သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO အမှုဆောင်ညွှန်မှူး မြန်မာနိုင်ငံတွင်း ကွင်းဆင်းလေ့လာ


ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် အမှုဆောင် ညွှန်ကြားရေးမှူး ကာရီ တာပီယိုလာ (Mr.Kari Tapiola) နဲ့ အဖွဲ့ဟာ မြန်မာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အခု မြန်မာနိုင်ငံထဲက အဓမ္မလုပ်အားပေး ခိုင်းစေမှု တိုင်ကြားထားတဲ့ ဒေသတွေဆီ သွားရောက်တာ အပါအဝင် စီစဉ်ထားတဲ့ သူ့ရဲ့ ခရီးစဉ်အတိုင်း ဆက်ပြီး လုပ်ဆောင်နေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ILO အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကယ်ရီ တာပီယိုလာနဲ့ အဖွဲ့ဟာ ဇန်နဝါရီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး တနင်္လာနေ့မှာတော့ နေပြည်တော်မှာရှိတဲ့ အလုပ်သမား ဝန်ကြီးဌာနမှာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ အဓမ္မလုပ်အား ခိုင်းစေမှု တိုင်ကြားချက်များဆိုင်ရာ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာအတွက် နောက်ထပ် တနှစ် သက်တမ်းတိုး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

မစ္စတာ တာပီယိုလာနဲ့အတူ ILO ရုံးက အလုပ်သမားရေးရာ စံများဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ်စ် ကာရင် ကားတစ်စ် (Ms. Karen Curtis)၊ ဥပဒေအရာရှိ မစ္စတာ ဒရာဇန် ပက်ထရိုဗစ် (Mr. Drazen Petrovic) နဲ့ ဌာနေ ILO ဆက်သွယ်ရေးအရာရှိ မစ္စတာ စတိဗ် မာရှဲလ် (Mr. Steve Marshall) တို့လည်း သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ မစ္စတာ တာပီယိုလာနဲ့ အဖွဲ့ဟာ နဂိုစီစဉ်ထားတဲ့ ခရီးစဉ်တွေအတိုင်း သွားရောက်နေတယ်လို့ မစ္စတာမာရှဲလ်က ပြောပါတယ်။

“မစ္စတာ တာပီယိုလာဟာ သူ့ခရီးစဉ်မှာ လုပ်ရမယ့် အလုပ်တွေကို ဆက်လုပ်နေပါတယ်။ ကျနော်တို့တွေလည်း သူနဲ့အတူ ဆောင်ရွက်နေတာပါ။ သူဟာ လူမျိုးစုံနဲ့ တွေ့ခဲ့သလို တွေ့ဆုံရတဲ့ အကြောင်းအရာကလည်း အမျိုးမျိုး ရှိနေပါတယ်။ ဒီအထဲက တချို့ဟာ အမှားမခံတာမျိုးပါ။ ဒါကြောင့် အခုအချိန်မှာ ဘာမှ ပြောလို့မရသေးပါဘူး။ သူ့ခရီးစဉ် အပြီးမှာတော့ သူ့ရဲ့ တွေ့ရှိချက်တွေကို ပြောပြပေးမှာပါ။” လို့ မစ္စတာ စတိဗ် မာရှဲလ်က ပြောသွားပါတယ်။

မစ္စတာ တာပီယိုလာဟာ နေပြည်တော်မှာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးတာ အပြင် မြန်မာအစိုးရ အဆင့်မြင့်အရာရှိ အတော်များများနဲ့ တွေ့ဆုံပြီး အဓမ္မလုပ်အား ခိုင်းစေမှု ဆိုင်ရာတွေ၊ ကလေးစစ်သား စုဆောင်းမှုဆိုင်ရာတွေ အပြင် ILO နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လွတ်လပ်တဲ့ အသင်းအပင်း ဖွဲ့စည်းမှုဆိုင်ရာ အရေးကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ ခရီးစဉ်မတိုင်ခင်က မစ္စတာမာရှဲလ်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူ့ခရီးစဉ်ထဲမှာ လူကုန်ကူးမှုဆိုင်ရာ အစည်းအဝေး ကျင်းပမယ့် ပုဂံမြို့နဲ့ ILO ကို တိုင်ကြားမှု ရှိနေတဲ့ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး အောင်လံမြို့ကိုလည်း သွားရောက်ဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အောင်လံမြို့က မြို့ခံတွေကို ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ အရင်က ILO ကို တိုင်ကြားခဲ့တဲ့ အတွက်ကြောင့် အကျဉ်းကျခံနေရသူတွေရဲ့ မိသားစုဝင်တွေကို ILO က လူကြီးတွေ ပါဝင်တဲ့အဖွဲ့က သွားရောက် တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

“ILO ကလူတွေ အောင်လံက စမ်းကလေးရွာဘက်မှာ လာသွားတယ်၊ ညနေ ၄ နာရီလောက်မှာ ပြန်သွားတယ်။ ကြားတာတော့ ရွာမှာရှိတဲ့ ILO ကို အရင်တုန်းက တိုင်ခဲ့တဲ့နောက်ပိုင်း ထောင်ကျသွားတဲ့ မိသားစုတွေနဲ့ တွေ့တယ်လို့လည်း ကြားတယ်။”

သရက်အကျဉ်းထောင်မှာ ILO ကို တိုင်ကြားမှုနဲ့ ဆက်နွယ်ပြီး အဖမ်းခံနေရသူ ၁၃ ဦး ရှိတယ်လို့ ILO ဌာနေကိုယ်စားလှယ် မစ္စတာမာရှဲလ်က ပြောကြားခဲ့ပါတယ်။ ဒီအထဲမှာ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ဦးဖိုးဖြူနဲ့ ILO ကို တိုင်ကြားရာမှာ ကူညီပေးခဲ့တဲ့ ကိုဇော်ဌေးတို့နဲ့အတူ အောင်လံနဲ့ နတ်မောက်ဒေသက တောင်သူလယ်သမားတွေပါ ပါဝင်နေပါတယ်။ ဒီ အကျဉ်းကျခံ နေရသူတွေထဲက တချို့ရဲ့ မိသားစုဝင်တွေကို ILO က သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG