သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဖြစ်အောင် အယ်လ်ကိုင်းဒါး ဖန်တီးနိုင်


တောင်အာရှမှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံ ကြားမှာ စစ်ပွဲသစ်တွေ ဖြစ်ပွားအောင်လို့ အယ်လ်ကိုင်းဒါးနဲ့ သူနဲ့ အပေးအယူ လုပ်ထားတဲ့ အဖွဲ့တွေက ဆွပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က သတိပေးလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ နယူးဒေလီက ဗွီအိုအေ သတင်းထောက် စတိဗ် ဟားမန်း (Steve Herman) သတင်းပေးပို့ထားတာကို ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

အိန္ဒိယတိုက်ငယ်ဟာ အလွန် အန္တရာယ်ကြီးတဲ့ ဒေသလို့ အိန္ဒိယကို ရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဒီဒေသရဲ့ လုံခြုံရေး အခြေအနေကို ဗြောင်ကျကျပဲ ပြောဆိုသွားပါတယ်။ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ကြီးရဲ့ အောက်မှာ စနစ်တကျ အကြမ်းဖက် အဖွဲ့ခွဲတွေ ဖွဲ့ထားပြီး အဖွဲ့ခွဲတခုရဲ့ အောင်မြင်မှုဟာ တခြားအဖွဲ့ခွဲ တခုကိုလည်း ထပ်ပြီး အောင်မြင်မှု ပေးစွမ်းနိုင်အောင် လုပ်ဆောင်ထားကြတယ်လို့ ဝန်ကြီး ဂိတ်စ်က သတိပေးလိုက်ပါတယ်။

အယ်လ်ကိုင်းဒါးရဲ့ ရည်မှန်းချက်ကတော့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတွေမှာ နောက်ထပ် အကြမ်းဖက်မှုတွေ ပြုလုပ်ပြီး ဒီဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ပဲလို့ မစ္စတာဂိတ်စ်က ဆိုပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) အပါအဝင် အိန္ဒိယအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ၂၀၀၈ ခုနှစ်က ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေရဲ့ မွမ်ဘိုင်းမြို့ အတိုက်ခိုက်ခံရမှု အပေါ်မှာ အိန္ဒိယရဲ့ နိုင်ငံရေး အရည်အသွေးနဲ့ စိတ်ရှည်သည်းခံစွာ တုံ့ပြန်ဆောင်ရွက်တာကို ဝန်ကြီးဂိတ်စ်က ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့လည်း အိန္ဒိယဟာ အလားတူ တိုက်ခိုက်မှုမျိုးကို ထပ်ပြီးခံရရင် သည်းညည်းခံတော့မှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးဂိတ်စ်က အကြမ်းဖက်သမားတွေကို ရည်ညွှန်းပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“နောက်ထပ်တခါ တိုက်ခိုက်ရင်လည်း အိန္ဒိယက ဘာမှ တုံ့ပြန်မှာ မဟုတ်ဘူးလို့ အိန္ဒိယရဲ့ သည်းညည်းခံနိုင်မှု အတိုင်းအတာကို ခန့်မှန်းတွက်ချက်ရင်တော့ အကျိုးအကြောင်း မဆီလျော်ဘူးလို့ ကျနော် ထင်ပါတယ်။”

၂၀၀၈ ခုနှစ် နိုဝင်ဘာလက အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့မှာ ဟိုတယ်ကြီးတလုံးကို လက်ရှ်ကာ အီး တိုင်ဘာ (Lashkar-e-Taiba) အကြမ်းဖက် အဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၆၀ ကျော် သေဆုံးခဲ့ရပါတယ်။ အာဖဂန်နစ္စတန်က သူပုန်တွေကို တိုက်ခိုက်နေတဲ့ နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့တွေအတွက် အထောက်အကူဖြစ်အောင် အိန္ဒိယတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ကို စေလွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက လိုလားနေပါသလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ဝန်ကြီးဂိတ်စ်က …

“ဒီဒေသမှာ တခြားသော နောက်ပြဿနာတရပ် ရှိနေတယ်ဆိုတာကို ကျနော်တို့ ရိုးရိုးသားသား ကြည့်ကြရအောင်ပါ။ အာဖဂန်မှာ အကြမ်းဖက်အဖွဲ့တွေ လုပ်နေကြတာမျိုးကို အိန္ဒိယမှာရော ပါကစ္စတန်မှာပါ လုပ်လာနိုင်တဲ့ မသင်္ကာစရာ အချက်တွေ နှစ်နိုင်ငံစလုံးမှာ တကယ့်ကို ရှိနေတယ်လေဗျာ။” လို့ ပြောသွားပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် အစိုးရ နှစ်ရပ်စလုံးဟာ အာဖဂန်နစ္စတန်မှာရှိတဲ့ နှစ်နိုင်ငံစလုံးရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တနိုင်ငံနဲ့ တနိုင်ငံကြား သံသယတွေ မရှိရအောင် နှစ်နိုင်ငံကြားမှာ အပြည့်အ၀ ထင်သာမြင်သာရှိတဲ့ လှုပ်ရှားမှုတွေ ဖြစ်စေဖို့ ဝန်ကြီးဂိတ်စ်က နှစ်နိုင်ငံ အစိုးရတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

ဒါ့အပြင် အာဂဖန်နစ္စတန်မှာ လူသားချင်းစာနာမှု အကူအညီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူတွေ ပေးရေး၊ တချို့သော ကန့်သတ်နယ်မြေတွေမှာ အာဖဂန်နစ္စတန် တပ်ဖွဲ့တွေအပေါ် အိန္ဒိယနဲ့ ပါကစ္စတန်တို့က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပေးရေးကိုလည်း အလေးအနက်ထား စဉ်းစားသင့်တယ်လို့ ဝန်ကြီးဂိတ်စ်က ဆိုပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက အမေရိကန် သမ္မတ ဂျော့ချ်ဘုရှ် (George Bush) ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ရောဘတ် ဂိတ်စ်ဟာ အခု သမ္မတ အိုဘားမားရဲ့ အစိုးရထဲမှာလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်ပြီး ပါလာတဲ့အထိ အိန္ဒိယကို လာရောက်ခဲ့ဖူးခြင်း မရှိဘဲ အခုရောက်ရှိလာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သမ္မတ ဘုရှ် လက်ထက်မှာ အိန္ဒိယနဲ့ အမေရိကန်တို့ရဲ့ စစ်ဆေးဆက်ဆံမှုတွေ မမျှော်လင့်ဘဲ နွေးထွေးလာမှု အဆင့်တဆင့်ကို ရောက်ရှိလာခဲ့ကြပြီး အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က နောင်တက်လာမယ့် သမ္မတသစ်ရဲ့ အစိုးရလက်ထက်မှာ၊ တနည်းအားဖြင့် လက်ရှိသမ္မတ အိုဘားမား အစိုးရလက်ထက်မှာ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်မှုတွေ ချဲ့ထွင်ဖို့ ရည်မှန်းချက် ထားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG