သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၉ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ဆက်လက်ကျဆင်းခဲ့


မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သတ်မှတ် ကြေညာထားတဲ့ ၂၀၁၀ မတိုင်ခင် ၂၀၀၉ ခုနှစ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေ ဆက်လက် ဆိုးဝါးနေခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (Human Rights Watch) က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၂၀၁၀ နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ အဲဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ဖွဲ့စည်းခွင့် အပါအဝင် နိုင်ငံသားတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေကို မြန်မာစစ်အစိုးရက စနစ်တကျနဲ့ ပြည်သူတွေ မရအောင် လုပ်ထားတယ်၊ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော်တို့ဟာလည်း ဖမ်းဆီး ချုပ်နှောင်ခံနေကြရဆဲ ဖြစ်တယ်၊ သူတို့ကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီးထားတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ဆက်လက် ချမှတ်လိုက်တာဟာ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ အမှန်တကယ် ပါဝင်ခွင့် မပေးချင်လို့ ဖြစ်တယ်၊ ဒါ့အပြင် စစ်အစိုးရဟာ အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သာမန် အရပ်သားတွေနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Human Rights အဖွဲ့ကြီးဟာ အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေးတွေကို စောင့်ကြည့်လေ့လာပြီး နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန် သုံးသပ်တဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG