သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု နှစ်ဘက် အပြီးသတ် လျှောက်လဲ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားတဲ့ အမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ရှေ့နေတွေက ပြင်ဆင်မှု လျှောက်လဲချက် တင်ပြချက်အပေါ် ဒီနေ့ ရန်ကုန် ဗဟိုတရားရုံးချုပ်မှာ ကြားနာ စစ်ဆေးခဲ့ပါတယ်။ အစိုးရဘက်က ရှေ့နေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး လျှောက်လဲချက်တွေ တင်ပြခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ဒီနေ့ ရန်ကုန်မြို့ တရားရုံးချုပ်က ကြားနာပွဲမှာ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့် မရပေမဲ့လည်း သူ့ရဲ့ ရှေ့နေကြီးတွေဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံခြား သံတမန်တချို့ တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အမှုအပြင် ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ရဲ့ အမှုတွေကိုပါ ကြားနာစစ်ဆေးခဲ့တယ်လို့ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“အန်ကယ်နဲ့ ဦးဉာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်အတွက် ဆောင်ရွက်တယ်။ နောက် ကိုလှမျိုးနဲ့ ဒေါ်ဌေးကြွယ်တို့က ခင်ခင်ဝင်းနဲ့ ဝင်းမမတို့အတွက် ဆောင်ရွက်တယ်။ အစိုးရဘက်က တက်တာတော့ ဥပဒေရုံးက ဒါရိုက်တာ ဒေါ်ခင်ချိုအုံးဆိုတာ သူက ဆောင်ရွက်ပေးတယ်။ အန်ကယ်တို့က စပြောတာပေါ့။

“စပြောတော့ အန်ကယ်တို့အားလုံး တရားရုံးကို တင်ပြ လျှောက်ထားတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရပ်ဆိုင်းသွားပြီ။ ဒါကြောင့် အဲဒီ ရပ်ဆိုင်းသွားတဲ့ ဥပဒေထဲက ပုဒ်မ ၅ ခုကို ထုတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူတာဟာ ဥပဒေနဲ့ မညီဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးတာဟာ ဥပဒေအတိုင်းဆိုရင် မမှန်ဘူးဆိုပြီး လျှောက်ထားတယ်။”

အစိုးရဘက်ကလည်း ဒီနေ့ ပြန်ပြောတယ်ဆိုတော့ သူတို့ဘက်က ဘာများ ပြောပါသလဲ။

“သူတို့ဘက်ကတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရပ်ဆိုင်းသွားပြီဆိုတဲ့ အချက်ကိုတော့ သူတို့က လက်ခံတယ်။ သို့သော်၊ အဲဒီမှာ သူတို့က သို့သော်လေး ခံတယ်၊ ရာနှုန်းပြည့် ရပ်ဆိုင်းသွားတယ်ဆိုတာ လက်မခံဘဲနဲ့ ခြွင်းချက်ကလေး ထားပြီးတော့ တည်ဆဲဥပဒေတွေမှာ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သက်ဆိုင်သော အပိုင်းတွေက တည်ရှိသေးတယ်ဆိုပြီး တင်ပြတယ်။”

ဆိုတော့ စစ်အစိုးရဘက်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာရော ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်မယ်ဆိုရင် တင်လို့ရတဲ့ ဥပဒေ အကြောင်းအရာတွေ ပါလားဆိုတာ သိချင်ပါတယ်။

“မပါဘူး။ မပါဘူးဆိုတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပတဲ့ နေ့ကျမှသာလျှင် အသက်ဝင် လှုပ်ရှားလာမယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဘက်ပိုင်းမှာ အရေးယူဖို့တို့ ဘာတု့ိဆိုတာ မရှိဘူး။”

ဒီနေ့ အန်ကယ်ဦးကြည်ဝင်းတို့ သွားပြီး လျှောက်လဲတဲ့အခါမှာ တင်ပြချင်တဲ့ အချက်တွေ အားလုံး တင်ပြခွင့်ရတယ်လို့ ယူဆပါသလား။ ကြားနာပွဲ အပေါ်မှာ ဘယ်လိုသဘောထားပါသလဲ၊ အားရကျေနပ်ပါသလား။

“တရားခွင်ကတော့ နည်းနည်းထူးခြားတာက ပြင်ဆင်မှုမှာ ခါတိုင်း တွေ့တာက တရားသူကြီးတယောက်ပဲ ကြားနာတယ်။ ဒီနေ့ကျတော့ ၂ ပါး လာထိုင်တယ်။ တော်တော်လေး အရေးပေးထားတဲ့ သဘော ရှိတယ်။ တရားသူကြီးက ဦးခင်မြင့်နဲ့ ဦးတင်အေး။ လူတော်တွေပါ။ တရားသူကြီးတွေထဲမှာ တော်တော်လေး မှန်မှန်ကန်ကန်လုပ်တဲ့ ပုဂ္ဂိုလ်တွေပါ။ အန်ကယ်တို့ကလည်း ဥပဒေက အန်ကယ်တို့ဘက်ကရှိတော့ မျှော်လင့်ချက် အများကြီးထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးချုပ်က အခုတပတ် မကုန်ခင် စီရင်ချက် ချနိုင်ဖွယ်ရှိတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားပေမဲ့လည်း တရားရုံးမှာ သက်ဆိုင်ရာက ဒီလို အတိအကျ မပြောခဲ့ဘူးလို့ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG