သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အမေရိကန် အဆုံးမဲ့ စိတ်ရှည်မည် မဟုတ်


အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ စိတ်ရှည်ရှည်ထားဖို့ လိုအပ်ပေမဲ့ အကန့်အသတ်မရှိ သည်းခံနေမှာ မဟုတ်ဘူးလို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောကြားလိုက်ပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးရုံး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကာ့တ် ကမ်းဘဲလ်က အဲဒီလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ပထမဦးဆုံး ပြောချင်တာက ကျနော်တို့ဟာ မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက် အပြန်အလှန် ဆက်သွယ်မှုတချို့ ရှိခဲ့ပါတယ်။ မကြာခင် နောက်ဆက်တွဲ ဆွေးနွေးပြောဆိုမှု တချို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုအခြေအနေမှာတော့ တွေ့ရတဲ့ အချက်တွေက နည်းနည်း ရောထွေးနေပါတယ်။ ကျနော်တို့က သေသေချာချာ စောင့်ကြည့်နေတာပါ။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရဘက်က အဆင့်မြင့် ဆက်သွယ်မှုတချို့ တွေ့ရပါတယ်။ တခြား ဖြစ်ထွန်းတိုးတက်မှု တချို့လည်း တွေ့ရပါတယ်။ ဒါပေမဲ့ အခြားတဘက်မှာတော့ စိုးရိမ်စရာတချို့ တွေ့ရပြန်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေနဲ့ ပဋိပက္ခတွေ ဆက်လက် ဖြစ်နေဆဲပါ။ တရားစွဲဆို ထောင်ချတဲ့ ကိစ္စမျိုးတွေလည်း ရှိနေပါတယ်။ အမေရိကန် နိုင်ငံသားတယောက်တောင် ဒီလို ရုံးတင် တရားစွဲဆို ခံနေရတဲ့ အထဲမှာ ပါဝင်နေပါတယ်။

“လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ အခြေအနေ သဲသဲကွဲကွဲ ဖြစ်လာဖို့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကျနော်တို့ အဖွဲ့တဖွဲ့လုံးက မျှော်လင့်နေတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ ပြဿနာကို ပြန်လည်သုံးသပ်ပြီး မူဝါဒ အသစ်တရပ်အဖြစ် ဦးစားပေး ဆောင်ရွက်ရာမှာ စိန်ခေါ်မှု အသစ်တွေ ရှိနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်ထားပါတယ်။

“ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမဲ့ ကျနော်တို့အဖို့ ဒါဟာ အဆုံးမရှိသော စိတ်ရှည်သည်းခံမှုမျိုး မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့်တချို့ တွေ့မြင်ဖို့ လိုကို လိုအပ်ပါတယ်။”

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ မြန်မာစစ်အစိုးရ ဝန်ကြီးတချို့နဲ့ အမေရိကန်မှာ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာပိုင်တွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့သူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG