သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီမှာ အစားအစာနဲ့ရေ လေကြောင်းက စတင်ချပေး


နိုင်ငံတကာ ကူညီကယ်ဆယ်ရေး လေယာဉ်တွေ ဟေတီနိုင်ငံ ပို့တ် အို ပရင့်စ် (Port-au-Prince) လေဆိပ်ကို ဆင်းသက်ရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် အကူအညီတွေ လူထုဆီကို ထိထိရောက်ရောက် မဖြန့်ဖြူးနိုင်ဘဲ နှောင့်နှေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ရေတပ် ရဟတ်ယာဉ်တွေပေါ်ကနေ ရေနဲ့ စားစရာတွေကို စတင် ချပေးနေရပါပြီ။

ပို့တ် အို ပရင့်စ်က ဒုက္ခသည်တွေအတွက် ရေပုလင်းပေါင်း ၁၅,၀၀၀ နဲ့ အသင့်စားသုံးလို့ရတဲ့ ရိက္ခာခြောက် အထုပ် ၁၄,၀၀၀ ကို ဒီနေ့ ရဟတ်ယာဉ်ပေါ်ကနေ ကြဲပြီး ချပေးခဲ့ပါတယ်။

အမေရိကန် တပ်ဖွဲ့တွေဟာ ရဟတ်ယာဉ်တွေနဲ့ ပို့တ် အို ပရင့်စ်မှာရှိတဲ့ သမ္မတအိမ်တော်ဝင်းမှာ နေရာယူခဲ့ကြပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နိုင်ဖို့ စိုင်းပြင်းနေကြပါပြီ။

အမေရိကန် ပြည်ထောင်စုလိုပဲ တခြားနိုင်ငံတွေကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ အကူအညီတွေ ပေးနေကြပါပြီ။

ငလျင်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ အခုလို အရှိန်ရလာတာနဲ့အမျှ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဝင်ဦးရေ နောက်ထပ် ၃,၅၀၀ ထပ်တိုး စေလွှတ်နိုင်ရေးအတွက် လုံခြုံရေးကောင်စီမှာ ဒီနေ့ မဲပေးကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG