေဟာ မြို့တော် ပို့တ် အို ပရင့်စ်ကို စွန့်ခွာပြီး မြို့ပြင်တွေကို လမ်းလျှောက် ထွက်ခွာလာနေကြပါတယ်။

မြို့တွင်းမှာ လုယက်မှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ကားလမ်းတွေဟာ အပျက်အစီးပုံတွေနဲ့ ပိတ်ဆို့နေတာကြောင့် ကူညီကယ်ဆယ်ရေး အဖွဲ့တွေရဲ့ သွားလာရေးတွေ ခရီးမတွင်ဘူး ဖြစ်နေကြပါတယ်။

မော်တော်ယာဉ်တွေအတွက် လောင်စာဆီ မလုံလောက်မှုတွေလည်း ရှိနေတာကြောင့် အမေရိကန်စစ်တပ် ရဟတ်ယာဉ်တွေက ရိက္ခာ၊ ဆေးဝါး၊ သောက်ရေ၊ အ၀တ်အစားနဲ့ စောင်တွေ ပါဝင်တဲ့ အထုပ်တွေကို ဒုက္ခသည်တွေကြားမှာ ပစ်ချပေးခြင်းနဲ့ ကူညီဆောင်ရွက် ပေးနေကြပါတယ်။

အခုအချိန်အထိ ငလျင်ကြောင့် ကွယ်လွန်သူတွေရဲ့ အလောင်းတွေ ၄၀,၀၀၀ လောက်ကို စုပေါင်းမြှုပ်နှံ သဂြုင်္ိဟ်ပြီးပြီလို့ ဟေတီအရာရှိတွေက ပြောဆိုကြပြီးတော့ ငလျင်ကြောင့် သေဆုံးသူ ၂၀၀,၀၀၀ လောက် ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG